AA တပ်ဖွဲ့ဝင်တွေလို့ အဖမ်းခံထားရသူ ခြောက်ယောက်ကို ဒီကနေ့ မန္တလေးခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပါတယ်။
ဒု-အရာခံဗိုလ်အဆင့်ရှိတစ်ဦး၊ တပ်ကြပ်အဆင့်ရှိသူနဲ့ တပ်သားအဆင့်ရှိသူတွေလို့ အာဏာပိုင်တွေက စွပ်စွဲထားသူ ခြောက်ယောက်ကို ချမ်းမြသာစည်ရဲစခန်း ဒု-ရဲမှုး ဇော်နိုင်က တရားလိုလုပ်ပြီး ဒီကနေ့ တရားရုံးမှာ တရားစွဲတင်ခဲ့တာ လို့ တရားရုံးသတင်းပြန်ကြားရေးအရာရှိက ပြောပါတယ်။
ဒီကနေ့တရားရုံးမှာ ဘယ်သူ့ကိုမှ စစ်ဆေးတာမရှိခဲ့ဘဲ သူတို့တွေကို တရားစွဲတင်တဲ့အဆင့်သာ ရှိသေးတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းက နေအိမ်တစ်ခုကို ရဲတပ်ဖွဲ့ ဝင်တွေက ဝင်ရောက်ရှာဖွေရာကနေ ပေါက်ကွဲစေတက်တဲ့ ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
နေအိမ်ကို စစ်ဆေးရာမှာ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲ ဂြိုဟ်တုဆက်သွယ်ရေးဖုန်း အလုံး (၄၀)၊ မှန်ပြောင်း (၃၀)နဲ့ ပေါက်ကွဲစေနိုင်တဲ့ ဆက်စပ် ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ခြောက်ဦးကို ထိန်းသိမ်းထားတယ်၊ ထွက်ပြေးလွတ်မြောက်နေသူ သုံးဦးရှိရာမှာ အမျိုးသမီး တစ်ဦး ပါဝင်တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။
သူတို့ အားလုံးကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) ၊ ၅၂ (က) တို့နဲ့ တရားစွဲဆိုထား တယ်လို့ မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရှိ ဒေါ်မာလာထွဋ်က ပြောပါတယ်။

"AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးရမိတဲ့အဖွဲ့ဝင်တွေ နဲ့ ပတ်သက်ပြီးတော့ မန္တလေးခရိုင်တရားရုံး အမှတ် ၂၈၉ / ၂၀၁၉ နဲ့ လက်ခံထားပါတယ်။ ဒီနေ့ တရားစွဲတင်တာကတော့ ခြောက်ဦးပါ။ တရားခံပြေး သုံးယောက်ပါတာကြောင့် ဖမ်ဆီးရမိအောင် ဖမ်းဝရမ်း ထုတ်ထားပါတယ်။ နောက်တစ်ပတ်ရုံးချိန်းမှာ ဖမ်းဝရမ်းပြန်သွင်းဖို့နဲ့ မင်နီသက်သေတွေကို စစ်မယ်။"
ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တဲ့သူတွေကတော့ အောင်လင်းထက်(ခ) လင်းထက် (အေအေတပ်ဖွဲ့ ဒု-အရာခံဗိုလ် ပို့ဆောင်ရေးတာဝန်)၊ ချမ်းငြိမ်း( အေအေအဖွဲ့က ဒုတပ်ကြပ်)၊ မြတ်ခိုင်(အေအေအဖွဲ့က ဒုတပ်ကြပ်)၊ မိုးကျော် (ခ) ဦးမိုးကျော် (ကျောက်အရောင်းအဝယ်)၊ ဝင်းသိန်း( ကျောက်အရောင်းအဝယ်) ၊ ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး (ရွှေပြည်သစ်ကားဂိတ်မှူး) တို့ ဖြစ်ကြပါတယ်။
စွပ်စွဲခံရသူတွေထဲက ကျော်ကျော်ဖြိုး(ခ) ကိုဖြိုးအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ကိုမျိုးမင်းဇော်က အမှုတွဲကို မဖတ်ရသေးတဲ့အတွက် အမှုနဲ့ သူ့အမှုသည်အကြောင်း အသေးစိတ် မပြောပြနိုင်သေး ဘူးလို့ ဆိုပါတယ်။
“ကားဂိတ်၊ ကားရဲ့တာဝန်ခံတစ်ယောက်ဖြစ်တဲ့အတွက် ပါဝင်သွားတာ။ အမှုတွဲလည်း ကျနော်မဖတ်ရသေးဘူး"
တရားခံပြေးအဖြစ် သတ်မှတ်ထားသူတွေကတော့ ဖြိုးေ၀ (ခ) ကိုဖြိုး၊ မောင်မောင်စိုးနဲ့ မဦးသန်းခင်တို့ ဖြစ်ပါတယ်။
တရားခံပြေး သုံးယောက် ပါတာကြောင့် ဖမ်းဝရမ်း ထုတ်ထားပါတယ်
စစ်သုံးပစ္စည်းတွေ မန္တလေးကို ဖြတ်ပြီး သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲပဲလို့ မန္တလေး တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က သတင်းဌာနတချို့ကို ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။
မန္တလေးမှာ အရေးယူခံထားရသူတွေနဲ့ ပတ်သက်ပြီး AA ပြောခွင့်ရသူ ခိုင်သုခကို RFA က မေးရာမှာ သူက ပြည်တွင်းပြည်ပမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေကို အစိုးရက အမှုဆင် ဖမ်းဆီးနေတာသာဖြစ်ကြောင်း ပြောပါတယ်။
ဒီအမှုမှာ တရားလိုပြသက်သေ ၃၇ ယောက် ရှိနေကြောင်း သိရပါတယ်။
သူတို့ကို ဖွင့်ထားတဲ့ပုဒ်မတွေအရဆိုရင် ပြစ်ဒဏ်အနေနဲ့ ငွေဒဏ်လည်း ချမှတ်နိုင်သလို ၇ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်လည်း ချမှတ်နိုင်ပါတယ်။
မန္တလေး ဖမ်းဆီးမှုအပြီး ရက်များမကြာမီမှာ မြို့ကြီးများရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးကို ပေးပို့တယ်ဆိုတဲ့ စာတစောင် ပြင်ပကို ပေါက်ကြားခဲ့ပါတယ်။ ဌာနအသီးသီးမှာ လုံခြုံရေး အထူးဂရုပြုကြဖို့ ဆိုတဲ့အချက်ကို အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ ရန်ကုန်အခြေစိုက် အနောက်နိုင်ငံသံရုံးတချို့ကလည်း မန္တလေး အပါအဝင် မြို့ကြီးတချို့မှာ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းရရှိကြောင်း သူတို့နိုင်ငံသားခရီးသွားတွေကို သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)