မဏိပူရ် အင်ဖာထောင်မှာ ထိန်းသိမ်းခံ ချင်းဒုက္ခသည်တစ်ဦး သေဆုံး
2023.03.01

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် ကူကီးချင်းလူမျိုး ကိုလမ်းခိုချွန်းဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားပါတယ်။
သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက မိသားစုနဲ့အတူ နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ်ကို ထွက်ပြေးခိုလှုံသွားတာပါ။
မိုးရေးမြို့နယ် လန်းချန်ကျေးရွာမှာ ခိုလှုံနေစဉ် ကိုလမ်းခိုချွန်းနဲ့ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည်တချို့ကို မဏိပူရ်ပြည်နယ်အစိုးရ အာဏာပိုင်တွေက ဇန်နဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးပြီး အင်ဖာအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားတာပါ။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က အင်ဖာအကျဉ်းထောင်ထဲမှာ ကိုလမ်းခိုချွန်း ရုတ်တရက် သေဆုံးသွားပုံကို မိသားစုဝင်တစ်ဦးက RFA ကို ပြန်ပြောပြပါတယ်။
"ည ၈ နာရီ၊ ၉ နာရီလောက် အချုပ်ထဲမှာ သူ့သူငယ်ချင်းတွေနဲ့ ဝိုင်းစုပြီးတော့ စကားပြောပြီး အကုန်လုံးအိပ်တဲ့အချိန် ညသန်းခေါင်ကျမှ ရုတ်တရက်ကြီး ထအော်တာလို့ ပြောတယ်။ သူ့သူငယ်ချင်းတွေက လိုက်ကြည့်တဲ့အခါကျတော့ ဝက်ရူးပြန်သလို ခန္ဓာကိုယ် ခြေလက်တွေတောင့်ပြီးမှ သူ့သူငယ်ချင်းတွေက ဝိုင်းနှိပ်ပေးတာ။ မသက်သာတော့ ထောင်ဝန်ထမ်းတွေလာပြီး ဆေးရုံပို့တာ၊ ဆေးရုံရောက်တော့ မကြာတော့ဘူး၊ မနက်ပိုင်း ၂ နာရီ ၄၅ မှာ ဆုံးသွားတာလို့ ကြားတယ်"
ကိုလမ်းခိုချွန်း သေဆုံးချိန် ဇနီးနဲ့အတူ လေးနှစ်အရွယ် သားလေးတစ်ဦး ကျန်ရစ်ပါတယ်။ သူ ဘာကြောင့်သေဆုံးသလဲဆိုတဲ့အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် နှလုံးရောဂါအခံရှိရာကနေ ထောင်တွင်း အခြေအနေတွေ ညံ့ဖျင်းတာကြောင့် အခုလိုသေဆုံးတာလို့ စစ်ဘေးဒုက္ခသည်တွေက မှတ်ယူထားပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သူ့ရဲ့ရုပ်အလောင်းကို အင်ဖာထောင်ကနေ လန်းချန်ရွာဆီ ပြန်ယူလာပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ချင်းပြည်နယ်သတင်းတွေကို ရေးသားဖော်ပြနေတဲ့ Zelens News သတင်းတစ်ပုဒ်မှာတော့ အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် ၁၇၀ ကျော်ရှိနေကြောင်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ကို ကိုးကားဖော်ပြထားပါတယ်။
ကိုလမ်းခိုချွန်း သေဆုံးပြီးနောက်မှာ အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် သက်ကြီးရွယ်အို သုံးဦးလည်း ကျန်းမာရေး မကောင်းတာကြောင့် ဆေးရုံတင်ထားရတယ်လို့ India for Myanmar အဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းဒိုခွါက ပြောပါတယ်။
"နှိပ်စက်တဲ့ဟာ မဖြစ်နိုင်သော်ငြားလည်း ထိန်းသိမ်းထားတဲ့နေရာတွေက လုံးဝကို ကျန်းမာရေးနဲ့ မညီဘူးဆိုတဲ့ဟာတော့ ကျနော်တို့ သိထားရတယ်။ အဆောက်အအုံ၊ အိမ်သာတွေလည်း လုံးဝမကောင်းဘူး။ ရေဆိုရင်လည်း ရေငန်ပဲ သောက်ရတယ်။ တချို့ ငွေကြေးပိုတတ်နိုင်တဲ့သူတွေကပဲ ရေကို ဝယ်သောက်နိုင်တဲ့ အနေအထား ဖြစ်တယ်။ အဲလို ကျနော်တို့ ကြားထားတဲ့အခါကျတော့ ဒါကသူတို့ကို တိုက်ရိုက်နှိပ်စက်ခြင်း မဟုတ်သော်လည်း သူတို့ထားတဲ့နေရာရဲ့ အခြေအနေ ဆိုးရွာမှုကြောင့်ဖြစ်မယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတင်မကပဲ သက်ကြီးပိုင်း သုံးယောက်လည်း အခုအရေးပေါ်အခြေအနေနဲ့ ဆေးရုံတင်ထားရတယ်"
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မဏိပူရ်ပြည်နယ်အစိုးရကို RFA က ဒီနေ့မနက်ပိုင်းက အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဖမ်းဆီးနေတဲ့အပြင် မဏိပူရ်ပြည်နယ်အစိုးရလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မြန်မာဒုက္ခသည်တွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို ဖျက်ဆီးတာတွေ လုပ်နေတဲ့အတွက် ဘေးလွတ်ရာကို ထပ်မံထွက်ပြေးနေရတယ်လို့ မြန်မာစစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
