တစ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၃ ဦးသေ၊ ၁၃၈ ဦးဒဏ်ရာရ
2023.09.30
လက်နက်ကိုင်ခုခံမှုတွေကို နိုင်ငံတစ်ဝန်းမှာ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့စဥ်ရက်ဆက်ဆိုသလို ပြုလုပ်လာပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် တစ်ရက်ကုန်သွားတိုင်း အနည်းဆုံး အရပ်သားတစ်ဦး သေဆုံးရပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိနေပါတယ်။
RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၃ ဦး သေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုတွေဟာ နေအိမ်တွေ၊ ခြံဝန်းတွေထဲမှာ နေထိုင်တဲ့ အရပ်သားတွေကို သေဆုံးထိခိုက်စေခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားဖိုရွာက နေအိမ်တစ်လုံးအပေါ် စက်တင်ဘာလ ၂၈ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်ပြီး မိသားစုဝင်လေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
"မ သုံးဦး၊ ကျား တစ်ဦးပေါ့နော်၊ သေတာကတော့။ သေဆုံးသွားတဲ့ ကျားကတော့ အသက် ၁၅ နှစ် ကျားပေါ့။ သူ့နာမည်က မောင်လင်းဇေရန်ထွန်း၊ ၃၄ နှစ် တစ်ယောက်က မစိုးစိုး၊ ပြီးရင် ၄၄ နှစ် တစ်ယောက်က မမိုးမိုး၊ ပြီးရင် ၃၃ နှစ် တစ်ယောက်က မထားထား၊ သူတို့ အိမ်ပေါ်တည့်တည့်ကျတာပေါ့။ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတာ"
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက နေ့တိုင်းနီးပါး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီလိုတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာတဲ့အခါ ရွာတွေဘက်ကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ PDF တွေ စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်က လက်နက်ကြီးကျည် ၁၀ လုံးထက် မနည်း ပြန်လည်ပစ်ခတ်ရာမှာ ထန်းတစ်ပင်ရပ်ကွက်ထဲကို လက်နက်ကြီးကျည် ခြောက်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၄ နှစ်အရွယ် ဒေါ်မာကြည် သေဆုံးခဲ့ရပါတယ်။
ဒေါ်မာကြည် သေဆုံးတဲ့အပြင် ထန်းတစ်ပင်ရပ်ကွက်က နေအိမ်တွေပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားတာ။ ဖြစ်ပွားတဲ့အချိန်မှာ ထန်းတစ်ပင်ရပ်ကွက်က အန်တီကြီး တစ်ယောက်ပေါ့၊ ၆၄ နှစ်လောက်တော့ရှိပြီဗျ။ အဲအန်တီကြီးက လက်နက်ကြီးအစ ထိပြီးတော့ သူက အဲနားမှာတင် ပွဲချင်းပြီး ဆုံးသွားတယ်ဗျ။ အဲနေ့က လက်နက်ကြီးနဲ့ဆိုရင် ဆယ်ချက်ကျော်လောက် ပစ်တယ်။ ထန်းတပင်ရပ်ကွက်ထဲကိုကျတာက ငါးလုံး၊ ခြောက်လုံးလောက် ရှိတယ်။ ကျန်တာ ကတော့ အဲဒီရပ်ကွက် ကျော်ကျော်လေးမှာ ကျတာဗျ။ အဲဒီရပ်ကွက်ထဲက အိမ်တစ်လုံး ခေါင်းမိုးပေါ်ကျတယ်။ အဲဒီဟာကတော့ ခေါင်းမိုးတွေ ပျက်စီးသွားတယ်"
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကျောင်းသား ၁၈ ဦး အစုလိုက်အပြုံလိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကိုင်းတိုင်းဟာ အရပ်သား သေဆုံးထိခိုက်မှု အများဆုံး ဒေသဖြစ်ပြီး စက်တင်ဘာလအတွင်း ၂၀ ဦး သေဆုံးကာ ၃၈ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒုတိယအများဆုံးက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းဖြစ်ပြီး အရပ်သား လေးဦး သေဆုံးပြီး ၂၆ ဦး အထိ ဒဏ်ရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
"လူထုပဲထိထိ၊ ဘယ်သူပဲထိထိ၊ ထိချင်ရာထိဆိုပြီးတော့ ပညာပေးနိုင်အောင်လို့ အကြမ်းဖက်လုပ်ရပ်ကို၊ လေကြောင်းထိုးစစ်ကို တစ်ဆင့်တိုးပြီး လုပ်လာတာ"
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ရေးအရ မထိုးဖောက်နိုင်တဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးကို အဓိကအားကိုးပြီး လှုပ်ရှားနေတာလို့ သုံးသပ်ပါတယ်။
"PDF လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သတင်းအချက်အလက်ရမှပဲ သူက စစ်ဆင်တိုက်ခိုက်တာတွေ ရှိတယ်။ အဲလို စစ်ဆင်တိုက်ခိုက်မှုမှာလည်း တကယ်က တစ်ပြည်လုံးအတိုင်းအတာနဲ့ပြောရင် စစ်ကောင်စီရဲ့ အကျအဆုံးတွေများနေတဲ့ အနေအထားအောက်မှာ သူတို့အနေနဲ့ အခုက လေကြောင်းထိုးစစ်နဲ့ အကူအညီပေးတဲ့ သဘောပါ။ ဒါပေမဲ့ လေကြောင်းထိုးစစ်ဆိုတာက စစ်ရေးပစ်မှတ်တွေပဲ သီးသန့်ပစ်မှတ် ထားပြီးတော့ တိုက်ခိုက်လို့ မရဘူး။ မရတဲ့အခါကျတော့ လူထုပဲထိထိ၊ ဘယ်သူပဲထိထိ ထိချင်ရာထိဆိုပြီးတော့ ပညာပေးနိုင်အောင်လို့ အကြမ်းဖက်လုပ်ရပ်ကို လေကြောင်း ထိုးစစ်ကို တစ်ဆင့်တိုးပြီး လုပ်လာတာ"
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းလက်နက်ကိုင်ခုခံမှုတွေ ကျယ်ကျယ်ပြန့်ပြန် အားကောင်း လာတဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပိုပြီးလုပ်ဆောင်လာတာပါ။
RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အရပ်သား ၈၁၅ ဦး သေဆုံးခဲ့ပြီး၊ ၁၆၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။