နှစ်သောင်းတန် ငွေစက္ကူသစ် ဂယက်ကြောင့် အခြေခံကုန်စျေးနှုန်းမြင့်တက်
2023.07.26
လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူကိုထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တဲ့နောက်ပိုင်း ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမှာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသုံးကုန်စျေးတွေ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ အစားအသောက်ရောင်းချသူ ဒေါ်နွေးနွေး (အမည်လွှဲ) ကတော့ စားအုန်းဆီ တစ်ပိဿာကို ကျပ်ခုနစ်ထောင်ကနေ ရှစ်ထောင့်ငါးရာအထိ ခုန်တက်သွားတယ်လို့ ပြောပါတယ်။
"၂၃ ရက်နေ့ ကြေညာလိုက်တယ်ဆိုရင် နောက်နေ့လည်းကျရော ဈေးတွေက တက်သွားတယ်။ ပထမ ၂၃ ရက်နေ့ မကြေညာခင်မှာ စားအုန်းဆီတစ်ပိဿာကို ခုနစ်ထောင်ဈေး၊ နှစ်သောင်းကျပ်တန် ကြေညာပြီး နောက်နေ့ကျ ရှစ်ထောင်ဈေး၊ ၈,၅၀၀။ ဒီနေ့ဆို ဝယ်လို့ကို မရတော့ဘူး။ ပစ္စည်းတွေ ဈေးတက်တဲ့ အခါကြတော့ အရင်တုန်းကထက် အရင်းအနှီးတွေက ပိုကုန်တာပေါ့။ ပိုထွက်တာပေါ့။ အရင်ကဆိုရင် ရှစ်ထောင်နဲ့ ရင်းမယ်ဆို အခု တစ်သောင်းကျော်မယ်။ ၁,၅၀၀ ကျော်သွားတယ်။ ရောင်းတော့လည်း အရင်တုန်းက ရောင်းတဲ့ အမြတ်ထက် ပိုပြီး နည်းသွားတယ်။ အရင်က နှစ်သောင်းကုန်တယ်ဆို အခု နှစ်သောင်းခွဲ၊ ဈေးအရင်းက သုံးပုံတစ်ပုံ ပိုတက်သွားတာပေါ့"
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကော်ဖီမစ်၊ ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်ကနေ ဟင်းသီးဟင်းရွက်အဆုံး ကုန်ပစ္စည်းတွေဟာ ငွေကျပ် သုံးရာကနေ ၁,၅၀၀ အထိ ဈေးတက်သွားတာကြောင့် မီးဖိုချောင်စရိတ် ပိုကုန်ကျလာတယ်လို့လည်း သူကပြောပါတယ်။
လက်ရှိမှာ ရွှေနဲ့ အမေရိကန်ဒေါ်လာစျေးနှုန်းတွေ တည်ငြိမ်မှုမရှိတော့တာကြောင့် ဈေးဖွင့်မရောင်းတော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်သာ ရောင်းချကြတယ်လို့လည်း ရန်ကုန်မြို့ခံတွေကပြောတယ်။
လှိုင်သာယာစက်မူဇုန်မှာနေထိုင်တဲ့ လခစားဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲရင့်ကတော့ ငွေကျပ်နှစ်သောင်းတန် ဂယက်ကြောင့် အိမ်ငှားခနဲ့ ရေဖိုးပါ ဈေးတက်သွားလို့ ရတဲ့လခနဲ့ ကုန်ကျငွေ မမျှတတော့ဘူးလို့ ပြောပါတယ်။
"ဒီလတစ်လလုံး အချိန်ပို (OT) ကို ကြိုးစားပြီး ဆင်းထားတာ။ သုံးသိန်းနီးပါး ထွက်မယ်။ ကြိုတွက်ထားတာက အိမ်ငှားခ အသုံးစားရိတ်ဖယ်ပြီးရင် ကျွန်တော့ဖုန်းလေး ပြင်မယ် စဉ်းစားထားတာပါ။ အိမ်ရှင်က လာပြောတယ်။ အဆောင်ငှားခ လေးသောင်းကနေ လေးသောင်းခွဲဖြစ်မယ်တဲ့၊ ရေဖိုးကလည်း တစ်လ တစ်သောင်းကနေ တစ်သောင်းခွဲဖြစ်မယ် ပြောတယ်။ တစ်လလုံး ကျွန်တော်အသုံးစားရိတ်၊ အိမ်ကိုပြန်ပို့ရမှာနဲ့ဆိုတော့ ဒီလလည်း ဖုန်းမပြင်နိုင်တော့ လစာတောင် မထုတ်ချင်တော့ဘူး"
ငွေစက္ကူ အသစ်ထုတ်ဝေမှုဂယက်ဟာ အခြေခံလူစားတွေအတွက် ပိုပြီးအခက်တွေ့စေတယ်လို့ တောင်ဒဂုံ မြို့နယ်မှာ နေထိုင်တဲ့ ဦးဘိုဘိုမြင့်က ပြောပါတယ်။
"အခုတောင် လက်ဖက်ရည်တစ်ခွက်ကို ခုနစ်ရာကနေ အကုန်လုံး ဈေးတက်လာလို့ မကိုက်တော့ဘူးဆိုပြီး ၁,၂၀၀ ဖြစ်သွားပြီ။ ပြည်သူတွေ ဒုက္ခရောက်နေပြီ။ လောလောဆယ် ငွေရေးကြေးရေး အခြေအနေအရ နောက်ပိုင်း ဘာဖြစ်လာမလဲဆိုတော့ ခိုးဆိုးမယ်၊ လုနှိုက်မယ်။ ဦးနေဝင်း လက်ထက်တုန်းက ဒလဘက်က လူတွေဆိုရင် စားစရာ မရှိတော့လို့ မြို့ပေါ်တက်လု၊ ဆန်ဂိုဒေါင်တွေကို ဖောက်၊ ဆန်ဆိုင်တွေဝင်လု အဲဒီလိုမျိုးတွေ ဖြစ်လာမယ်။ အခုက အဲဒီလိုလမ်းကိုပဲ သူတို့က ဖန်တီးထားသလို ဖြစ်နေပြီ။ ပြည်သူတွေ မျက်နှာကို တစ်ချက်ကလေး မကြည့်ဘူး"
