မန္တလေးမှာ ပရဟိတအဖွဲ့ချုပ်ရုံး စီးနင်းခံရပြီး ဥက္ကဋ္ဌနဲ့ အသင်းသားရှစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2024.10.30
မန္တလေးမှာ ပရဟိတအဖွဲ့ချုပ်ရုံး စီးနင်းခံရပြီး ဥက္ကဋ္ဌနဲ့ အသင်းသားရှစ်ဦး ဖမ်းဆီးခံရ မန္တလေးမြို့ရှိ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဥ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်‌နေ့က တွေ့ရစဉ်။
Facebook/ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့

Updated 5:45 PM, Oct 30, 2024

မန္တလေးမြို့၊ အောင်မြေသာစံမြို့မှာရှိတဲ့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ရုံးချုပ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့က ဝင်ရောက်စီးနင်းပြီး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်တင့် အပါအဝင် အသင်းသားရှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ အသင်းနဲ့နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ရုံးကို ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီအသင်းနဲ့နီးစပ်တဲ့ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက RFA ကို ပြောပါတယ်။

“ဥက္ကဋ္ဌ အပါအဝင် ရုံးအဖွဲ့သားအားလုံးကို ဖမ်းသွားတယ်လို့ ကျွန်တော်တို့ ကြားရတာ။ ခုနစ်ဦး၊ ရှစ်ဦးလောက် ပါတယ်။ မိန်းကလေးရော၊ ယောက်ျားလေးရောပေါ့။ ကားကတော့ အရပ်ကားလို့ ပြောတယ်။ ရုံးက ကလေးတွေကို မေးကြည့်တော့ တပ်မတော်ကလို့ပဲ ကျွန်တော်တို့ သိရတယ်။ အခုချိန်ထိတော့ သတင်းအစအနကို မရဘူး။ အဆက်အသွယ်လည်း မရသေးတော့ ကျွန်တော်တို့က အကုန်လုံး မသိသေးဘူးဗျ”

ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ မန္တလေးတိုင်းအပြင် နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိတ်ဖက်အသင်းအဖွဲ့ ၂၅၀ နီးပါး၊ အသင်းသားအင်အား လေးထောင်ခန့်နဲ့ ကျန်းမာရေး၊ နာရေးနဲ့ သဘာဝဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ သက်တမ်း နှစ်ဆယ်ခန့်ရှိတဲ့ ပရဟိတအဖွဲ့တစ်ခုဖြစ်ပါတယ်။

မန္တလေးမြို့က ရုံးချုပ်မှာ အသင်းသား တစ်ရာကျော်ရှိပြီး အခုတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအားလုံးကို ရပ်နားထားရတယ်လို့လည်း အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။ မန္တလေးအခြေစိုက် လူမှုကူညီရေး အသင်းအဖွဲ့ဝင်တချို့ကတော့ အခုလို စီးနင်းဖမ်းဆီးခံရတာဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၈ ရက်နေ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့စျာပနကို လိုက်ပါပို့ဆောင်ပေးခဲ့တာကြောင့် ဖြစ်နိုင်သလို PDF အဖွဲ့တွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

ပရဟိတသမားတွေကို အခုလိုဖမ်းဆီးတာဟာ မဖြစ်သင့်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရန်သူရယ်၊ မိတ်ဆွေရယ် မခွဲခြားဘူး။ သူတို့သည် စစ်တပ်က သွားမသယ်ရဲတဲ့ ဒဏ်ရာရတဲ့ဟာတွေ၊ အလောင်းတွေတောင် ရွှေဘိုဘက်တွေ၊ မုံရွာဘက်တွေတောင် သွားသယ်ပေးတာ။ အဲဒီတော့ ဒီဟာတွေက မလုပ်သင့်ဘူးပေါ့နော်။ ပရဟိတသမားဆိုတော့ ဒေါက်တာ ဇော်မြင့်မောင် သေလည်း သင်္ဂြိုဟ်ပေးရမှာပဲ။ မင်းအောင်လှိုင်သေလည်း သင်္ဂြိုဟ်ပေးရမှာ။ ရှင်းရှင်းလေးရယ်၊ ပရဟိတအလုပ်က။ ဒီလိုမျိုး ဒေါက်တာဇော်မြင့်မောင် နာရေးကို သူတို့လုပ်လို့ အမုန်းတရားနဲ့ ဒီလိုလုပ်မယ်ဆိုရင် ပရဟိတသမားတွေက တအားဒုက္ခရောက်တာ”

