စစ်မှုထမ်းစာရင်း စုဆောင်းခိုင်းမှုကြောင့် သံတွဲက အုပ်ချုပ်ရေးမှူး နှစ်ဆယ်ကျော် နုတ်ထွက်စာတင်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းရမယ့်သူ စာရင်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ လူစုဆောင်းခိုင်းတာတွေကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၂၁ ဦးဟာ မတ်လ ၁၈ ရက် မနေ့က နုတ်ထွက်စာတင်လိုက်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကို ပြောပါတယ်။

သံတွဲမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက အသက် ၂၄ နှစ်နဲ့ ၃၀ ကြားအရွယ်ရှိတဲ့ ဆယ်တန်းမအောင်တဲ့သူတွေကို ရွာကြီးရင် နှစ်ဦး၊ ရွာသေးရင် တစ်ဦး စစ်မှုထမ်းဖို့ စုဆောင်းပေးရမှာဖြစ်သလို ပြည်သူ့စစ် ဖွဲ့ဖို့အတွက်လည်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အရွယ်ရှိသူတွေကို ရွာကြီးရင် လူနှစ်ဆယ်၊ ရွာသေးရင် ငါးဦး စုဆောင်းခိုင်းတာလို့ ဆိုပါတယ်။

"ထွက်စာတင်တာက သံတွဲမြို့ရဲ့ မြောက်ဘက်ခြမ်းရွာတွေက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်တယ်"

နုတ်ထွက်စာတင်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတစ်ဦးကတော့ ရွာသားတွေက စစ်မှုမထမ်းချင်ကြတာကြောင့် အဲဒီအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်လိုက်ကြတာလို့ RFA ကို ပြောပါတယ်။

“မနေ့က အုပ်ချုပ်ရေးမှူး ၂၁ ယောက် နှုတ်ထွက်စာ တင်တယ်ပေါ့နော်။ စစ်မှုထမ်းဖို့ ခေါ်တာတွေကို ရွာကလူတွေက မကျေနပ်ဘူး။ ဘယ်သူမှလည်း မလိုက်ချင်ဘူး။ ရွာသားတွေနဲ့လည်း ပြဿနာတက်ကြတော့ နုတ်ထွက်စာ တင်တာပေါ့နော်”

သံတွဲမြို့နယ်မှာ ကျေးရွာအုပ်စု ၆၂ စုရှိပြီး အဲဒီအထဲက ကျေးရွာအုပ်စု ၂၁ စုက အုပ်ချုပ်ရေးမှူးတွေက သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ နုတ်ထွက်စာတင်ခဲ့တာလို့ ဆိုပါတယ်။

နုတ်ထွက်စာတင်ကြတာဟာ သံတွဲမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲမြို့နယ်က အုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။

“ထွက်စာတင်တာက သံတွဲမြို့ရဲ့ မြောက်ဘက်ခြမ်းရွာတွေက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်တယ်။ ပြည်သူ့စစ်မှုထမ်းဖို့ ကလေးတွေကို အုပ်ချုပ်ရေးမှူးတွေက မဲဖောက်ပေးရမယ်၊ စုဆောင်းပေးရမယ်ဆိုတော့ အဆင်မပြေလို့ပေါ့နော်။ မဲပေါက်သူတွေကို ခေါ်မရဖြစ်မှာကို စိုးရိမ်နေကြတယ်လေ။ အဲဒီလိုဆိုရင် အုပ်ချုပ်ရေးမှူးတွေအပေါ် ဝန်လေးလာမယ်လေ။ ဒါကြောင့် မဝံ့မရဲဖြစ်ပြီး နုတ်ထွက်စာတင်ကြတာပေါ့”

နုတ်ထွက်စာတင်သူတွေထဲက အုပ်ချုပ်ရေးမှူးအချို့ကို RFA က မေးမြန်းခဲ့ရာမှာတော့ သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီနေ့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်းနဲ့ သူတို့အနေနဲ့ နုတ်ထွက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာကြောင့် အသေးစိတ် မပြောလိုသေးဘူးလို့ ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ ဒီအချိန်မှာ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ဖို့ ဆုံးဖြတ်တာဟာ မှန်ကန်တဲ့ရွေးချယ်မှုပဲလို့ ပြောပါတယ်။

“တော်လှန်ရေး အင်အားစုတွေဘက်ကလည်း အဲဒီစစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းတယ်ဆိုတာကို မလိုလားဘူး။ ပြည်သူတွေကလည်း မကြိုက်ဘူးပေါ့။ အဲဒီလိုအခြေအနေမှာ အုပ်ချုပ်ရေးမှူးတွေကို တပ်သားသစ် စုဆောင်းခိုင်းတယ်။ စစ်မှုထမ်းဖို့ စာရင်းကောက်ခိုင်းတယ်။ ဖိအားပေးတယ်ဆိုတာကိုတော့ ဘယ်အုပ်ချုပ်ရေးမှူးကမှ လုပ်ချင်မှာ မဟုတ်ဘူး။ လုပ်ရင်လည်း ပြည်သူတွေကတစ်မျိုး၊ တော်လှန်ရေး အင်အားစုတွေကတစ်မျိုး ကြားညှပ်ပြီးတော့ အခက်အခဲတွေ့နိုင်တယ်ပေါ့။ ဒါကြောင့် စစ်တပ်က ဒီလိုစေခိုင်းတဲ့အပေါ်မှာ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်တာ သဘာဝကျပါတယ်”

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအဝင် မာန်အောင်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ဂွ၊ အမ်းစတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် လူစုဆောင်းခိုင်းနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လူငယ်တွေကတော့ စစ်မှုထမ်းဖို့ဆန္ဒမရှိတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေရှိသလို ထွက်ပြေးသွားရင် ကျန်ခဲ့တဲ့ မိသားစုတွေ အခက်အခဲဖြစ်မှာကို စိုးရိမ်တာကြောင့် ရွာမှာပဲ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တွေက ရိုဟင်ဂျာ တစ်ထောင်လောက်ကိုလည်း ပြည်သူ့စစ်ဖွဲ့ဖို့အတွက် အတင်းအဓမ္မစုဆောင်းပြီး စစ်သင်တန်းပေးနေတယ်လို့ ရိုဟင်ဂျာတွေအရေး ကူညီပေးနေသူတွေက RFA ကို ပြောထားပါတယ်။