အရာတော်မှာ ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အရှေ့မြောက်ခြမ်းကရွာတွေကို မေလ ၅ ရက် မနက်ကစပြီး အင်အား တစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ တာကြောင့် ရွာခြောက်ရွာက ဒေသခံခြောက်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မနက် ၆ နာရီခန့်မှာ ကြွေပုဂံရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်ပြီး စတင်ဝင်ရောက်ခဲ့တာကြောင့် ကြွေပုဂံအပါအဝင် ဝက်ခဲ၊ ရဲချင်း၊ တောင်မွှာ၊ အောင်သာနဲ့ အင်ကြင်းကုန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

"ဘာမှလည်း မသယ်နိုင်ဘူး။ ဒီအတိုင်း လူလွတ် အောင်ပြေးရတာ"

အဲဒီရွာခြောက်ရွာမှာ စုစုပေါင်းအိမ်ခြေ နှစ်ထောင်ဝန်းကျင်ရှိပါတယ်။

ရုတ်တရက်ဝင်လာလို့ ဘာမှမသယ်နိုင်ဘဲ ပြေးခဲ့ရပြီး အပူဒဏ်ကြောင့် ကလေးနဲ့ လူကြီးပိုင်းတွေ ကျန်းမာရေး အခက်အခဲရှိနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကြွေပုဂံရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်ခင်းကြီးဖြစ်သွားတာဆိုတော့ ဘာမှလည်း မသယ်နိုင်ဘူး။ ဒီအတိုင်း လူလွတ် အောင်ပြေးရတာ။ နေရာထိုင်ရေးကတော့ ဒီလိုပဲဖြစ်သလိုနေရတာ။ ရွာထဲတော့ ပြန်မဝင်ရဲသေးဘူး။ ကိုယ့်အိမ်ကိုယာလို့လည်း မမှတ်ရဘူး။ အလုပ်လည်းကောင်း ကောင်း မလုပ်ရဘူး။ မြန်မြန်အေးချမ်းချင်တာပဲ ကလေးငယ်တွေရော၊ ဘာတွေရော ပြေးရလွှားရတာ နေပူတယ်။ စိုးရိမ်ရတယ်။ ကလေးတွေကလည်း ဖျားတဲ့ကလေး တွေကဖျား၊ လူကြီးတွေကလည်း အမောဖောက်တဲ့သူကဖောက် အဲလိုတွေဖြစ်နေကြ တာ။ အပူက အပူဒဏ်ကလည်း တအားပြင်းတာ”

ကြွေပုဂံရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ရာမှာ ရွာထဲကနေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့သလို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကလည်း အဲဒီရွာကို တစ်ကြိမ် ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၉ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ အရာတော်မြို့နယ်မှာ နေအိမ် ၁၂၆၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၂၁ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရာတော် ဒေသခံတစ်ဦးကတော့ စစ်ဘေးဒုက္ခသည် တွေဟာ စစ်ကြောင်းတွေ ရွာထဲဝင်လာရင် ထွက်ပြေးပုန်းရှောင်ဖို့ တောတိုက်တွေထဲမှာ တဲတွေဆောက်ထားရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်ကတော့ အိမ်မှာနေတော့ နေကြတယ်။ တောတွေထဲမှာ ကိုယ့်တဲနဲ့ကိုယ် ဆောက်ထားကြတယ်။ စစ်ဘေးရှောင်ဖို့အတွက်ဆိုပြီးတော့ နောက်တစ်ခါ အမျိုးတွေဆီသွားပြီး နေကြတယ်။ ကိုယ့်အမျိုးရှိရာ သွားနေကြတာ များပါတယ်။ ရုတ်တရက်ပြေးရလို့ ခိုရတယ်ဆိုရင်တော့ အပင်အရိပ်အောက်တွေ အမိုးမပါဘာမပါနဲ့တော့ နေကြရတယ်။ ကျွန်တော်တို့ဘက်က ထန်းလက်အားကိုး ရတယ်။ ထန်းလက်ပဲ မိုးရတယ်။ ရွာတစ်ရွာမီးလောင်သွားပြီဆိုရင် ပြန်ပြီး ထူထောင်ဖို့ခဲယဉ်းတယ်”

စစ်ကောင်စီတပ်တွေဟာ အခုနောက်ပိုင်း စစ်ကြောင်းတွေခွဲပြီး ရွာတွေကို အမှတ်မထင် ဝင်ရောက်စီးနင်းပေမယ့် ရွာတွေထဲမှာ အချိန်မဆွဲဘဲ တောတောင်တွေထဲ စစ်ကြောင်း ပြန်ဖျောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အဲဒီလို စစ်ကြောင်းထိုးတဲ့ပုံစံကြောင့် လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်မယ့် အလား အလာ နည်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က တစ်ရွာကိုဝင်တယ် အခြေပြုတယ်။ အခြေပြုပြီးရင် ချက်ချင်းပြန်ခွာတယ်ပေါ့။ အဲလိုပုံစံမျိုးတွေပေါ့ ဝင်တယ်ဆိုရင်လည်း လက်နက်ကြီးနဲ့ ပစ်ဝင်တယ်ဆိုတော့ ကျွန်တော်တို့ အလုပ်ကကျတော့ ပြည်သူတွေကို ဘေးကင်းအောင် အရင်လုပ်ရတယ်။ အဲဒီအတွက်ကြောင့် သူတို့ကို ခုခံဖို့အတွက် အခြေအနေက သူတို့က ၁၅ မိနစ်လောက်၊ မိနစ် ၂၀ လောက်ပဲ အခြေပြုပြီးတော့ ပြန်ဆုတ်ဆုတ်သွားတယ်။ စစ်ကြောင်း ပြန်လှည့်သွားတာမျိုးတွေ လုပ်တာဆိုတော့ တိုက်ပွဲဖြစ်ဖို့ဆိုတာ နည်းနည်းရာခိုင်နှုန်း နည်းတာပေါ့ ကျွန်တော်တို့ဘက်က”

ကြွေပုဂံနဲ့ ဝက်ခဲရွာတွေကိုဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မေလ ၆ ရက် ဒီနေ့မနက်မှာတော့ ရဲချင်းရွာကိုရောက်နေတယ်လို့ ဆိုပါတယ်။

အရာတော်မြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးနေရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသူ ၁ ဒသမ ၈ သန်းကျော်လာပါပြီ။