ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှူးကို ဌာနပြောင်းရွှေ့
2019.01.10

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ ဒေါက်တာ ထွန်းမင်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနကို ပြောင်းရွှေ့ လိုက်ပါတယ်။
သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနမှာ လစ်လပ်သွားတဲ့နေရာအတွက် ပါမောက္ခ ဒေါက်တာထွန်းမင်းကို အစားထိုး ပြောင်းရွှေ့လိုက်တာလို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက RFA ကို ပြောပါတယ်။
ဒေါက်တာထွန်းမင်းဟာ အစိုးရဝန်ထမ်းတွေကို ပြည်တွင်းငြိမ်းချမ်းရေး ရခိုင်ပြည်နယ်အရေးတွေနဲ့ ပတ်သက်လို့ ဝါဒမှိုင်းတိုက်သင်ကြားပို့ချတယ်ဆိုပြီး ဝေဖန်စွပ်စွဲချက်တွေကြောင့် ဇန်နဝါရီလ ၁ ရက် နေ့ကတည်းက အခုလိုဌာန ပြောင်းရွှေ့ခံရတာလို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က အတည်ပြုထားပါတယ်။
ဇီးပင်ကြီးမှာ သင်ကြားပို့ချချက်တွေနဲ့ပတ်သက်ပြီး သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာစိုးသူရဇော် က သူ့ရဲ့လူမှုကွန်ရက်ကနေ ဇီးပင်ကြီးစစ်တမ်းဆိုပြီး အပိုင်းသုံးပိုင်းခွဲပြီး တင်ထားရာမှာ နိုင်ငံရေး သိပ္ပံဘာသာရပ် ပို့ချချိန်မှာ တွေ့ကြုံခဲ့ရတာတွေကို ရေးသားဖော်ထုတ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သတင်းမီဒီယာတွေမှာလည်း ဒီကိစ္စအပေါ် ဝေဖန်ထောက်ပြမှုတွေရှိလာခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။