မိုးရေးမြို့နယ်မှာ ခိုလှုံနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေဟာ အတော်ခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
"ဥက္ကဋ္ဌတွေက သတင်းပေးတယ်။ ကျွန်တော်တို့ ဒုက္ခသည်တွေက သားသမီးတွေ တစ်ပွေ့ တစ်ပိုက်နဲ့ တောထဲမှာပြေးရတယ်။ အိမ်တွေကို တစ်ပတ်နှစ်ပတ်အတွင်း ဖျက်၊ မြန်မာကလာတဲ့ ဒုက္ခသည်တွေကို လုံးဝလက်မခံဖို့ အကုန်လုံး ပြန်မောင်းထုတ်ပါ ဆိုပြီးမှ ဥက္ကဋ္ဌတွေကို ကြိမ်းမောင်းပြီးထားခဲ့တာ လေးငါးခြောက်ရွာရှိတယ်၊ ဒီနယ်စပ်မှာ။ ဒီအပြင် ကျွန်တော်တို့မှာ ရွေးချယ်ပိုင်ခွင့်မှ မရှိတော့တာ။ မြန်မာပြည်ဘက် ပြန်လာရင် လည်း အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဒီမှာနေရင်လည်း အဖမ်းခံရမယ့် အဖြစ်မျိုးနဲ့ မလွတ်တဲ့အတွက် ဖြစ်ချင်ရာဖြစ်၊ ဖမ်းမယ်ဆိုလည်း လာဖမ်းပါစေတော့ဆိုပြီး စိတ်ဒုံးဒုံးချပြီးတော့ ဒီမှာပဲနေကြတော့တာပဲ။ နေ့လည် နေခင်းဆိုရင်တော့ ကျွန်တော်တို့ ရှောင်ပေးရတယ်။ ရှောင်ပြီးမှ ညကျမှ ပြန်လာ၊ အေးဆေးဆေးဆေး ချက်ပြုတ် စားသောက်ပြီးမှ နောက်နေ့မနက်ကျတော့ ပြန်ပြေးနေရတယ်"
မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေဟာ မိဘမဲ့ သားသမီးလို အားကိုးရာမဲ့ဖြစ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာ စစ်ဘေး ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"အခုချိန်မှာ ကျနော်တို့ စစ်ဘေးရှောင်ပြည်သူတွေဟာ အားကိုးရာမဲ့တဲ့ သားသမီးတွေ လို ဖြစ်နေပြီ။ မိဘမဲ့တွေ ဖြစ်နေတယ်။ ဟိုဘက်ကိုလည်း အားကိုးလို့မရ၊ ဒီဘက်ကို လည်း အားကိုးလို့မရ၊ ကြားထဲမှာ ကိုယ့်အသက်ရှင်နိုင်အောင် ဆောင်ရွက်ရတယ်။ ကိုယ့်သားသမီးတွေ ထမင်းမငတ်အောင် ခါးစည်းပြီးမှ ရင်ဆိုင်နေရတယ်"
"ကျွန်တော်တို့ စစ်ဘေးရှောင်ပြည်သူတွေဟာ အားကိုးရာမဲ့တဲ့ သားသမီးတွေလို ဖြစ်နေပြီ။ မိဘမဲ့တွေ ဖြစ်နေတယ်။ ဟိုဘက်ကိုလည်း အားကိုးလို့မရ၊ ဒီဘက်ကိုလည်း အားကိုးလို့မရ"
မြန်မာနိုင်ငံမှာ မလုံခြုံလို့ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို အခုလို ဖမ်းဆီးတာဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ဝင် ဆလိုင်းကျုံးဒေါ့က ပြောပါတယ်။
"ထောင်ထဲမှာ သေတဲ့အထိ ပြဿနာကြုံလာတဲ့အခါကျတော့ ဒါတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။ ကျွန်တော်တို့ထဲမှာတော့ ထဲထဲဝင်ဝင် သိပ်ဆွေးနွေးတာ မရှိသေးပေမယ့် ကျွန်တော်ကိုယ်တိုင်အမြင်မှာတော့ လူ့အခွင့်အရေးလှုပ်ရှားသူအနေနဲ့ ဒါကတော့ လုံးဝလူ့အခွင့်အရေး ချိုးဖောက်တယ်လို့ မြင်ပါတယ်"
မြန်မာနိုင်ငံကနေထွက်ပြေးပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်ရှိနေတယ်လို့ ချင်းလူမှုအရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ အဲဒီအထဲက မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေသူ တစ်သောင်းကျော်ရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း စစ်ဘေးဒုက္ခသည် ၁၇ဝ ကျော် အင်ဖာ အကျဥ်းထောင်ထဲမှာ အဖမ်းခံထားရတာပါ။
အကျဉ်းထောင်ထဲမှာ လူသေဆုံးမှု၊ စစ်ဘေးဒုက္ခသည်တွေကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ကူကီး အရပ်ဘက်အဖွဲ့အစည်းအသီးသီးက မဏိပူရ်ပြည်နယ်အစိုးရကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယအစိုးရနဲ့ မဏိပူရ်ပြည်နယ်အစိုးရတို့ဟာ နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးလာတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားစွာ အသိအမှတ်ပြု လက်ခံပေးဖို့လည်း တိုက်တွန်း ထားပါတယ်။