ဇီးဖြူကုန်း တိုက်နယ်ရဲစခန်းအနီးပစ်ခတ်မှု ရဲနှစ်ဦးအပါ လေးဦးသေဆုံး

RFA Burmese
2023.07.02
ဇီးဖြူကုန်း တိုက်နယ်ရဲစခန်းအနီးပစ်ခတ်မှု ရဲနှစ်ဦးအပါ လေးဦးသေဆုံး ပဲခူးတိုင်း၊ လက်ပံတန်းမြို့တစ်နေရာအား တွေ့ရစဉ်။
Letpadan City

ပဲခူးတိုင်း၊ လက်ပံတန်းမြို့ နယ်၊ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းအနီးမှာ ဇူလိုင်လ ၁ ရက် ညကိုးနာရီခွဲဝန်းကျင်က ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲနှစ်ဦးနဲ့ အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းအနီးနေအိမ်ထဲမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား တွေ ရှိနေချိန် နေအိမ်အပြင်ဘက်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ လက်ပံတန်းဒေသခံ တစ်ဦး က RFA ကို ပြောပါတယ်။

“မနေ့က ရဲစခန်းအနားကအိမ်မှာ ပစ်ခတ်မှုဖြစ်ပြီး ရဲစခန်းမှာလည်း အပြန်အလှန် ပစ်ခတ်မှုတွေ ထပ်ဖြစ်သေးတယ်။ ဖြစ်တာက နှစ်နေရာလို့ပြောလို့ရတယ်။ ပစ်သွားတာ ဘယ်သူတွေလဲ။ ဘာလို့ပစ်သွားလဲဆိုတာတော့ အသေးစိတ် မသိရဘူး။ ညကလည်း မှောင်နေပြီဆိုတော့”

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပစ်ခတ်မှု အတွင်း ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ရဲတပ်ကြီး အောင်ခိုင်၊ ဒေသခံတွေဖြစ်တဲ့ ဦးကြည်လွင်နဲ့ ကိုအေးမင်းတို့သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သားနှစ်ဦးက ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနဲ့ ရဲစခန်းအနီး ဘူတာရုံကြားက လောင်းကစားဝိုင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ အဲ့ဒီအဖွဲ့က ဇူလိုင်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်မဟုတ်တဲ့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ စစ်ကောင်စီတပ်ကို ထောက်ခံနေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ပံတန်းမြို့နယ်အတွင်း ပထမဆုံးပစ်ခတ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

လက်ရှိမှာ အာဏာသိမ်းမှုဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်နေသလို လက်နက်ကိုင်ခုခံသူတွေကလည်း ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီဝန်ထမ်း ၉၅၃ ဦးအပါအဝင် ၅၈၄၆ ဦးဟာ လက်နက်ကိုင်အုပ်စုတွေရဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။