အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ဖြေလျှော့ပေးဖို့ ZORO အဖွဲ့ တောင်းဆို
2025.01.08

အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော်ခွင့် တင်းကျပ်ထားတာတွေကို ဖြေလျှော့ပြီး အိန္ဒိယ-မြန်မာနယ်စပ် နှစ်နိုင်ငံ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် (FMR) ကို ပြန်ခွင့်ပြုပေးဖို့ အိန္ဒိယအစိုးရကို မီဇိုရမ် အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Zo Reunification Organization (ZORO) အဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ကစလို့ မြန်မာကနေ အိန္ဒိယဘက်ကို ဖြတ်သန်းခွင့် တစ်နေ့ကို လူတစ်ရာသာ ခွင့်ပြုထားတာဖြစ်ပြီး နယ်စပ်ဖြတ်လိုသူတွေအနေနဲ့ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ထောက်ခံစာယူဖို့အတွက် အိန္ဒိယဘက်က တင်းကျပ်ထားတာပါ။
ဒီလိုတင်းကျပ်ထားတာက ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တာကြောင့် ပြန်လည်သုံးသပ်ပေးဖို့ ZORO အဖွဲ့က ပြောပါတယ်။
နှစ်နိုင်ငံနယ်စပ်မှာ နေထိုင်သူတွေကလည်း ဒီတင်းကျပ်မှုကို ဖြေလျှော့ပေးဖို့ မျှော်လင့်နေတယ်လို့ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တင်းကျပ်မှုက အဆင်မပြေဘူး။ ဟိုဘက် ဒေသခံတွေရော၊ ဒီဘက်က ဒေသခံတွေရော မကြိုက်ဘူး။ အရင်အတိုင်း ပြန်ထားစေချင်တယ်။ အခုလို ကန့်သတ်တာကြောင့် လူမှုရေး၊ စီးပွားရေးနဲ့ ကလေးတွေအတွက် ပညာရေးတွေ ထိခိုက်နိုင်တယ်”
နယ်စပ်ဖြတ်ကျော်ခွင့် တင်းကျပ်တဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ZORO အဖွဲ့ဟာ ၂၀၂၄ မေလအတွင်းကလည်း နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး မကာရေးနဲ့ FMR မဖျက်သိမ်းရေးအတွက် ရိဒ်-ဇိုခေါ်ဒါရ် နယ်စပ်ဂိတ်မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
FMR အရ နှစ်နိုင်ငံနယ်စပ် ဆယ်မိုင်နီးပါး အကွာအဝေးအတွင်း နေထိုင်တဲ့ မြန်မာမျိုးနွယ်စုနဲ့ အိန္ဒိယမျိုးနွယ်စုတွေဟာ သက်တမ်းတစ်နှစ်ရှိတဲ့ လက်မှတ်နဲ့ နယ်စပ်ကို ဖြတ်သန်းသွားလာနိုင်ပြီး တစ်ကြိမ်မှာ သီတင်းနှစ်ပတ် နေထိုင်ခွင့်ရှိပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဟာ ကီလိုမီတာ (၁၆၄၀) ကျော် မိုင် (၁၀၂၀) နီးပါး ထိစပ်နေပြီး အိန္ဒိယဘက်က နယ်စပ်နေရာတချို့ကို ခြံစည်းရိုး ခတ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။