အမေရိကန်ပိတ်ဆို့မှုအသစ်ကို တပ်မတော် ဝေဖန်

နေမျိုးထွန်း၊ သန့်ဇင်ဦး
2019-12-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာ ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့  ဘာသာပေါင်းစုံ ဆွေးနွေးပွဲမှာတွေ့ရစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာ ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲမှာတွေ့ရစဉ်
Photo: Thiha Tun/RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ကို အမေရိကန်ပြည်ထောင်စုက ရခိုင် ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်းက လူနည်းစု  တိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်တွေအတွက် အခုလို  အရေးယူလိုက်တာလို့ မနေ့က ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အရပ်သား ဦးဆောင်တဲ့ စီးပွားရေးပြု ပြင်ပြောင်းရေးနဲ့၊ စစ်တပ်ကို အရပ်သားအစိုးရက ထိန်းချုပ်နိုင်ရေးတို့အတွက် အမေရိကန်ရဲ့ ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်စေမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာန (Office of Foreign Assets Control) က ဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ပစ်မှတ်ထား ဖိအားပေးမှုလို့ မြင်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

အဓိကတော့ ကျနော်တို့ ဒီဟာသည် ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအရ ပစ်မှတ်ထားဖိအားပေးမှုလို့ မြင်ပါတယ်။ စွပ်စွဲတာကတော့ စွတ်စွဲသူတွေရဲ့ အာဘော်ပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အနေနဲ့ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီအစိုးရအဖြစ် ဒီမိုကရေစီစနစ်အဖြစ် ပြုပြင်ပြောင်းလဲတဲ့အနေရာမှာ ကျနော်တို့ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို လျှောက်လမ်းတဲ့နေရာမှာ လိုအပ်တဲ့ စံချိန်စံညွန်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးပတ်သက်ပြီး အသိပေးမှုတွေ၊ သတိပေးမှုတွေ၊ ပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပါတယ်။”

ဒါ့အပြင် အခုနောက်ပိုင်း စွပ်စွဲမှုတွေ  လုပ်ဆောင်လာတာတွေရှိကြောင်း၊ အမေရိကန်လက်ထောက်  နိုင်ငံခြားရေးဝန်ကြီးက ဓာတုလက်နက်နဲ့ပတ်သက်ပြီးလည်း စွပ်စွဲခဲ့ကြောင်းနဲ့ လုပ်ကိုင်နေတာ မရှိကြောင်းကိုလည်း မီဒီယာတွေကို ပြောကြားထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ဆိုပါတယ်။

လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ICJ မှာ တရားစွဲခံရမှုနဲ့  ရင်ဆိုင်နေရချိန်မှာ အမေရိကန်ရဲ့ အရေးယူမှု ပေါ်ပေါက်လာတာပါ။

အခုလို အရေးယူပိတ်ဆို့တာဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူ မပြုကြောင်း၊ အမေရိကန်အနေနဲ့ မြန်မာစစ်သားတွေကို သင်တန်းပေးပြီး အဲဒီသင်တန်းဆင်းတွေ တဖြည်းဖြည်းနဲ့ စစ်ဦးစီးချုပ်အဆင့် ရောက်သွားရင် တပ်မတော်က အလိုလို အရပ်ဖက်အုပ်ချုပ်မှုအောက်ကို သူ့ဟာသူ ရောက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့က တပ်မတော် အငြိမ်းစားအရာရှိ  နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဘာတို့ ကျူးလွန်တယ်ဆိုတာ ရေရေရာရာလည်း မသိရသေးဘဲနဲ့ သံသယအကျိုးကိုတောင်မှ ခံစားခွင့်မပေးဘဲနဲ့ ဒီလို လုပ်လုပ်နေတာတွေဟာ စစ်တပ်ထဲမှာ အမေရိကန် အိုင်ဒီယာတွေနဲ့ ပတ်သက်လို့ ကျနော်တို့က ဝေးသထက် ဝေးနေတယ်ဆိုတာကိုတော့ ပြောချင်တယ်။ အဲဒါမျိုး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက်ကိုလည်း ဘာမှ အထောက်အကူ မဖြစ်ဘူးလို့လည်း ပြောချင်တယ်။ ဖြစ်စေချင်လို့ရှိရင် ဒီစစ်သားတွေကိုသာဗျာ အဲဒီမှာ သင်တန်းပေးလိုက်ပါ။ အမေရိကန် Staff ကောလိပ်ပေါ့နော် အဲဒီကနေ ဆင်းလာတဲ့သူတွေ သင်တန်းတက်ဖူးတဲ့သူတွေ တဖြေးဖြေးနဲ့ စစ်ဦးချုပ်အဆင့်ထိ ရောက်သွားလို့ရှိရင် တပ်မတော်က အရပ်ဖက်အုပ်ချုပ်မှုအောက်ကို သူဟာသူ ရောက်သွားမှာပါ။ အခုလုပ်နဲ့ ပတ်သက်လို့ကတော့ မှားတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။”

