ဘုတလင်မြို့နယ် ဆုံကုန်းရွာမှာ အိမ် ၁၇၅ လုံး မီးရှို့ခံရ၊ သက်ကြီးရွယ်အို ခုနစ်ဦး သေဆုံး

RFA Burmese
2023.03.26
Share on WhatsApp
Share on WhatsApp
ဘုတလင်မြို့နယ် ဆုံကုန်းရွာမှာ အိမ် ၁၇၅ လုံး မီးရှို့ခံရ၊ သက်ကြီးရွယ်အို ခုနစ်ဦး သေဆုံး ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်နေသည့် နေအိမ်အဆောက်အအုံများအား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာကို မတ်လ ၂၅ ရက်၊ မနက် ၈ နာရီ ဝန်းကျင်မှာ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရုတ်တရက် ဝင်ရောက် စီးနင်းခဲ့ပါတယ်။

အဲ့ဒီစီးနင်းမှုကြောင့် ဒေသခံအရပ်သားတွေ အသက်လုထွက်ပြေးခဲ့ရပြီး နေအိမ် ၁၇၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ ထွက်မပြေးနိုင် လို့ နေအိမ်မှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အို အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသားတစ်ဦး မီးလောင်ကျွမ်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျေးရွာထဲမီးရှို့ခံရတာနဲ့ပတ်သက်လို့ သက်သက်ကြီးကို လာရှို့တာဆိုတော့ဗျာ။ ဒီခေတ်ဒေသမှာ ဒီလိုမျိုးက တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်သွားတာပေါ့"

သေဆုံးသူတွေဟာ အသက် ၈၀ အရွယ် ဒေါ်တင်အိ၊ အသက် ၈၁နှစ်အရွယ် ဒေါ်ပြည့်၊ အသက် ၅၈ နှစ်အရွယ် ဒေါ်သန်းမြင့်၊ အသက် ၇၀ အရွယ် ဒေါ်ကြည်အောင်၊ အသက် ၈၄ နှစ်အရွယ် ဒေါ်ခွေး၊ အသက် ၈၄ နှစ်အရွယ် ဒေါ်ခင်မြင့်နဲ့ အသက် ၇၀ အရွယ် ဦးကြီးမြင့်တို့ ဖြစ်ပါတယ်။

အရင်တုန်းကလည်း ဆုံကုန်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပေမယ့် မီးရှို့ ဖျက်ဆီးတာ မရှိတဲ့အတွက် အခုတစ်ကြိမ်မှာလည်း မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတချို့ ဟာ နေအိမ်မှာပဲနေခဲ့ကြတာလို့ ဆုံကုန်းရွာဒေသခံတစ်ဦးက ပြောပါတယ်။

“မိသားစုဝင်တွေက ထားခဲ့တာလားဆို ကျန်းမာရေးက သူတို့က လွယ်လွယ်ကူကူ သွက်သွက်လက်လက်လည်း မသွားနိုင်ကြဘူးဗျ။ မသွားနိုင်တော့ သူတို့အိမ်မှာရှိတဲ့ဟာ ကလည်း သိပ်ပြီးတော့ သွက်သွက်လက်လက် လူကြီးပိုင်း ပဲရှိတာပေါ့ဗျာ ပြောမယ် ဆိုရင်။ ခါတိုင်း ဒီလိုစစ်ကြောင်းထိုးနေ၊ သူတို့လည်း ကိုယ့်အိမ်ထဲကိုယ်နေတော့ လွတ်တယ်ဆိုပြီးတော့ ရွာထဲကလူငယ်ဘာညာကလည်း ကိုယ့်ဖို့ရာ အလွတ်ရုန်းပြီး တော့ မကယ်ဆယ် နိုင်ခဲ့တာပေါ့ဗျာ ဒီလိုတွေလုပ်မယ်မထင်တော့ကျတော့ အဲလို ဖြစ်သွားတာဗျ”

ဆုံကုန်းရွာမှာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး နေအိမ် ၁၇၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။

နေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့အတွက် ကုန်းကောက်စရာတောင်မကျန်ဘဲ အရာရာခက်ခဲ သွားပြီလို့ နောက်ထပ် ဆုံကုန်းရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျေးရွာထဲမီးရှို့ခံရတာနဲ့ပတ်သက်လို့ သက်သက်ကြီးကို လာရှို့တာဆိုတော့ဗျာ။ ဒီခေတ်ဒေသမှာ ဒီလိုမျိုးက တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်သွားတာပေါ့။ ကိုယ့်ရွာ ကိုယ့်ဒေသ အဲလိုမျိုး သူများတွေလည်း အရှို့ခံနေရတာဆိုတော့ အခက်အခဲ ကတော့ အများကြီးပဲဗျ။ ကျနော်တို့ အဲဒီစားဝတ်နေရေးရော အများကြီးပဲပေါ့ဗျာ။ ဟို ကိုယ်မှမဟုတ်ဘူး တိရစ္ဆာန်တွေရော၊ လူတွေရောအများကြီးပဲ။နေစရာ အိမ်တွေရော အခက်အခဲကတော့ အခု လောလောဆယ်ကတော့ မနေ့ကမှ အရှို့ခံရတာဆိုတော့ အကုန်လုံးလုပ်နေကြတာပဲဗျ”

ဆုံကုန်းရွာမီးရှို့ခံရမှုမှာ နေအိမ်နဲ့ ဒေသခံ ခုနစ်ဦးရဲ့ အသက်တင်ဆုံးရှုံးတာမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်အများအပြားလည်း မီးလောင်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

နေအိမ်မီးရှို့ခံရသူတွေဟာ လက်ရှိမှာ နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်နေသည့် နေအိမ်အဆောက်အအုံများကို မီးငြှိမ်းသတ်နေသည့် ဒေသခံများအား တွေ့ရစဉ်။ (Photo: Citizen Journalist)
ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်နေသည့် နေအိမ်အဆောက်အအုံများကို မီးငြှိမ်းသတ်နေသည့် ဒေသခံများအား တွေ့ရစဉ်။ (Photo: Citizen Journalist)

ဆုံကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ မတ်လ ၂၅ ရက် မနက် ၁၁ နာရီ ဝန်းကျင်မှာပဲ ရွာထဲကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

မတ်လ ၂၄ ရက်နေ့လယ်ပိုင်းက ဆုံကုန်းရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းထောင်ဖောက်ခွဲခဲ့ပါတယ်။ အဲ့ဒီဖောက်ခွဲမှုမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တာကြောင့် မတ်လ ၂၅ ရက်မှာ ဆုံကုန်းရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းတာဖြစ်နိုင်တယ်လို့ ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အခုလို ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး မီးရှို့တဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ် တိုက်ခိုက်တာမျိုး လုပ်နေတယ်လို့ ဘုတလင်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က RFA ကို ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲဖော်ဆောင်လို့ရမယ်နေရာမှာ တိုက်ပွဲဖော်ဆောင်ပေးတယ်။ တိုက်ပွဲဖော်ဆောင်လို့မရတဲ့ နေရာတွေမှာ တိုက်ပွဲမဖော်ဆောင်ပါဘူးဗျ။ အဲတော့ ကျနော်တို့ ဒေသခံကာကွယ်ရေးအနေနဲ့ ကတော့ အဲလိုပဲလုပ်ဆောင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ များသောအားဖြင့် ကာထားတာအများကြီးရှိတယ်။ ကာထားတဲ့ ကျင်းထဲဝင်ရင်တော့ ကျနော်တို့က အမြီးရရ ခေါင်းရရ စားတယ်ဗျ။ အဲလို ကာလို့မရတဲ့ ထားပါတော့ အဲလိုရွာတွေတို့၊ နေရာဒေသတွေတို့ ပြည်သူလူထုကတော့ ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကာလို့မရဘူးဆိုတဲ့ ကျနော်တို့ရဲ့ တပ်မှူးကပြောထားရင် ကျနော် တို့က ရှောင်ပေးထားတယ်။ ဟပေးထားတယ်ပေါ့ဗျာ”

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်နေသည့် ဘုတလင်၊ ဆုံကုန်းကျေးရွာအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်နေသည့် ဘုတလင်၊ ဆုံကုန်းကျေးရွာအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဆုံကုန်းရွာ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် တာမရှိသေးပါဘူး။ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကိုလည်း မတ်လ ၂၆ ရက်မှာ RFA တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေ မယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်ကို စစ်ကြောင်း နှစ်ခုခွဲပြီး ဘုတလင်မြို့နယ် အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းကျေးရွာတွေကို ဦးတည်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့် နေတဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၆၀,၄၅၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲ့ဒီထဲက နေအိမ် ၄၇,၇၇၈ လုံးက စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။

အလားတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  မတ်လ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၃၁၆၀ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။