လူကုန်ကူးမှုတွေကို ဖြိုခွင်းဖို့ လုပ်ဆောင်နေကြောင်း BGF ပြောကြား
2025.01.17

ကရင်ပြည်နယ် မြဝတီအခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တပ်ဖွဲ့တွေ စိုးမိုးတဲ့နယ်မြေမှာ တရုတ်လူမျိုးတွေ လုပ်ကိုင်လည်ပတ်နေတဲ့ လောင်းကစားနဲ့ အွန်လိုင်းက ငွေလိမ်တဲ့ စီမံကိန်းတွေမှာ လူကုန်ကူးခံရမှု ဆက်လက်ဖြစ်ပွားရင် လုပ်ငန်းပိတ်သိမ်းဖို့ စီစဉ်တယ်လို့ BGF ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှုးကြီးနိုင်မောင်ဇော်က RFA ကို ဇန်နဝါရီ ၁၇ ရက်မှာ အတည်ပြုပြောကြားပါတယ်။
BGF နဲ့ DKBA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လုပ်ငန်းရှင်တွေ ဇန်နဝါရီလ ၁၅ ရက်က တွေ့ဆုံတဲ့ အစည်းအဝေးမှာ ဒီကိစ္စအသိပေးထားတယ်လို့ ပြောပါတယ်။
“အဓိက ကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက DKBA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ ဒီက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံပြီးတော့ တွေ့ဆုံတာလည်း သတင်းမီဒီယာတွေ သိလောက်ပြီးထင်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီမှာက ဖြစ်နေတဲ့ ပြဿနာက ခုနကလို ကျွန်တော်တို့ တပ်ဖွဲ့တွေမသိဘဲနဲ့ ခုနက လူမှောင်ခိုအဖွဲ့တွေပေါ့ အဲဒါတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ် ဒါကိုဆက်မဖြစ်ဖို့ ထိရောက်စွာ အရေးယူဖို့ ကျွန်တော်တို့ ဒီနောက်ဆုံးအစည်းအဝေးခေါ်တွေ့ပြီးတော့မှ ကျွန်တော်တို့ ဒီလိုဆက်ပြီးတော့မှ ထပ်ဖြစ်လာမယ်ဆိုလို့ရှိရင် လုပ်ငန်းဆိုက်တွေ ပိတ်သိမ်းပြီးတော့ လုပ်ငန်းရှင်တွေ အရေးယူခံရတဲ့ အနေအထားအထိကို ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားတာ ရှိပါတယ်ခင်ဗျ”
BGF တပ်ဖွဲ့ နဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကတော့ ထိုင်းနိုင်ငံကိုရောက်လာတဲ့ တရုတ်သရုပ်ဆောင် ဝမ်ရှင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်ကနေ ၇ ရက်အထိ လေးရက်ကြာ လူကုန်ကူးခံရမှုမှာ မြန်မာနိုင်ငံက ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံက ဖိအားပေးနေတယ်လို့ ပြောပါတယ်။
"တရုတ်မင်းသားကိစ္စနောက်ပိုင်း ထိုင်းက တော်တော်လေး ဖိအားပေးတယ်လေ၊ အဓိကဖြစ်သွားတာက ထိုင်းဘက် မယ့်ကိုကင်းရွာဘက်ကနေ မြန်မာဘက် အင်ကြင်းမြိုင်ရွာနားက AA park တရုတ်ဆိုက် (Site) ထဲက ကျားဖြန့်ရုံ တစ်ခုကို ရောင်းစားခံထိတာကနေ ကျားဖြန့်မှာ ခိုင်းလို့မရရင် နှိပ်စက်ပုံစံသွင်းတဲ့ တရုတ်ဂိုဏ်းကို ရောက်သွားတာ၊ ပြန်လိုက်ရွေးတာ မြန်လို့ ပြန်လွတ်တာ၊ အဲလို နှိပ်စက်တဲ့နေရာတွေ မရှိအောင် DKBA နဲ့ BGF က ဝင်ရှင်းမယ်၊ ဖမ်းမယ်လုပ်မယ်ပေါ့နော်၊ အဲလိုစီစဉ်နေတယ်”
ဆက်နွှယ်သောသတင်းများ
ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုတားဆီးရေး BGF၊ DKBA နဲ့ လောင်းကစားရုံလုပ်ငန်းရှင်တွေ ဆွေးနွေး
ကျားဖြန့်ကြောင့် နယ်စပ်မှာ ထိုင်းအာဏာပိုင်တွေ လုံခြုံရေးတင်းကျပ်
အွန်လိုင်းငွေလိမ်ဂိုဏ်းက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား တစ်ရာကျော်ရှိလာ
ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ထိုင်းအာဏာပိုင်တွေ၊ ထိုင်းတော်ဝင်စစ်တပ်နဲ့ ထိုင်း-မြန်မာနယ်စပ်က ကျေးရွာလုံခြုံရေးအဖွဲ့တွေဟာ ကျောက်ခက်၊ ဖုဖရ၊ မယ်ထော်သလေး၊ ဝမ်ဖာ၊ ဝှေးကလုပ်ကျေးရွာတွေမှာ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနယ်စပ်နားမှာ လူကုန်ကူးခံရနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့အကြောင်း အင်္ဂလိပ်၊ ထိုင်း၊ တရုတ်ဘာသာနဲ့ သတိပေးတဲ့ ပိုစတာတွေ စိုက်ထူနေပါတယ်။
ဒါ့အပြင် ထိုင်းဘက်အခြမ်း သောင်ရင်းမြစ်လှေဆိပ်တစ်ဝိုက်မှာ ထိုင်းတော်ဝင်တပ်က လုံခြုံရေးတင်းကျပ်ပြီး ကင်းလှည့်နေတယ်လို့ BGF တပ်ဖွဲ့မိသားစုဝင် တစ်ယောက်က ပြောပါတယ်။
"ထိုင်းစစ်တပ်က ကင်းပတ်နေတာရော၊ ဂိတ်ချ စစ်တာရော ရှိနေတယ်၊ ကုန်ကူး၊ ကားကူးတာတွေ ရပ်ထားတယ်၊ ရွာသားကတော့ ကူးလို့ရတယ်၊ ရွာခံ နယ်ခံမဟုတ်တာတော့ ဂိတ်ပေးမကူးဘူး၊ အင်ကြင်းမြိုင်၊ ငါးဘတ်ဂိတ်မှာတော့ ထိုင်းဘက်ကို လူစိမ်း (မြန်မာပြည်သား) ကူးလာရင် ဓာတ်ပုံရိုက်ပြီး ဖမ်းတာရှိတယ်”
အခုလတ်တလော ထိုင်းမြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံက နိုင်ငံခြားသားတွေ လူကုန်ကူးခံရမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။