အခုငွေစက္ကူသစ်ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး နေပြည်တော်မှာ တည်ဆောက်နေတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၃ ရက်နေ့က မွေးဖွားတဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။ ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ကတော့ ဒီငွေစက္ကူကို အကန့်အသတ်နဲ့ ဖြန့်ဝေမှာဖြစ်လို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ ပြောဆိုကြောင်း စစ်ကောင်စီရဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
"၂၃ ရက်နေ့ ကြေညာလိုက်တယ်ဆိုရင် နောက်နေ့လည်းကျရော ဈေးတွေက တက်သွားတယ်။"
မြန်မာနိုင်ငံမှာ ဦးနေဝင်းအစိုးရလက်ထက် ၁၉၈၇ ခုနှစ်က ၄၅ ကျပ်တန်နဲ့ ကိုးဆယ်ကျပ်တန် အသစ်တွေ ထုတ်ဝေပြီး ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန်တွေကို ပြန်လည်သိမ်းဆည်းခဲ့လို့ လူထုအုပ်ကြွမှုဖြစ်ပွားခဲ့ပြီး ၁၉၈၈ အရေးအခင်းအထိ ကူးစက်ခဲ့တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
အခုငွေစက္ကူသစ်ကြောင့် ငွေကြေးဖောင်းပွမှုတွေ ဆက်တိုက်ဖြစ်လာမှာဖြစ်ပြီး ပြည်သူတွေအငတ်ဘေးအထိ ကြုံရလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။
"ငွေအသစ် ရိုက်ထုတ်တာကို ကြည့်ရမယ်ဆိုရင် နိုင်ငံမှာ ကြွေးမြီထောင်ချောက်တွေ ရှိနေတယ်။ ပြည်တွင်း ငွေကြေးအခြေအနေကတော့ ငွေကြေးဖောင်းပွမှုကို တိုက်ရိုက်သွားမှာပါပဲ။ သေချာပေါက် ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာမယ်။ ကုန်စည်ဈေးနှုန်းတွေ တက်လာမယ်။ နိုင်ငံဟာ အရင် ဆယ်နှစ်နဲ့ယှဉ်ရင် ဇောက်ထိုး ဖြစ်သွားမယ်။ ပြည်သူတွေရဲ့ အငတ်ဘေးဆိုက်ရောက်မှုတွေလည်း ကြုံလာရနိုင်ပါတယ်"
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို RFA က ဆက်လက်မေးမြန်းခဲ့ရာမှာ အခုငွေစက္ကူသစ်ဟာ တိုင်းပြည် အကျပ်အတည်းကို ဖြေရှင်းဖို့ ထုတ်ဝေတာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
"အရမ်းအကျပ်အတည်း ဖြစ်ရင်ဒီလိုမျိုး ကြေညာစရာမရှိဘူး။ သူ့ဘာသူ ရိုက်ထုတ်မှာပေါ့၊ ဘယ်လောက် ရိုက်ထုတ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ အဲဒီလိုမျိုး လက်တွေ့ကျကျ စဉ်းစားတာနဲ့တင် ဒါကဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ သိပါတယ်။ နောက်ဆုံး ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံက တစ်ခုခုဖြစ်တာနဲ့ အစိုးရလဲတော့မလား။ အဆင်မပြေတော့ဘူးတို့ ကိုယ့်လက်ထဲမှာရှိတဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးသွားမလားတို့ အဲဒီလို စိုးရိမ်တော့ နောက်ဆက်တွဲ စိုးရိမ်မှုတွေ ကပ်လာတာပေါ့။ အဲဒီကောလာဟလတွေ ကြားထဲကပဲ နိုင်ငံကနာလာလိုက်တာ ၈၈ ကနေ အခုထိပဲ။ သတင်းမျိုးစုံက ထွက်မှာပါ။ တကယ်တမ်း မြေပြင်မှာ ထွက်နေတဲ့ သတင်းတွေက မဟုတ်တာတော့ သေချာတယ်"
မြန်မာနိုင်ငံ အစိုးရအဆက်ဆက်မှာ ငွေစက္ကူတွေကို တန်ဖိုးတိုးမြှင့် ရိုက်နှိပ်ခဲ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ငွေကျပ် ငါးထောင်တန် ထုတ်ဝေခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာတော့ တစ်သောင်းကျပ်တန်တို့ကို အမြင့်ဆုံး ငွေကြေးအဖြစ် နောက်ဆုံး ထုတ်ဝေခဲ့ပါတယ်။