စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြပွဲကနေ ခုခံတော်လှန်ရေးအသွင်ပြောင်း

ကမ္ဘာ့နိုင်ငံတွေမှာ ဆန္ဒပြပွဲမျိုးစုံရှိပြီး ပဋိပက္ခအသွင်ဆောင်လာတဲ့အခါ အထိအခိုက် အသေအပျောက် အနည်းဆုံးနဲ့ လူစုခွဲပေမဲ့ မြန်မာစစ်ကောင်စီက ပွဲချင်းပြီး သေစေနိုင်တဲ့ ကျည်အစစ်ပါသုံး ဖြိုခွင်းပါတယ်။

ဒီလို အကြောင်းကြောင်းတွေကြောင့် မလိုလားအပ်ဘဲ ဆန္ဒပြပွဲကနေ ခုခံတော်လှန်ရေးအဖြစ် လူထုရဲ့ လှုပ်ရှားမှုက အသွင်ပြောင်းသွားပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်တဲ့အတွက် လူ ၁၃၀၀ ကျော်သေဆုံးရပြီး တစ်သောင်းကျော် ဖမ်းဆီးခံရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မနေ့က ပြောပါတယ်။ ဒါတင်မက လူ နှစ်သိန်းခွဲကျော် အိုးအိမ်နေရပ်ကစွန့်ခွာရတယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို အာခံသူတွေ အကြမ်းဖက်နှိမ်နင်းခံရတဲ့အခါ အရင့်အရင် လူထုလှုပ်ရှားမှုမျိုးလို ပိပြားငြိမ်ဝပ်မသွားဘဲ လူထုက ခုခံတော်လှန်တဲ့အခါ တိုင်းရင်းသားဒေသတွေမှာသာ အရင်ကရှိခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခက ပြည်မမှာပါ ပေါက်ဖွားလာပါတော့တယ်။ ကြွက်မနိုင် ကျီမီးရှို့ဆိုသလို အိမ်တွေ ရွာတွေ ဘုရားကျောင်းတွေကို စစ်ကောင်စီက မီးရှို့ပစ်ခတ်ရုံမက လေကြောင်းကပါ တိုက်ခိုက်နှိမ်နင်းပါတယ်။

လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေအရ တိုက်ခိုက်ရေးသမားနဲ့ အရပ်သားကို အမြဲခွဲခြားရမယ်လို့ ICRC နိုင်ငံတကာကြက်ခြေနီအသင်းကပြောပါတယ်။ စစ်ရေးနဲ့တိုက်ရိုက် မပတ်သက်သူတွေကို တိုက်ခိုက်တာကို တားမြစ်တယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်ကလက်နက်ကိုင် ပဋိပက္ခမှာ လေကြောင်းကတိုက်တဲ့အခါ အရပ်သားတွေရှိတဲ့နေရာ ကျည်ကျရောက်တဲ့ဖြစ်ရပ်တွေရှိခဲ့တဲ့အကြောင်းနဲ့ ခုတလော မြစ်ကြီးနားမှာ အဆင့်မြင့်လေယာဉ်တွေ ပျံသန်းတဲ့အကြောင်း KDP ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ကရောင်အောင်ခမ်းက ပြောပါတယ်။

ကချင်ပြည်နယ်လို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ နယ်မြေတွေမှာ စစ်ဆင်လေ့ရှိခဲ့တဲ့ မြန်မာ စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းလိုက်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေကိုပါ နည်းမျိုးစုံနဲ့ လိုက်လံနှိမ်နင်းပါတယ်။

စစ်အာဏာသိမ်းတာကို လူထုက မကျေနပ်လို့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြပေမဲ့ အကြမ်းဖက်ဖြိုခွဲခံရတဲ့အတွက် လက်နက်ကိုင်ဖို့ မရည်ရွယ်သူတွေ ခုခံတိုက်ပွဲဝင်ဖို့ တွန်းပို့သလိုဖြစ်သွားတယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ က ရှစ်လေးလုံးကျောင်းတိုက် ဆရာတော် ဦးအဂ္ဂက မိန့်ပါတယ်။

ကမ္ဘာမှာ ဆန္ဒပြပွဲတွေရှိတာ မထူးဆန်းဘဲ မျက်ရည်ယိုဗုံးသုံး၊ ပလစ်စတစ်ကျည်သုံး၊ နံပါတ်တုတ်နဲ့ ရိုက် လူစု ခွဲလေ့ရှိပြီး မြန်မာစစ်ကောင်စီကတော့ ကျည်အစစ်သုံးပြီး နှိမ်နင်းတာပါ။

