ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေကို စစ်ကောင်စီက အဓိက ပစ်မှတ်ထားတိုက်ခိုက်နေပြီး အခု ဧပြီလ တစ်ပတ်အတွင်းမှာတင် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးဆယ်လုံး ကြဲချခဲ့တာကြောင့် အရပ်သားကိုးဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကျောက်တော်မြို့ပေါ်ကို ဧပြီလ ၄ ရက်နေ့က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ပေါင်နှစ်ရာဗုံး လေးလုံး ကြဲချခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်တော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပထမဆုံးတစ်ခေါက်လာပြီးတော့ နှစ်လုံး လာချခဲ့တယ်။ နောက်ငါးမိနစ်တခြား လာပြီးတော့ နှစ်လုံးစီ ချတယ်။ နှစ်ကြိမ်၊ သုံးကြိမ်လောက် လာချတယ်။ အခု ကျောက်တော်မှာ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ တိုက်ပွဲကလည်း ပြီးသွားပြီ။ အကုန်လုံး အေးဆေးဖြစ်နေတဲ့အချိန်မှာ အခုလိုမျိုး လာချတာကတော့ ပြည်သူတစ်ယောက်အနေနဲ့ မကြိုက်ဘူးပေါ့နော်။ ပြီးတော့ တခြားသူတွေ ဒဏ်ရာရမှာကိုလည်း စိုးလည်းစိုးရိမ်တယ်ပေ့ါ”
အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ် မြစ်နားရွာကို ဗုံးလေးလုံး ကြဲချခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဧပြီလ ၂ ရက်နေ့ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် အရပ်သား သုံးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် (AA) က ရခိုင်မှာ ပထမဆုံးသိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ်ကိုလည်း ဧပြီ ၂ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ရဲ့ စစ်တွေတပ်နယ်ကနေ လက်နက်ကြီးနဲ့ လှမ်းပြီးပစ်ခတ်တာကြောင့် မော်ထုပ်ကြီးရွာက ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဧပြီလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေကလည်း စစ်ကောင်တပ်ရဲ့ လက်နက်ကြီးကြောင့် ရမ်းဗြဲမြို့နယ် ရွာသာယာကျေးရွာက တစ်ဦး၊ အမ်းမြို့နယ် ကြောင်ဖြူကျေးရွာက တစ်ဦး သေဆုံးပြီး သံတွဲမြို့နယ် တောင်ညိုရွာက တစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လူစုလူဝေးရှိတဲ့နေရာတွေကို နေ့ညမရွေး ဗုံးကြဲနေတာကြောင့် ဒေသခံတွေ အချိန်တိုင်း စိုးရိမ်ကြောက်လန့်နေရတယ်လို့ မင်းပြားဒေသခံ ကိုခိုင်မိုးက RFA ကို ပြောပါတယ်။
“သူတို့ ဗုံးလာကြဲကတော့ လူစုနေတဲ့နေရာတွေကို လာကြဲတာပဲ။ ကျေးရွာတွေ၊ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ ဘုန်းကြီးကျောင်းကိုတွေ အဲဒီလို လူတွေအများကြီးရှိတဲ့နေရာတွေကို လာကြဲတာပဲ။ စစ်ကောင်စီက အချိန်တိုင်းကို ဗုံးလာလို့ကြဲတာကို အဲဒါနဲ့ မသွားရဲဘူး။ ကျွန်တော်တို့အတွက် စိုးရိမ်စရာတွေကတော့ အများကြီးပါပဲ။ ညနေကျရင် မအိပ်ရဲဘူး၊ ထိုင်နေတာ များတယ်။ ဘယ်အချိန် သူတို့ ဗုံးလာကြဲမလဲဆိုတာကို ကြောက်နေတာကို”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ လေးလအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့ မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားတာပါ။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်နဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကိုလည်း AA က အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
"အပစ်အခတ် ရပ်စဲလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖိအားပေးတာဖြစ်နိုင်တယ်။ အဲဒီလို လုပ်လာတဲ့အတွက် နာကျည်းမှုတွေဖြစ်လာနိုင်တယ်"
ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး AA က အပစ်အခတ်ရပ်စဲလာအောင် လုပ်နေတာလို့ ရခိုင်စစ်ရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒီလုပ်ရပ်တွေကြောင့်ပဲ နှစ်ဖက်စေ့စပ်ညှိနှိုင်းလို့မရတဲ့အထိ အခြေအနေ ဆိုးသွားနိုင်တယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။
“ငါတို့ မင်းတို့ကို အချိန်မရွေးဒုက္ခတွေပေးနိုင်တယ်။ တစ်ဖက်ကလည်း ခြိမ်းခြောက်တာ၊ တစ်ဖက်ကလည်း ဖိအားပေးတာပေါ့။ အပစ်အခတ် ရပ်စဲလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ဖိအားပေးတာဖြစ်နိုင်တယ်။ အဲဒီလို လုပ်လာတဲ့အတွက် နာကျည်းမှုတွေဖြစ်လာနိုင်တယ်။ ပြီးတော့ စေ့စပ်လို့ မရအောင်၊ ညှိနှိုင်းလို့မရအောင် အခြေအနေအထိ ဖြစ်သွားနိုင်တယ်”
အခုလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာ တိုးလာတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုတွေ၊ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့ အရပ်သား ၁၉၈ ဦးနဲ့ ဒဏ်ရာရသူ ၅၆၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
(မှတ်ချက် - ဤသတင်းစာသားတွင် အရပ်သား သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)