တိုက်ပွဲတွေကြောင့် အာရှလမ်းမကြီး ပြန်ဖွင့်ဖို့ အလှမ်းဝေးနေ
2024.10.28
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ အင်အားထပ်ဖြည့်နေတဲ့အတွက် ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲအသေးတွေ မကြာခဏဖြစ်နေပါတယ်။ ဒါကြောင့် ဒီကုန်သွယ်ရေးလမ်းမကြီးပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပြောဆိုကြပါတယ်။
စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေလို့ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတိုက်နေတဲ့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ကျော်ဟိန်းက RFA ကို ပြောပါတယ်။
“လမ်းပိုင်းအခြေအနေကတော့ လောလောဆယ် သူတို့ (စစ်ကောင်စီတပ်) က အင်အားဖြည့်တိုးတာ အများကြီးရှိတယ်ပေါ့နော်။ နေ့စဥ်နဲ့အမျှ တိုးနေတယ်။ တိုးတော့ ကျွန်တော်တို့လည်း ထိတွေ့တိုက်ပွဲတော့ မကြာခဏတော့ ဖြစ်နေတယ်ပေါ့နော်။ ရှေ့လျှောက် ကျွန်တော်တို့ တိုက်ပွဲအခြေအနေကတော့ နည်းနည်း ပြင်းထန်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်ခင်ဗျ”
တော်လှန်ရေး အင်အားစုတွေက အာရှလမ်းပိုင်းကိုပိတ်ဆို့ထားပေမဲ့ ကုန်သွယ်ရေးအတွက် လမ်းဟောင်းကိုတော့ ဖွင့်ပေးထားတယ်လို့ ဗိုလ်မှူး ကျော်ဟိန်းက ပြောပါတယ်။
“အခုလိုအခြေအနေကြောင့် အာရှလမ်းပြန်ဖွင့်ဖို့ မလွယ်သေးပါဘူး”
အာရှလမ်းပိုင်းအစား ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းနဲ့ လမ်းဟောင်းတွေကို ကုန်သွယ်ရေးအတွက် အသုံးပြုနေရတယ်လို့ နယ်စပ်ကုန်သည်တွေကလည်း ပြောပါတယ်။
အခုလိုအခြေအနေကြောင့် အာရှလမ်းပြန်ဖွင့်ဖို့ မလွယ်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
“အာရှလမ်းပေါ်မှာတင် သူတို့က တိုက်ပွဲတွေက ဖြစ်ဖြစ်နေတာ ခဏခဏပဲ။ အောက်က စစ်ကြောင်းကလည်း အဲဒီဘက်လမ်းကိုပဲ တက်လာတယ်။ ဒီဘက် တော်လှန်ရေးသမားတွေကလည်း အဲဒီလမ်းကြောင်းပဲ ယူထားတယ်ဆိုတော့ အဲဒီအပိုင်းကတော့ ဖွင့်ဖို့က တော်တော်ခဲယဥ်းမယ်”
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်တွေဟာ မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နားက စစ်ကောင်စီရဲ့ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာတပ်စခန်းကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီမှာ နည်းနည်းပါးပါးရှိနေတဲ့ ဒေသခံတွေကတော့ ကြိုတင်စစ်ရှောင်နေကြတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
“ရှောင်နေကြတာပေါ့။ ကြာပြီဆိုတာက လေယာဥ် ကြောက်ကြတယ်လေ။ လေယာဥ် ကြောက်တဲ့အခါကျတော့ အကုန်လုံးက ရှောင်နေကြတာပေါ့”
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက လေးကေ့ကော်မြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံတစ်သောင်းကျော် ထိုင်း-မြန်မာ နယ်စပ်က ယာယီစစ်ဘေးရှောင်စခန်း ခုနစ်ခုမှာ ခိုလှုံနေကြရပြီး ဒီနေ့အထိ ပြန်လို့မရသေးပါဘူး။
ကရင် တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ထိပ်ပိုင်းခေါင်းဆောင်တွေ စက်တင်ဘာ ၂၄ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး အဲဒီမှာ အာရှလမ်းမကြီးပြန်ဖွင့်ဖို့ အလွတ်သဘော ဆွေးနွေးတာတွေရှိတယ် ဆိုတဲ့အကြောင်း ဒေသခံမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
“ထိုင်းကုန်သည်ကြီးတွေနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား ညှိနှိုင်းမှုတွေရှိနေလို့ သတင်းတွေ ထွက်ခဲ့ပါတယ်”
ဒီသတင်းကို ကရင်ငြိမ်းချမ်းရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ငြင်းဆိုပါတယ်။
“သတင်းအချက်အလက် ကွာဟမှု ဖြစ်တာပဲလားတော့ မသိဘူး။ ကရင်လေးဖွဲ့ တွေ့ဆုံမှုကတော့ ဆရာကိုယ်တိုင်လည်း တက်ခဲ့တာပဲ။ သို့သော်လည်းပဲ အဲဒီ (အာရှ လမ်းပိုင်း) ကိစ္စကို ဆွေးနွေးတာတို့ ဘာတို့ မသိရှိရပါဘူး”
ဒီလမ်းပိုင်းကို ပြန်ဖွင့်နိုင်ဖို့ ထိုင်းကုန်သည်ကြီးတွေနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား ညှိနှိုင်းမှုတွေရှိနေလို့ သတင်းတွေ ထွက်ခဲ့တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကလည်း စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mongkol Visitstump (မုန်ခို ဝီစစ်စတန်) တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
အာရှလမ်းမ ပြန်ဖွင့်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေး
လေးကေ့ကော်က စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာတပ်စခန်းကို KNLA သိမ်းပိုက်
လက်နက်ကိုင်အဖွဲ့တွေကို ပိုက်ဆံပေးပြီး ထိုင်းပစ္စည်းတွေတင်သွင်းနေရ
ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်မယ်ဆို တိုက်ပွဲတွေမရှိအောင် နယ်မြေစခန်းတွေကို ပြန်ယူရမယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
“နှစ်နိုင်ငံ ကုန်သွယ်ရေးကို နယ်စပ်ကို မဖြစ်ဖြစ်အောင် ပြန်ဖွင့်မယ်ဆိုရင်တော့ ခုနပြောတဲ့ ဒီလမ်းကြောင်းမှာရှိတဲ့ ဖြစ်နေတဲ့ ပြဿနာတွေပေါ့နော်။ ခုနပြောတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ချုပ်ငြိမ်းသွားအောင် အတွက်ကတော့ နဂိုကထိန်းချုပ်ပြီးသားဖြစ်တဲ့ ပုံစံအတိုင်း နဂိုရရှိပြီးသား နယ်မြေတွေ စခန်းတွေကို ပြန်ယူရမှာတော့ ဒါအမှန်ပဲ”
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်တွေရဲ့ ကော့ကရိတ်မြို့သိမ်း တိုက်ပွဲဆင်နွှဲခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်ကစပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ ယာဥ်သွားလာမှုတွေ ရပ်ဆိုင်းခဲ့တာဖြစ်လို့ အခုဆိုရင် ဆယ်လရှိပြီဖြစ်သလို ထိုင်းပစ္စည်းတွေလည်း မြန်မာပြည်ထဲမှာ ရှားပါးနေပါတယ်။