ဇာမဏီ PDF ခေါင်းဆောင်အပါ သုံးဦးနဲ့ အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အခြေစိုက် ZARMANI Revolution Force - မြင်းမူ/မြောင် အဖွဲ့ခေါင်းဆောင် ကိုဇော်မိုး၊ တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးပြီး ၁၀ ရက်အကြာမှာပဲ သတ်ဖြတ်ခံလိုက်ရတယ်လို့ ZARMANI Revolution Force အဖွဲ့ဘက်က ပြောပါတယ်။

ကိုဇော်မိုး အပါအဝင် လေးဦးကို ဇွန်လ ၁ ရက်နေ့က မြောင်မြို့နယ်၊ ရွှေပေါက်ပင်ရွာ အနီးမှာ မြောင်မြိုနယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့တာလို့ ZARMANI Revolution Force မြင်းမူ/မြောင် ဒုတိယခေါင်းဆောင် ကိုဒိုးကြီးက RFA ကိုပြောပါတယ်။

"မြောင် ပလဖက ကင်းပုန်းဝပ်ပြီး သေနတ်နဲ့ပစ်ပြီးဖမ်းတာ၊ တစ်ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ ဖမ်းဆီးခံရပြီးတဲ့နောက် ကျွန်တော်တို့ ဆက်တိုက် ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ ဘာသတင်းမှမကြားရဘူး။ ဇွန်လ ၁၀ ရက်နေ့ကျမှ ကျွန်တော်တို့ခေါင်းဆောင်အပါအဝင် ဖမ်းဆီးထားတဲ့လေးဦးစလုံး သေဆုံးသွားတယ်ဆိုတာ သိရတယ်"

သေဆုံးသူတွေဟာ ZARMANI Revolution Force - မြင်းမူ/မြောင် အဖွဲ့ခေါင်းဆောင် အသက် ၄၀ အရွယ် ကိုဇော်မိုး၊ အဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုလှမျိုး၊ အသက် ၂၀ အရွယ် ကိုခန့်မင်းသာနဲ့ အသက် ၄၀ အရွယ် အရပ်သား ဦးစိုးဝင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြောင်မြို့နယ်၊ မရိုးကုန်းရွာက ကျေးရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ကိုဖိုးထောင်ကို ဇာမဏီတပ်ဖွဲ့ခေါင်းဆောင် ကိုဇော်မိုးက သတ်ဖြတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့တာလို့ သူကပြောပါတယ်။

မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ စခန်းမှူးတာဝန်ယူထားသူကတော့ ကိုဇော်မိုး အပါအဝင် လေးဦး သေဆုံးခဲ့မှုအတွက် အမှုတွဲတည်ဆောက်နေပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်ရုံးကို စာတင်ရမှာ ဖြစ်တာကြောင့် အသေးစိတ်မပြောနိုင်သေးဘူးလို့ RFA ကိုပြောပါတယ်။

စစ်ကိုင်းခရိုင်တပ်ရင်း (၁) ရဲ့ တပ်ရင်းမှူး ဗိုလ်ယက္ခကတော့ ဒီလိုဖမ်းဆီးထားသူတွေကို သေဆုံးစေတဲ့အထိ ဖြစ်ခဲ့တာဟာ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို ချိုးဖောက်တာလို့ RFA ကိုပြောပါတယ်။

"ဖမ်းခံထားရသူဟာ သူကိုယ်တိုင်ပြစ်မှုကျူးလွန်တယ်လို့ စစ်ဆေးပေါ်ပေါက်ရင် တရားရေးစီရင်ချက်အနေနဲ့ပဲ သွားရမှာပါ။ အခုက ဖမ်းတယ်။ သတ်လိုက်တယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်သင့်ပါဘူး”

ဒီလိုလုပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား ယုံကြည်မှုပျက်စီးစေတယ်လို့လည်း သူကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာမရှိသေးသလို ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်ကို RFA က စာရေးသားပေးပို့ မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

RFA ကသီးခြားပြုစုထားတဲ့စာရင်းအရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့အထိ လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ PDF တပ်ဖွဲ့ဝင်အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုကိစ္စ ငါးခုရှိခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ပါတယ်။