ပေါက်မြို့နယ် ဇီးပြားရွာရဲကင်းစခန်းတိုက်ပွဲမှာ PDF နှစ်ဆယ်ခန့် သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားရွာက စစ်ကောင်စီရဲကင်းစခန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် PDF နှစ်ဆယ်ဦးခန့် သေဆုံးသွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ပေါက်နဲ့ မြိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တွေ ပါဝင်ပြီး သေဆုံးသူတွေဟာ ဘယ်အဖွဲ့ဝင်တွေဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"အဲဒီမှာ သူတို့ ဇီးပြားစခန်းမှာ တိုက်ပွဲဖြစ်ကြတာလေ။ တိုက်ပွဲဖြစ်ပြီး နှစ်ရက်၊ သုံးရက်လောက်ကြာတော့ လေယာဉ်အကူလာပြီး ပစ်ခတ်သွားတာ။ ဒီဘက်လူတွေက ပြန်ဆုတ်တဲ့အဆုတ်မှာ ချောင်းပစ်ခံရတာ"

အဲဒီတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပိတ်မိနေသူတွေလည်း ပစ်သတ်ခံရလိုက်ရပြီး ဒီနေ့မှာလည်း အဲဒီမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ လာရောက်နေတယ်လို့ ပြောပါတယ်။

ဇီးပြားရွာက အဲဒီကင်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဦးခန့်နဲ့ ပျူစောထီးအဖွဲ့ဝင် ခြောက်ဆယ်ဦးခန့်ရှိတယ်လို့လည်း သူကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း ၁၅ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောဆိုပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရပုဂ္ဂိုလ် တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဇီးပြားရဲကင်းစခန်းတိုက်ပွဲမှာ PDF အဖွဲ့ဝင် ၂၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။