အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ တောင်ကုတ်မြို့ကို AA ထိန်းချုပ်
2024.11.22
[Update: 4: 44 PM, Nov 22, 2024]
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၀ ရက်နေ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး တောင်ကုတ်မြို့အဝင် သံတွဲ-တောင်ကုတ်ကားလမ်းအနီးမှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကိုလည်း AA အဖွဲ့က ကယ်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့မရဲစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သား နှစ်ရာခန့်ကိုတော့ AA က ဝင်ရောက်မတိုက်ခိုက်ခင်ကတည်းက စစ်ကောင်စီတပ်က သူတို့ရဲ့ တပ်ဝင်းတွေထဲကို ခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တောင်ကုတ်မြို့ထဲကတော့ AA က ထိန်းချုပ်လိုက်ပါပြီ။ စကခ (၅) ဘက်ကို ဆက်ပြီးထိုးစစ် စနေတယ်။ တောင်ကုတ်ရဲစခန်းထဲမှာ ဖမ်းထားတဲ့သူ အယောက်နှစ်ရာကျော်ရှိတယ်။ သူတို့ကိုတော့ AA က မြို့ကိုဝင် မတိုက်ကတည်းက စစ်ကောင်စီတပ်က သူတို့တပ်မထဲကို ခေါ်သွားတယ်။ သူတို့ရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး”
တောင်ကုတ်မြို့ကို နိုဝင်ဘာ ၄ ရက်နေ့ကစလို့ AA ထိုးစစ်ဆင်ခဲ့တာပါ။ လက်ရှိမှာ မြို့ပေါ်အပါအဝင် မြို့အနီးဝန်းကျင်မှာ စစ်ကောင်စီရဲ့ ခံတပ်စခန်းတွေဖြစ်တဲ့ ပန်းမြောက်တောင်စခန်း၊ သဲဂန်တောင်စခန်း၊ တပ်ဦးဘုရားတောင်စခန်း၊ ဦးထွန်းလှိုင်ခြံထဲမှာ ချထားတဲ့ အမြောက်စခန်းစတဲ့ ခံတပ်စခန်းတွေကိုတော့ AA က သိမ်းပိုက်ထားပြီလို့လည်း ဆိုပါတယ်။
တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) အခြေစိုက်တာပါ။ ဒီအပြင် လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ခမရ (၅၄၄)၊ ခမရ (၃၄၆)၊ အမှတ် (၉၂၆) ထောက်ပို့တပ်ခွဲနဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေလည်း ရှိပါတယ်။
“တောင်ကုတ်မြို့ထဲကတော့ AA က ထိန်းချုပ်လိုက်ပါပြီ။ စကခ (၅) ဘက်ကို ဆက်ပြီးထိုးစစ် စနေတယ်"
အဲဒီတပ်ရင်းတွေကိုလည်း အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ်တချို့ မီးလောင် ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အများစုကတော့ ပဲခူးတိုင်း၊ ရန်ကုန်နဲ့ တခြား AA ထိန်းချုပ်ထားတဲ့ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ရခိုင်ဒေသ တစ်နှစ်တာတိုက်ပွဲနဲ့ ရှေ့အလားအလာ
အမ်းက စစ်ကောင်စီတပ်ရင်းတပ်ခွဲ ရှစ်ခု သိမ်းယူထားကြောင်း AA ကြေညာ
ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံး
အဲဒီလိုထွက်ပြေးရာမှာ လမ်းတွေကို စစ်ကောင်စီတပ်ကရော၊ AA ဘက်ကပါ ပိတ်ပင်ထားတာကြောင့် ရခိုင်ရိုးမတောလမ်းကနေ ဆယ်ရက်လောက် ခြေကျင်ထွက်ပြေးလာခဲ့ရတယ်လို့ ရန်ကုန်မြို့ကို စစ်ဘေး ရှောင်လာတဲ့ တောင်ကုတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က တောင်ကုတ်ကနေ ခြေကျင်လာရတာပေါ့။ လမ်းတွေက အကုန်လုံးပိတ်ထားတော့ ခြေကျင်လာရာတာပေါ့။ လမ်းမှာ ကိုးညနဲ့ ဆယ်ရက်လာရတယ်။ လမ်းမှာတော့ အရမ်းခက်ခဲတယ်။ မိုးတွေလည်းရွာတယ်။ တအားကိုပင်ပန်းတယ်။ ရိုးတစ်လျှောက်တောင် အလုံး နှစ်ဆယ်၊ သုံးဆယ်လောက် ကျော်ရတယ်။ တောင်တွေကို အသက်လုပြီးတက်ရတယ်။ တကယ့်ကို အသက်စွန့်ပြီး လာရတာပါပဲ”
တောင်ကုတ်မြို့ဟာ တရုတ်စီမံကိန်းတွေ တည်ရှိရာ ကျောက်ဖြူမြို့နဲ မိုင် ၆၀ ခန့်အကွာမှာ တည်ရှိပြီး ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းမှာ တစ်ခုတည်းသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် သုံးခုရှိပြီး အဲဒီအထဲက ဘူးသီးတောင်ခြေစိုက် စကခ (၁၅) နဲ့ ကျောက်တော်အခြေစိုက် စကခ (၉) တို့ကိုတော့ AA တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
တောင်ကုတ်မြို့ရဲ့ ထွက်ပေါက်တွေဖြစ်တဲ့ မအီမြို့နဲ့ သံတွဲမြို့နယ်တွေကို AA က သိမ်းပိုက်ထားသလို တောင် ကုတ် - ပြည် ရိုးမပေါ် ကားလမ်းတစ်လျှောက်မှာလည်း AA က ဝန်းရံပိတ်ဖို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နဲ့ ဂွမြို့နယ်တွေကိုပါ တစ်ပြိုင်နက် ထိုးစစ်ဆင်နေပြီး ဒီမြို့တွေကိုသာ AA က သိမ်းပိုက်နိုင်ခဲ့ရင် တရုတ်စီမံကိန်းတွေ အဓိကရှိတဲ့ ကျောက်ဖြူမြို့ အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သွားပြီလို့လည်း ရခိုင်စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အခုတိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား ဆယ်ဦးကျော် သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရရှိတယ်လို့ တောင်ကုတ်မြို့နယ်မှာ ကူညီပေးနေတဲ့ ကိုညီလေးဇော်က RFA ကို ပြောပါတယ်။
“တောင်ကုတ်မြို့နယ်မှာ အရပ်သား သေဆုံးစာရင်းက ၁၃ ဦး၊ ဒဏ်ရာရတာက သုံးဆယ်ကျော်ရှိတယ်။ အများဆုံး သေဆုံးဒဏ်ရာရတဲ့ ရွာတွေကတော့ မေဇလီရွာ၊ ဖုံညိုရွာ၊ တောင်ရွာ၊ ပြီးတော့ ကိုင်းရှည်ရွာနဲ့ သိမ်ထောင်ရွာက သူတွေဖြစ်တယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအချိန်တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ နောက်ထပ် မောင်တော၊ အမ်းနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။
(မှတ်ချက် - ဤသတင်းတွင် တောင်ကုတ်ဒေသခံနှစ်ဦး၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)