၂၀၂၄ ခုနှစ်မှာ နိုင်ငံတစ်ဝန်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦး သေဆုံး
2024.12.31

အကျဉ်းထောင် အာဏာပိုင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအထိ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်နေ့ ဒီနေ့ ထုတ်ပြန်တဲ့ နှစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သေဆုံးခဲ့သူတွေထဲက ကိုးဦးက ထောင်အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ပြင်ပကို ခေါ်ထုတ် သတ်ဖြတ်ခံခဲ့ရသူတွေဖြစ်ပြီး ကျန် ၂၂ ဦးကတော့ ထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရလို့ သေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့လည်း ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရတာကြောင့် ဒီနှစ်ထဲ သေဆုံးခဲ့ပါတယ်။
"ဒီနှစ်ထဲမှာ အနည်းဆုံး နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၂၂ ဦး ဆုံးခဲ့ပါတယ်။ ၂၀၂၃ ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သေဆုံးမှု ထက်ဝက်နီးပါး မြင့်တက်လာတာကို ကျွန်တော်တို့ စိုးရိမ်ဖွယ် တွေ့ရပါတယ်”
ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးရတဲ့ ဦးရေဟာ အရင်နှစ်တွေထက် ထက်ဝက်ကျော် တိုးလာတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“အကျဉ်းထောင်အတွင်းနဲ့ ထောင်ပြင်ပတွေမှာပေါ့ နိုင်ငံရေးအကြောင်းပြချက်နဲ့ ပြီးတော့ ထောင်အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ဒီနှစ်ထဲမှာ အနည်းဆုံး နိုင်ငံရေးအကျဉ်သား၊ အကျဉ်းသူ ကိုးဦး ဆုံးခဲ့ရပါတယ်။ ဒါ့အပြင် အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာ အရေးပေါ် ဖြစ်နေတဲ့ အကျဉ်းသားတွေကို လုံခြုံရေး အကြောင်းပြပြီး ပြင်ပဆေးရုံတွေကို ကုသခွင့်မရတာကြောင့် ဒီနှစ်ထဲမှာ အနည်းဆုံး နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၂၂ ဦး ဆုံးခဲ့ပါတယ်။ ၂၀၂၃ ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သေဆုံးမှု ထက်ဝက်နီးပါး မြင့်တက်လာတာကို ကျွန်တော်တို့ စိုးရိမ်ဖွယ် တွေ့ရပါတယ်”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဆေးကုသခွင့်မရတာနဲ့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၂ ဦး သေဆုံး
ထောင်တွင်းမှာ ကလေးနဲ့အတူရှိတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ခန့်ရှိနေ
မုံရွာ ရဲစခန်းအချုပ်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး
ဒါ့အပြင် ဒီနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၁၈၀၀ လောက်ကိုလည်း နဂို အကျဉ်းထောင်တွေကနေ မိသားစုနဲ့ ဝေးလံတဲ့ ထောင်တွေကို ပြောင်းရွှေ့တယ်လို့ PPNM ရဲ့ နှစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ သာယာဝတီနဲ့ ဒိုက်ဦးထောင်၊ မန္တလေး အိုးဘိုထောင်ကနေ မကွေးထောင်၊ ဧရာဝတီတိုင်း ဖျာပုံထောင်ကနေ အင်းစိန်နဲ့ သာယာဝတီထောင်၊ ရခိုင်ပြည်နယ် စစ်တွေထောင်ကနေ ပုသိမ်ထောင်၊ စစ်ကိုင်းတိုင်း မုံရွာထောင်ကနေ မကွေးထောင်၊ တနင်္သာရီတိုင်း မြိတ်ထောင်ကနေ ကော့သောင်းထောင်၊ မကွေးတိုင်း မကွေးထောင်ကနေ မြင်းခြံထောင်နဲ့ မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင် စသဖြင့် မိသားစုနဲ့ ဝေးလံတဲ့ထောင်တွေကို ပြောင်းရွှေ့တာလို့ ဆိုပါတယ်။
