တာဝန်ပြီးဆုံးတော့မယ့် ကုလအထူးကိုယ်စားလှယ်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
2023.06.03

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် မစ္စနိုလင်းဟေဇာဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဇွန်လ ၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လူကိုယ်တိုင် တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးကနေ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မစ္စ နိုလင်းဟေဇာက မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထား၊ လိုအပ်ချက်တွေနဲ့အညီ မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အစဉ်တစ်စိုက် ကြိုးစားခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အထူးသံတမန် ရာထူးတာဝန်ယူချိန်ကစပြီး၊ NUG ခေါင်းဆောင်ပိုင်းနဲ့ ပုံမှန်ထိတွေ့ဆက်ဆံမှုတွေရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ နေပြည်တော်ကို မသွားရောက်ခင်ကလည်း တိုင်ပင်မှုတွေရှိခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာ့အရေးအတွက် အခက်ခဲဆုံး အချိန်မှာ မစ္စနိုလင်းဟေဇာရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် နားလည်သဘောပေါက် တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြေပြင်ပေါ်က အခြေအနေတွေကို နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ၊ တစ်ဦးတစ်ယောက်တည်းရဲ့ ကြိုးပမ်းမှုနဲ့ အောင်မြင်မှု မရနိုင်တာကိုလည်း နားလည်တယ်လို့ ပြောဆိုခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မစ္စနိုလင်းဟေဇာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ချက်ချင်းပြန်လွှတ် ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်ကို အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့ပြီး၊ မြန်မာ စစ်တပ်က NLD ပါတီကို ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်တွေ အတွက် သတိပေးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို လွတ်လပ်စွာ ကျင့်သုံးနိုင်ခြင်းမရှိတဲ့ အခြေအနေမှာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပိုဆိုးလာစေမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်ရဖို့ကြိုးပမ်းအားထုတ်မှုတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက လူမှုအသိုက်အဝန်းအားလုံးကို အကာအကွယ်ပေးဖို့ကိုလည်း မစ္စနိုလင်းဟေဇာက အားပေးထောက်ခံကြောင်း ပြောခဲ့ပါတယ်။
မစ္စနိုလင်းဟေဇာဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က စတင်ခန့်အပ်ခံရကာ၊ တစ်နှစ်ခွဲကြာ တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့မှာ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။