ကချင်နဲ့ ရခိုင်မှာ လေကြောင်းကနေတိုက်ခိုက်လို့ တစ်ရက်အတွင်း လူနှစ်ဆယ်ကျော် သေဆုံး
2025.01.12

ကချင်ပြည်နယ် တနိုင်းမြို့နယ်က စန်လွန် ရွှေမှော်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ကို မနေ့က ဇန်နဝါရီလ ၁၁ ရက် တစ်ရက်တည်းမှာတင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး သုံးဆယ်နီးပါး ဒဏ်ရာရသွားပါတယ်။
တနိုင်းမြို့နဲ့ ၁၀ မိုင် အကွာမှာရှိတဲ့ စန်လွန်ရွှေမှော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ ထိန်းချုပ်ထားတာပါ။ အဲဒီနေရာကို ဇန်နဝါရီလ ၁၁ ရက် စနေနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် ရွှေကျင်နေတဲ့သူတွေနဲ့ စျေးရောင်းတဲ့သူတွေ သေဆုံးကြ၊ ဒဏ်ရာရကြတာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ကြားတာကတော့ သေတာကတော့ ၁၅ ဦးဖြစ်ပြီးမှ ဒဏ်ရာရတာ ၁၀ ဦးလို့ ကြားရပါတယ်။ တချို့ပြောတာကတော့ သေတာ ၁၈ ဦးလို့လည်း ပြောတယ်။ အတိအကျ အမည်နဲ့ တင်ပြတာမျိုးတော့ မတွေ့ရသေးပါဘူး၊ ၁၈ ဦးဆိုတဲ့နေရာမှာတော့။ စန်လွန် ရွှေမှော်မှာလို့ပြောတယ်။ အဲဒီဘက်မှာကတော့ အရင်ကတော့ စကစ တပ်စခန်းဟောင်းတွေ ထိုင်တဲ့နေရာတွေတော့ ဖြစ်နေတယ်"
အဲဒီနေရာတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားခဲ့တာကြာပြီလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
တနိုင်းမြို့ပေါ်ကို တနိုင်းဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ ရွှေမှော်လုပ်ကွက်နဲ့ ပယင်းလုပ်ကွက်နေရာ တော်တော်များများကို KIA တပ်ဖွဲ့က ၂၀၂၄ ခုနှစ်အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အရပ်သားနှစ်ထောင်နီးပါး သေဆုံး
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် အရေးယူမှုအသစ်ချမှတ်ဖို့ BROUK အဖွဲ့ တောင်းဆို
စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီးသုံးစွဲမှု ပိုများလာ
အလားတူ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက် စနေနေ့ မနက် ၉ နာရီလောက်မှာ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးတဲ့သူ နှစ်ဆယ်ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်တော်မြို့က လူနေရပ်ကွက်၊ စျေးနဲ့ လူစည်ကားတဲ့နေရာတွေကို ဗုံး ၁၅ လုံးလောက် ကြဲသွားလို့ လူတွေထိခိုက်သေဆုံးရတယ်လို့လည်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်တော်လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ငါးဦးကနေ ဆယ်ဦး အတွင်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း များတယ်လို့ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက RFA ကို ပြောပါတယ်။
"မြို့ထဲမှာ ထွေအုပ်ရုံးရယ်၊ ရဲစခန်းရယ် နောက်ပြီးတော့မှ လမ်းမပေါ်မှာ တစ်လုံးကျတယ်။ နောက်တစ်ခါကျတော့ ဈေးဘက်မှာ တစ်လုံးကျတယ်။ ဒေသခံတွေ ပြောစကားအရဆိုရင် လေယာဉ်နှစ်စင်းဝန်းကျင်နဲ့ လာပြီး ဗုံးကြဲတယ်ဆိုတာကို ကျွန်တော်တို့ သိရှိရပါတယ်။ သေဆုံးမှုကတော့ လမ်းမပေါ်မှာ သွားနေတဲ့ဟာတွေရယ်၊ နောက်ပြီးတော့ အဲဒီမှာထိုင်ပြီးတော့ မုန့်ဟင်းခါးစားရင်း ကျတဲ့ဟာရယ်။ နောက်ပြီးတော့ ရဲစခန်းမှာ အလုပ်လုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်သေဆုံးသွားတယ်ဆိုတာကို ကျွန်တော်တို့ သိရှိရပါတယ်"
ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄၁ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံထားရတဲ့ တနိုင်းမြို့နဲ့ ကျောက်တော်မြို့နယ်တို့ဟာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။ ဒါကြောင့် သတင်းအတိအကျရဖို့ ခက်နေပြီး သေဆုံးထိခိုက်တဲ့သူ အရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
"ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတာ စစ်ရာဇဝတ်မှု အကြီးစားပဲဗျ"
စစ်ကောင်စီကရှုံးနေတာကို လေကြောင်းသုံးပြီးပြန်တိုက်နေတာလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
"မြေပြင်မှာ စစ်ရှုံးနေတယ် အဲဒါကြောင့် လေကြောင်းကနေ တိုက်နေတာ ဒါပါပဲဗျာ။ တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးတာမဟုတ်ဘူး။ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတာ စစ်ရာဇဝတ်မှု အကြီးစားပဲဗျ"
ဇန်နဝါရီလ ၁၂ ရက်နေ့မနက်ပိုင်းမှာလည်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက ဖယ်ခုံမြို့နယ် လအိကျေးရွာတို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် ဖြစ်ရပ်တွေရဲ့ အသေးစိတ်မသိရသေးပါဘူး။