တော်လှန်ရေးအတွက် သူနာပြုဆရာမတစ်စုရဲ့ အရေးပေါ် လျှို့ဝှက်ဆေးခန်း
2021.12.28

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သူနာပြုဆရာမ လေးငါးယောက်ဟာ ကိုဗစ်-၁၉ လူနာတွေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ခုခံတော်လှန်နေကြသူတွေအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေနဲ့အတူ အရေးပေါ် ကုသရေးဆေးခန်းတွေ လျှို့ဝှက်ထူထောင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ကျန်းမာရေးလုပ်သားတွေ ရှေ့ဆုံးက ပါဝင်ခဲ့ကြပြီး စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြသူ ၁၃၀ ကျော် သေဆုံးခဲ့ရကြောင်း၊ ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။ အစိုးရဌာနတွေကပါ သပိတ်မှောက် ခဲ့ကြတာကြောင့် ဆေးရုံတွေ အတော်များများမှာ ဝန်ထမ်းတွေ ကင်းမဲ့သွားပြီး အာဏာသိမ်းစစ်ကောင်စီက သပိတ်မှောက် ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခဲ့၊ သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေအတွင်း သေဆုံးသူ လေးသောင်းဝန်းကျင်အထိ ပြင်းထန်တဲ့ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်း ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် နောက်လာတဲ့ ကူးစက်မှုမှာ တစ်ရက်ကို ကူးစက်မှုအသစ် ၁၅၀ ဝန်းကျင်အထိ ကျဆင်းသွားမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ အိုမီခရွန်အမျိုးအစား ကူးစက်မှု ပေါ်ပေါက်လာဖွယ်ရှိကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ယိမ်းယိုင်နေတဲ့ ကျန်းမာရေးစနစ်နဲ့အတူ ရုန်းကန်နေရသလို စစ်ဆေးမှုတွေကိုလည်း အကန့်အသတ်နဲ့သာ ဆောင်ရွက်နိုင်သေးတာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ရှစ်သောင်းခွဲဝန်းကျင် နေရာရွှေ့ပြောင်းခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာလည်း လူပြည့်ကြပ်နေတဲ့အတွက် ကူးစက်မှုတွေ လွယ်ကူမြန်ဆန်နိုင်ကြောင်း ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ မကျန်းမာသူ လူနာအများစုဟာ နေရာရွှေ့ပြောင်းခဲ့ကြရသူတွေ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ အဲဒီနယ်မြေဒေသမှာ ဆရာဝန်နဲ့ ဆေးဘက်ဝန်ထမ်း များများစားစား မရှိပါဘူး။
ကျေးရွာတရွာမှာတော့ Covid-19 ကူးစက်မှု ရှိ-မရှိ စစ်ဆေးဖို့အတွက် ဝါးနဲ့တည်ဆောက်ပြီး၊ ပလတ်စတစ်နဲ့ ကာရံထားတဲ့ တဲထဲကနေ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပလတ်စတစ်အကွဲကြောင်း တစ်ခုကြားကတဆင့် စစ်ဆေးခံသူဆီက နှာခေါင်းတို့ဖတ် ရယူခဲ့ရပါတယ်။ အဲဒီနည်းနဲ့ ရယူခဲ့တဲ့ နှာခေါင်းတို့ဖတ်ကို စစ်ဆေးပြီး ပိုးတွေ့ရှိတယ်ဆိုရင်လည်း ပေးနိုင်တဲ့ဆေးက ပါရာစီတမော့နဲ့ ဗိုက်တာမင်ဆေးပြားတွေသာ ဖြစ်ပါတယ်။
လှူဒါန်းလို့ ရရှိထားတဲ့ အောက်ဆီဂျင်ဆိုရင်လည်း ချွေချွေတာတာ သုံးရပါတယ်။ ပြန်ဖြည့်ဖို့ လိုပြီဆိုရင်လည်း အနီးဆုံးက မြို့ကြီးတမြို့ကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရတာပါ။ တာဝန်ချိန်ပြီးတာနဲ့ အလှည့်ကျကျန်းမာရေးဝန်ထမ်းက ပလတ်စတစ်ကာကွယ်ရေးဝတ်စုံနဲ့ နှာခေါင်းစည်းကို ချွတ်ပြီး ပိုးသတ်ရပါတယ်။ ဒါမှ နောက်လာမယ့် တာဝန်ကျသူအတွက် အသင့်ဖြစ်နေမှာပါ။

တော်လှန်ရေးစည်းမျဉ်းတွေ အားကောင်းခိုင်မာတဲ့ ဒီနယ်မြေမှာ ဆေးဝါးပစ္စည်းတွေအပါအဝင် လူသားချင်းစာနာကူညီရေးတွေကို စစ်တပ်က ပိတ်ဆို့လေ့ရှိကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
စစ်တပ်ဂိတ်တွေကနေ ဖြတ်သန်းရသူတွေအားလုံး စစ်ဆေးခံရတာဖြစ်ပြီး ဆေးဝါးပစ္စည်းတွေ သယ်ယူလာတာတွေ့ရင် ဖမ်းဆီးခံရကြောင်း၊ အသက် အန္တရာယ်ရှိကြောင်း သူနာပြုတစ်ဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၆ လ အကြာ ကျန်းမာရေးဝန်ထမ်း ၁၉၀ ဖမ်းဆီးခံခဲ့ရပြီး၊ ၂၅ ဦး သေဆုံးခဲ့ကြောင်း Insecurity Insight, Physicians for Human Rights နဲ့ Johns Hopkins တက္ကသိုလ် အစီရင်ခံစာတစောင်က ဖော်ပြပါတယ်။