မိုးဗြဲမှာ လက်နက်ကြီးကြောင့် ကလေးသုံးဦးအပါအဝင် အရပ်သား ရှစ်ဦးသေဆုံး
2023.06.07

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်မှာ မေလ ၂၃ ရက်နေ့ကနေ ဇွန်လ ၆ ရက် မနေ့က အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သားရှစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ်ဖွဲ့ KNDF ရဲ့ ဇွန်လ ၆ ရက် မနေ့က ထုတ်ပြန်ချက်မှာ မေလ ၂၃ ရက်နေ့ ကနေ ဇွန်လ ၄ ရက်အတွင်း မိုးဗြဲနဲ့ ရီလုံးရီကန် ကျေးရွာအုပ်စုက အသက် သုံးနှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲမှာ မိုးဗြဲမြို့ စည်ကာရပ်ကွက်က အမျိုးသား တစ်ဦးနဲ့ ပွဲကုန်းရပ်ကွက်က ဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦး ပါဝင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၆ ရက် မနေ့မနက် ၈ နာရီလောက်မှာ မိုးဗြဲမြို့ စည်ကာရပ်ကွက်မှာနေထိုင်တဲ့ နောက်ထပ် အမျိုးသား တစ်ဦး သေနတ်နဲ့လှမ်းပစ်ခံရလို့ သေဆုံးသွားသလို မနေ့ည ၇ နာရီလောက်မှာလည်း ပေါ်ဦးရပ်ကွက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံး သွားတယ်လို့ မိုးဗြဲ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
မေလ ၂၃ ရက်နေ့ကနေ ဇွန်လ ၆ ရက် အထိ သီတင်း နှစ်ပတ်ကျော်အတွင်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိပြီး အဲဒီအထဲက ဒဏ်ရာပြင်းထန်သူအချို့ကိုတော့ တောင်ကြီးနဲ့ လွိုင်ကော်မြို့တွေက ဆေးရုံတွေကို ပို့ဆောင်ထားရတယ်လို့ မိုးဗြဲမြို့ခံ ကိုသစ္စာက ပြောပါတယ်။
"အရပ်သားထိခိုက်မှုက မနေ့ကလည်း တစ်ယောက်၊ တစ်နေ့ကလည်း တစ်ယောက် ထိသွားတယ်။ လက်နက်ကြီးပေါ့လေ၊ တစ်ခါတည်း သေသွားတာပဲ။ ဟိုကျည်မှန်တာတို့၊ လက်နက်ကြီးမှန်တာတို့ အဲဒါတွေတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ တစ်ယောက် သွားတယ်၊ လွိုင်ကော်မှာ တစ်ယောက်တက်တယ်။ ထွန်းဆေးရုံမှာ တစ်ယောက် တက်တယ်။ ကျွန်တော်သိသလောက်က အဲလောက်ပဲပေါ့နော်။ ပေါ်ဦး၊ ညောင်ဝိုင်း၊ ဈေးကုန်းရပ်ကွက် ချောင်းဘေး တစ်ကြောဆိုရင် တစ်ရက်တစ်ရက် လက်နက်ကြီး အလုံးနှစ်ဆယ်၊ သုံးဆယ်လောက် ထုလာလို့လေ"
မိုးဗြဲမြို့ပေါ်မှာ ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် အရပ်သား တချို့ ဖယ်ခုံဘက်ကို ထပ်မံတိမ်းရှောင် နေကြရတယ်လို့ ကိုသစ္စာကပြောပါတယ်။
အခုလို အရပ်သားတွေကို ထိခိုက်အောင်လုပ်တဲ့အပေါ် လူ့အခွင့်အရေးအရ လုံး၀ လက်ခံနိုင်စရာမရှိဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