NUG အမျိုးသားညီညွတ်ရေး အစိုးရက ခန့်အပ်ထားတဲ့ ကိုရီးယားဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ဆိုရင် တောင်ကိုရီးယားမှာနေထိုင်လာတာ အနှစ် ၃၀ ရှိနေပြီး ဆန္ဒပြပွဲမျိုးစုံ ကြုံရပေမဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရင်တောင် လူစုခွဲတဲ့အခါ စစ်တပ်ဝင်မပါဘူးလို့ပြောပါတယ်။

၂၀၁၇ ကစလို့ နိုင်ငံ ၁၁၀ ကျော်မှာ အစိုးရကို အကြီးအကျယ်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ၂၃၀ ကျော်ရှိပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကတည်းဆန္ဒပြနေတာ ခုထိ မလွတ်မြောက်သေးဘူးလို့ အမေရိကန် Carnegie နိုင်ငံတကာ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ အဂတိလိုက်စားမှုနဲပ ပတ်သက်ပြီး ဆန္ဒပြရတဲ့ အကြောင်းရင်းတွေရှိပြီး သြစတြေးလျလို နိုင်ငံမှာ ကိုဗစ်စည်းကမ်း တင်းကျပ်တာကို ဆန္ဒပြပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု ကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဖော်ပြပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖြိုခွင်းရန် ရောက်လာကြသည့် စစ်ကောင်စီတပ်သားများ။ (File Photo: Reuters)
Protest against the military coup in Yangon ၂ဝ၂၁ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖြိုခွင်းရန် ရောက်လာကြသည့် စစ်ကောင်စီတပ်သားများ။ (File Photo: Reuters) (STRINGER/REUTERS)

Alijazeera သတင်းမှာတော့ ကမ္ဘာမှာ ဆန္ဒပြပွဲတွေများလာပြီး ၂၀၁၀ က ၂၀၂၀ အတွင်း ဟောင်ကောင်၊ ယီမင်၊ ဂျာမနီအပါအဝင် နိုင်ငံတွေမှာ လူတစ်သောင်းကျော် ပါဝင်တဲ့ ဆန္ဒပြပွဲ ၉၀၀ ထက်မနည်း ရှိတယ်လို့ ဖော်ပြပါတယ်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လမ်းဖွင့်ပေးလိုက်တဲ့ ပြုပြင်ပြောင်းလဲရေးကို လယ်သမားတွေ မကျေနပ်လို့ လူသန်းနဲ့ချီဆန္ဒပြပါတယ်။ နိုင်ငံတဝန်းကလယ်သမားတွေ အနည်းဆုံး အကြိမ်ပေါင်း ၂၈၀၀ နှစ်နဲ့ချီဆန္ဒပြလာရာက ရွေးကောက်ပွဲမှာ အတိုက်အခံဘက် လူထုပါသွားမှာ စိုးရိမ်ပြီး သမ္မတ မိုးဒီက သူထုတ်ပြန်တဲ့ မြေယာနဲ့ စိုက်ပျိုးရေးဥပဒေကို ရုပ်သိမ်းလိုက်ပါတယ်။

ဆန္ဒပြပွဲကနေ ရုန်းရင်းဆန်ခတ်ဘက် ပြောင်းတဲ့အခါ အထက်ကညွှန်ကြားမှ နံပါတ်တုတ်သုံးတယ်လို့ နယူးဒေလီမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးအဂ္ဂက မိန့်ပါတယ်။ ဒီထက် ပိုဆိုးရင် မီးသတ်ပိုက်သုံး လူစုခွဲလေ့ရှိပြီး မြန်မာပြည်မှာလည်း ကျည်အစစ်နဲ့ မပစ်ဘူးလို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်နောက်ခံကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အရေးမလှဘဲ မဲမသမာမှုရှိတယ်စွဲချက်နဲ့ စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း သမိုင်းတလျှောက်ဘယ်ကာလနဲ့မှ မတူဘဲ လူထုက အာခံတင်းခံသလို အာဏာယူထားတဲ့ စစ်တပ်ကလည်း တင်းနေတာမို့ အာဏာသိမ်းပြီး ၁၀ လတိုင်တဲ့အထိ တိုင်းပြည်မငြိမ်မသက် ဖြစ်နေရပါတယ်။