ဒီလိုအရေးယူမှုတွေကြောင့် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး အပြောင်းအလဲ ရှိလာနိုင်တယ်လို့ တချို့က ယူဆသလို တချို့ကလည်း ဒီပိတ်ဆို့မှုကြောင့် မြန်မာ တရုတ်ဆက်ဆံရေးအပေါ်လည်း သက်ရောက်လာနိုင်တယ်လို့ ယူဆကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်မကြားနာခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ မြန်မာနိုင်ငံကို လာရောက်ပြီး တွေ့ဆုံခဲ့တာပါ။

တရုတ်က ဒီလို ရပ်တည်နေတဲ့အချိန်မှာ အမေရိကန်က အခုလိုအမျိုးမလုပ်သင့်ဘူးလို့လည်း ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ် တရုတ်မြန်မာနယ်စပ်မှာ လှုပ်ရှားခဲ့ပြီး ယခု ရန်ကုန်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တပ်မတော်နဲ့ပတ်သက်ပြီး တာဝန်အရှိဆုံး စစ်ခေါင်းဆောင်တွေကို အရေးယူတဲ့ သဘောဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ၊ စီးပွားရေးအရ ထိခိုက်တဲ့အလုပ်တွေ မလုပ်ဘူးလို့ ယူဆကြောင်း ပြောပါတယ်။

အရင်တုန်းကလည်း လုပ်ပြီးသားပါ။ အခုလဲ ဒီသဘောပါပဲ။ ဒါပေမဲ့ အမေရိကန်က မြန်မာပြည်ကို လက်လွတ်စပယ် လုပ်တာလို့ ကျနော်ကတော့ မယူဆပါဘူး။ အခုကတော့ အစီအစဉ်ရှိရှိ ဒီစစ်တပ်နဲ့ပတ်သက်ပြီး တာဝန်အရှိဆုံး စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သဘောထားပဲရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဘာမှ တိုက်ရိုက် နိုင်ငံရေးအရ၊ စီးပွားရေးအရ ထိခိုက်တဲ့အလုပ်တွေ မလုပ်ဘူးဆိုတာကို ဖော်ပြလိုက်တာလို့ ကျနော်ယူဆပါတယ်ခင်ဗျ။”

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်ဖို့၊ တရားဥပဒေတွေကို ဖော်ဆောင်ဖို့နဲ့ ချိုးဖောက်တဲ့သူတွေကို တတ်နိုင်သလောက် အရေးယူဖို့အတွက် သတိပေးတဲ့အရာတွေဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Equality Myanmar ကို တည်ထောင်သူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

နိုင်ငံတစ်ခုက နောက်တစ်ခုကို အရေးယူဖို့အတွက် လုပ်ဆောင်တဲ့ကိစ္စတွေ နောက်ဆိုလို့ရှိရင် နိုင်ငံတကာကနေ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ အစဉ်အလာအထိ ဖြစ်လာနိုင်တယ်။ ဒါတွေကို တားဆီးဖို့အတွက်ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အမှန်တရားကို ဖော်ထုတ်ဖို့၊ တရားဥပဒေတွေကို ဖော်ဆောင်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေကို ကျွန်တော်တို့ အမြန်ဆုံး ကုစားမှုတွေ ပြုလုပ်ပြီးတော့ ချိုးဖောက်တဲ့လူတွေကို တတ်နိုင်သလောက် အရေးယူဖို့အတွက် သတိပေးတဲ့ အရာတွေပဲဖြစ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူပေါင်းငါးသိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ရက်စက်ကြမ်းကြုပ်တဲ့ စစ်ဆင်ရေးတွေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အဓိက တာဝန်ရှိသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူပဲ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ဟာလည်း ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အသီးသီး တာဝန်ရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ဒီစစ်တပ်ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေရိကန် လာရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (1)
Share