အခုဖြစ်ရပ်ကြောင့် တခြားတိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ အသင်းအဖွဲ့ဝင်တွေအနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ဖိအားတွေ ဖြစ်ရတယ်လို့ မကွေးမြို့ပေါ်မှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ပရဟိတမင်းခေါင် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“လောလောဆယ် လက်ရှိ စစ်ကိုင်းမှာလည်း ရှိတယ်။ မကွေးမှာလည်း ရှိတယ်။ မန္တလေးမှာလည်း ရှိတယ်။ မြန်မာပြည်အနှံ့ တော်တော်များများမှာဆိုရင်တော့ မိတ်ဖက် ပရဟိတမင်းခေါင်ထဲကို ဝင်ထားတဲ့ဟာက သုံးထောင်ဝန်းကျင်၊ လေးထောင်လောက် ရှိတယ်ဗျ။ ပရဟိတလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်သူမဆိုပါပေါ့။ ကျွန်တော်တို့ လုပ်တယ်။ ဒါပေမဲ့ ပြောရမယ်ဆိုရင် Pressure (ဖိအား) တော့ နည်းနည်းတော့ ရှိတာပေါ့”

မန္တလေးမြို့ရှိ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ နာရေးကူညီနေသည့်မြင်ကွင်းတစ်ခုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်‌နေ့က တွေ့ရစဉ်။ (Facebook/ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဓာတ်ပုံ)
မန္တလေးမြို့ရှိ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ နာရေးကူညီနေသည့်မြင်ကွင်းတစ်ခုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်‌နေ့က တွေ့ရစဉ်။ (Facebook/ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဓာတ်ပုံ)

မန္တလေးမြို့ပေါ်မှာတော့ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့ပေါင်း တစ်ရာနီးပါးရှိပြီး အခုလို ပရဟိတသမားတွေ ဖမ်းဆီးခံရတာကြောင့် စိုးရိမ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့က ပရဟိတသမားတစ်ဦးက RFA ကို ပြောပါတယ်။

“အခု အသင်းတွေကျတော့ နည်းနည်းပါးပါးတော့ စိုးရိမ်တာတော့ ရှိတာပေါ့ဗျာ။ တချို့ကျတော့လည်း သိပ်တောင် မလုပ်ရဲတဲ့အပိုင်းလည်း ရှိတာပေါ့။ ကျွန်တော်တို့ရုံးတွေမှာက ညစောင့်ရှိတယ်လေ၊ ကလေးတွေပေါ့။ အရေးပေါ်ကယ်ဆယ်ရေး ဘာညာ လုပ်ရမဲ့လူနာရှိရင် သွားရမဲ့အစောင့် သုံးလေးယောက်တော့ ပုံမှန်ထားရတာပေါ့။ ရုံးတိုင်းမှာ ထားကြပါတယ်။ ဒါပေမဲ့ သူတို့တောင် မအိပ်ရဲဘူးလို့ ပြောပြတာ။ အိပ်ပါ ဘာမှပြဿနာမရှိပါဘူး။ အဲဒီလိုတော့ ပြောရတာပေါ့။ စိုးရိမ်ကြောင့်ကြမှု၊ အဲဒီလိုလေးတော့ ကလေးတွေကတော့ ရှိတာပေါ့ဗျာ”

ပရဟိတမင်းခေါင် အဖွဲ့ဥက္ကဋ္ဌနဲ့ အသင်းသားတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

လူမှုကူညီရေးအသင်းသားတွေ ဖမ်းဆီး၊ သတ်ဖြတ်ခံရမှု တိုးလာ

သံဖြူဇရပ်မှာ လူမှုကူညီရေး ဥက္ကဋ္ဌ အပါအဝင် သုံးဦး အကြမ်းဖက်ပုဒ်မနဲ့တရားစွဲခံရ

ငါန်းဇွန်မှာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် လူလေးဦး သတ်ဖြတ်ခံရ


ပြီးခဲ့တဲ့ မေလတုန်းက စစ်ကိုင်းမြို့၊ သုခကာရီ ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းဝင် သုံးဦးနဲ့ နောက်ထပ် မြို့ခံလူမှုကူညီရေးသမား သုံးဦးတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပို့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

အလားတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာလည်း အောက်တိုဘာ ၉ ရက်နေ့မှာ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် အသင်းသားသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲထားရသလို မော်လမြိုင်၊ ရာမည၊ ဘီးလင်း၊ သထုံနဲ့ မုဒုံမြို့နယ်တွေမှာလည်း လူမှုကူညီရေးအသင်းသားတွေ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာတွေ ရှိနေတယ်လို့ နီးစပ်သူတွေက RFA ကို ပြောဆိုထားပါတယ်။

(မှတ်ချက် - ဤဆောင်းပါးတွင် မန္တလေးဒေသခံနှင့် လူမှုကူညီရေးအသင်းအချို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။