ထောင်တွင်းက ဖိနှိပ်မှုတွေကို နိုင်ကျဉ်းတွေ စုပေါင်း ဆန့်ကျင်ဆန္ဒပြတာတွေကို ဟန့်တားဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို မကြာခဏ ထောင်ပြောင်းရွှေ့နေတာလို့ နိုင်ကျဉ်းဟောင်းတွေက ပြောပါတယ်။
နိုင်ငံရေး ပုဒ်မ သုံးခုနဲ့ အင်းစိန်ထောင်မှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရပြီးနောက် သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ကျဉ်းတစ်ယောက်ရဲ့ ဖခင်ဖြစ်သူက ထောင်ဝင်စာတွေ့ဖို့ အခက်အခဲတွေ ရှိပေမဲ့ သား လိုအပ်တဲ့ ပစ္စည်းပစ္စယတွေကို ကြိုးစားပြီး ပို့ပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“ဒီကနေ အကုန်လုံး စုစပ်ပြီးတော့ Taxi ငှားကြတယ်။ တစ်ယောက် နှစ်သောင်း၊ သုံးသောင်းပေးပြီးတော့ Taxi တစ်စီးကို တစ်သိန်းခွဲလောက် ပေးရတယ်။ သူရဲ့ ကျန်းမာရေးမကောင်းတာဆိုတော့ အန်ကယ်တို့က အကုန်လုံး သူ့ကို လိုလေသေးမရှိအောင် ကြိုးစားပြီးတော့ ပို့ပေးထားတာ။ သူက ဒဏ်ရာဒဏ်ချက်နဲ့ဆိုတော့ သိပ် မမောက်မာနဲ့ သားရယ် အလိုက်အထိုက်ပဲ နေပေးပါဆိုပြီး အဲလို တောင်းပန်ထားရတယ်“
၂၀၂၁ ခုနှစ်မှာ ရန်ကုန်မြို့အတွင်းက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးချိန်အတွင်းမှာ သားဖြစ်သူ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်က ရိုက်နှက်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် အခုချိန်အထိ အတွင်းဒဏ်ရာတွေ ရှိနေသေးတယ်လို့ ထောင်ပြောင်းရွှေ့ခံထားရတဲ့ နိုင်ကျဉ်းရဲ့ ဖခင်က ပြောပါတယ်။
နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေက အခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် အက်ဥပဒေမှာ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်ထားရှိဖို့၊ ဆေးဝါးကုသခွင့် အပြည့်ဝပေးဖို့နဲ့ ထောင်ဝင်စာ တွေ့ခွင့်ရရှိဖို့ အပါအဝင် အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး တိတိကျကျ ပြဋ္ဌာန်းထားပေမဲ့ အာဏာသိမ်းပြီးနောက်မှာ အကျဉ်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း လိုက်နာဆောင်ရွက်တာ မရှိတော့ဘူးလို့ ဥပဒေ ပညာရှင်တွေက ထောက်ပြပါတယ်။
အာဏာသိမ်းပြီးနောက် ပြဋ္ဌာန်းထားတဲ့ ဥပဒေထက် အထက်က ညွှန်ကြားချက်တွေကို ထောင်အာဏာပိုင်တွေက အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"၂၀၁၁ နဲ့ ၂၀၂၀ ကြားထဲမှာ အကျဉ်းထောင်တွေရဲ့ ဥပဒေလိုက်နာမှု အရမ်းကောင်းသလို အကျဉ်းသား အချုပ်သားတွေမှာ ဆက်ဆံဆောင်ရွက်တာတွေ၊ ကျွေးမွေးပြုစုတာတွေ၊ စောင့်ရှောက်မှုပေးတာတွေက တော်တော်ကို ကောင်းခဲ့တယ်။ ၂၀၂၁ နောက်ပိုင်းမှာကျတော့ အထက်ကနေ စီးဆင်းတဲ့အမိန့်တစ်ရပ်အပေါ်မှာပဲ လိုက်နာဆောင်ရွက်တဲ့ အနေအထားရှိတယ်။ အကျဉ်းထောင်ဥပဒေ၊ လက်စွဲဥပဒေတွေသည် ဘေးရောက် သွားတယ်။ အမိန့်ညွှန်ကြားချက်က အဓိကဖြစ်သွားတယ်။ အောက်က အာဏာပိုင်တွေ၊ အရာရှိတွေ၊ အောက်ခြေ ဝန်ထမ်းတွေကလည်း အမိန့်နဲ့ ညွှန်ကြားချက်အတိုင်းသာ လိုက်နာရမယ်ဆိုပြီး ဥပဒေတွေအပေါ် အလေးအနက် မထားတော့တာလည်း ပါမယ်လို့ ကျွန်တော်ထင်ပါတယ်"
အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားက ၁၀၃ ဦးရှိပြီး၊ အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိအချိန်အထိလည်း AAPP ရဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ စာရင်းအရ တစ်နိုင်ငံလုံးမှာ နိုင်ငံရေး အကျဉ်းသား ၂၁,၄၇၉ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။