ဗိုလ်မှူးလှသက်မောင�

နရေပျ- ငြိမ်း) (ဗဟန်းမြို့နယ်

ဒီပိတ်ဆို့မှုကို လက်ရှိထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပြောခွင့်ရှိသူတွေက
သူတို့ ဒီမိုကရေစီကို ကြိုးစားဖော်ဆောင်နေပါလျက် ဒီလိုလုပ်တာဟာ
နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖိအားပေးတယ်လို့ မြင်ကြောင်း ပြောတယ်။
တကယ်တော့ တပ်မတော်က ဒီမိုကရေစီအတွက် လူ့အခွင့်အရေးကို အင်တိုက်အားတိုက်ဆောင်ရွက်နေတယ်လို့သာ ပြောပေမယ့်
ကျင့်သုံးတဲ့ မူတွေက တပ်မတော်အဓိကဝါဒဖြစ်နေတယ် ဒါက ဦးနေဝင်းလို နိုင်ငံရေးသြဇာမရှိတဲ့ ခေါင်းဆောင်တစ်ယောက်က ဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း တပ်မတော်ကို ကာကွယ်ရေးအပြင်
နိုင်ငံရေးထဲ ဆွဲထည့်လိုက်တာ
ဦးသန်းရွှေလက်ထက်ကျတော့ စစ်တပ်က အလုံးစုံလွှမ်းမိုးရေးဝါဒဖြစ်လာတယ် အဲဒီမှာ ကမ္ဘာနဲ့ယှဉ်ရင်
လုံးဝဇောက်ထိုးဖြစ်သွားတာပဲ
အစတည်းက ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ရှိတယ် ကမ္ဘာကြည့် ကြည့်တယ် ခေတ်မီတယ် လွတ်လပ်ရေးရပြီးရင် စစ်တပ်သည် ကာကွယ်ရေးသက်သက်ထားဖို့ပဲ ဦးနေဝင်းလုပ်လိုက်တော့မှ နိုင်ငံရေးလက်ဝေခံဖြစ်သွားတာ
ဦးနုရဲ့ ပျော့ညံ့မှုတွေလည်းပါတာပေါ့ ၁၉၅၈မှာ သူသာ ဗိုလ်ချုပ်အောင်ဆန်းလို ဗိုလ်လင်္ကျာလို
နိုင်ငံရေးပါးနပ်လိမ္မာမှုရှိရင် နိုင်ငံရေးအရ ဖြေရှင်းနိုင်ပါလျက် တာဝန်မယူပဲ စစ်တပ်လက်ထဲ ထိုးအပ်လိုက်တာ မဟာအမှားပဲ
သူအနေနဲ့ နိုင်ငံရေးအရ ကျွမ်းကျွမ်းကျင်ကျင် ပါးပါးနပ်နပ်ဖြေရှင်းနိုင်ရင် အစိုးရတစ်ရပ်ရဲ့ ဝန်ကြီးချုပ်အနေနဲ့ စစ်တပ်ကို အမိန့်ပေးလို့ရပါလျက် ဦးနေဝင်းကို သူ့စိတ်လို ယုံကြည်လိုက်တော့
ဒီနေ့ဒီအချိန် ဘယ်နိုင်ငံမှာမှ မရှိတော့တဲ့ တပ်မတော်အဓိကဝါဒဟာ တိုင်းပြည်ကို နစ်သထက် နစ်စေခဲ့တာပါ
၈၈နောက်ပိုင်း စစ်အစိုးရလို့ဆိုပေမယ့် နိုင်ငံရေးသမားတွေကို ကမ်းကုန်အောင် နှိပ်ကွပ်ရေးမ၊ ပြည်သူကို လက်နက်မိုးပြီး အုပ်ချုပ်ရေး ဆိုတာတွေ ဖြစ်လာတဲ့အခါ ပြည်နယ်/တိုင်း တိုင်းမှူးတွေ ကြီးစဉ်ငယ်လိုက် တာဝန်ယူရတဲ့ စစ်ဗိုလ်တွေရဲ့ အာဏာတစ်လွဲသုံးမှုတွေ ငါတကော ကောမှုတွေ
စစ်ယူနစ်ဖောင်းမြင်ရင် ဂျပန်ခေတ်လို ကြောက်နေအောင် မောက်မာမှုတွေနဲ့ အုပ်ချုပ်လိုက်တဲ့အခါ
နိုင်ငံဟာ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရတာပဲ
ဘယ်ပညာရှင်မှလည်း မတိုင်ပင်ဘူး တိုင်ပင်လို့ ပြောရင်လည်း လက်မခံတော့ စစ်တပ်ထဲမှာ အကြံပေးနေတဲ့ ပညာရှင်ကလည်း သူနေရာရရင်ပြီးရော ဦးစီးချုပ်အကြိုက်ပဲ မျှောလိုက်ကြတော့တယ်
ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ အခုလိုဖြစ်ရတာသည် သူတို့ သိနားလည်လာတဲ့
စစ်တပ်အဓိကဝါဒကို နည်းနည်းမှ ပြုပြင်ပြောင်းလဲလိုစိတ်မရှိပဲ အမှန်လို့ထင်မြင်ပြီး ဆက်လက်ကျင့်သုံးနေလို့ပဲ
ဒီနေ့ လွှတ်တော်ထဲက စစ်ဗိုလ်တွေဟာ အတော်ကို ငယ်ပါတယ် အကယ်ဒမီဆင်းတွေဆိုပြီး
သူတို့ပဲ အရမ်းတတ်သိတယ်ဆိုတယ် မာန်တွေလည်း ရှိကြတယ်
DSAက ကျောင်းဆင်းလို့ သိပ်တော်နေတယ်ထင်ရင်တော့ မဟုတ်သေးဘူး
ပညာဆိုတာ ဘွဲ့တွေ တစ်သီတစ်တန်းရနေတိုင်း စစ်ဗျူဟာတွေသင်ရတိုင်း နိုင်ငံရေးတွေ စိတ်ဓာတ်စစ်ဆင်ရေးတွေ သင်ကြားတတ်မြောက်လာတိုင်း တော်တာမှမဟုတ်တာ
မတစ်ထောက်သားသမီးတွေ ဒီကျောင်းတက်တိုင်း ပြိုင်ဘက်ကင်းရမယ်ဆိုရင်ဗျာ ဘယ်ကျောင်းမှ တက်မနေခိုင်းတော့ဘူး တစ်ကိုယ်ရေ အမိန့်နာခံတတ်တာ တပ်ရဲ့စည်းကမ်းစနစ်ကို ပုံစံတကျနေနိုင်တာကိုတော့ လက်ခံတယ် ဒါက လူရဲ့ အသွင်အပြင်ကို ပုံစံချလို့ရတာကိုး
အတွေးအခေါ်နဲ့ အသိဉာဏ်ပညာကျတော့ လူတိုင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေး(IQ)နဲ့ ခံစားနားလည်မှု(EQ)က တစ်ယောက်နဲ့တစ်ယောက် တူတာမှမဟုတ်တာ
သင်ပေးထားတဲ့ နိုင်ငံရေးသိပ္ပံဆိုတာကကော ဘယ်လောက်ခေတ်မီနေလို့လဲ ငါသိငါတတ် ငါဆုံးဖြတ်တာ အမှန်ဆိုတဲ့ အယူအဆအမှားကြီးကို ချသင်နေလို့ အခုထိ စစ်အစိုးရအုပ်ချုပ်ခဲ့သမျှ
ကာလတာရှည်မှာ နိုင်ငံရဲ့ ဆင်းရဲမွေတေမှု ဘယ်အဆင့်ဖြစ်သွားလဲဆိုတာ အားလုံးအသိပဲ
ဒါကြောင့် ဒီပိတ်ဆို့မှုသည် လိုအပ်လို့ လုပ်တယ်လို့ပဲ မြင်တယ် အခုတောင် လွှတ်တော်ထဲမှာ
အစိုးရက ဒီလိုဆိုရင် သူတို့က ဟိုလိုဆိုပြီး လုပ်နေကြတာဟာ သူတို့ဘယ်လိုသင်ကြားတတ်သိလာသလဲဆိုတဲ့ အဖြေပဲလေ
အဲဒီ မှားယွင်းနေတဲ့ Conceptတွေ Mind-setတွေကိုမှ မပြောင်းရင် ကမ္ဘာ့စစ်တပ်တွေနဲ့
ဘယ်တော့မှ ရင်ဘောင်တန်းလို့ ရမှာမဟုတ်ဘူး နောက်ဆုံး ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်လာဖို့လည်း
ဝေးနေဦးမှာပါပဲ

Dec 12, 2019 02:18 AM

ဆိုက်တခုလုံးသို့