"တစ်ယောက်ကတော့ မိုးဗြဲကနေ ဖယ်ခုံကို အထွက်မှာပေါ့နော်။ စစ်ကောင်စီကနေ လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက်ကြောင့်မို့ ထိခိုက်သေဆုံးသွားတာတော့ သတင်းရရှိပါတယ်။ လမ်းမကြီးအတိုင်း သွားလာနေတဲ့သူတွေကို တမင် ရည်ရွယ်ချက် ရှိရှိပေါ့နော်။ မနီးမဝေးကနေ ရှင်းရှင်းလင်းလင်းမြင်ရဲ့သားနဲ့ ပစ်ခတ်သတ်ဖြတ်တယ် ဆိုတာကတော့ ဒါကတော့ ဘယ်လိုမှကိုလက်ခံလို့မရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ရပ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်"
"မနီးမဝေးကနေ ရှင်းရှင်းလင်းလင်းမြင်ရဲ့သားနဲ့ ပစ်ခတ်သတ်ဖြတ်တယ်ဆိုတာကတော့ ဘယ်လိုမှကိုလက်ခံလို့မရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်လို့ ပြောလို့ရတယ်"
အခုလိုအရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်အတွင်းကို စစ်အင်အားတွေဖြည့်ဖို့အတွက် အဓိကကျတဲ့ လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့အတွက် အခုရက်ပိုင်း တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် တပ်၊ လွိုင်ကော်အခြေစိုက် တပ်နဲ့ မိုးဗြဲ အခြေစိုက် တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးတာ၊ နေအိမ်တွေ ထိမှန်ပျက်စီးတာတွေရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"သူတို့က လွိုင်ကော် ကယားပြည်နယ် ကရင်နီပြည်နယ် သွားဖို့လမ်းကြောင်းက သူတို့က အဓိကလမ်းကြောင်းဖြစ်လို့ သူတို့က လုံခြုံရေးယူသွားမှာဖြစ်လို့ဆိုပြီး ကျွန်တော်တို့က တိုက်စစ်ပြန်ထိုးခြင်းဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ တနင်္လာနေ့ပဲ လုပ်ခြင်း ဖြစ်တယ်ပေါ့နော်။ အဲနေ့ပဲတိုက်တာပေါ့။ ကျန်တာက သူတို့က ရမ်းသမ်းပစ်ခတ်တာ ပေါ့နော်။ သူတို့က မိုးဗြဲဘက်မှာ အင်အားတိုးတယ်။ နောက်ပြီး သူတို့က အဘက်ဘက်မှာ လှုပ်ရှားနေတာ တွေ့ရတာပေါ့။ သူတို့က ဆက်ထိုးလာမယ်ဆိုရင်တော့ ကျွန်တော်တို့ ပြန်ချမှာပေါ့ အဆင်သင့်ပေါ့နော်"
မိုးဗြဲမြို့မှာ ရပ်ကွက် ၁၀ ခုရှိပြီး လူဦးရေ သုံးသောင်းနီးပါး နေထိုင်ကြပါတယ်။ လက်ရှိမှာ တိုက်ပွဲနဲ့ လက်နက်ကြီးရန်ကြောင့် လူဦးရေ သုံးပုံနှစ်ပုံလောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
မြို့ပေါ်ရပ်ကွက်တွေထဲက ကွက်သစ်၊ သရက်ကုန်းနဲ့ ပေါ်ဦး ရပ်ကွက်သုံးခု လောက်မှာပဲ လူနေထိုင်မှုရှိပြီး ကျန်တဲ့ရပ်ကွက်တွေမှာတော့ အိမ်စောင့်အချို့လောက်သာ ကျန်နေတယ် လို့ မိုးဗြဲဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၇ ရက်နေ့ ဒီနေ့မှာတော့ မိုးဗြဲမှာ တိုက်ပွဲတွေ ငြိမ်နေတယ်ဆိုပေမယ့် နှစ်ဖက် တပ်ဖွဲ့တွေဟာ လူနေရပ် ကွက်တွေနားမှာပဲ နီးနီးကပ်ကပ် ရှိနေကြတာကြောင့် အချိန်မရွေး တိုက်ပွဲတွေပြန်ဖြစ်လာမှာနဲ့ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခံရမှာကို စိုးရိမ်နေရတယ်လို့လည်း မိုးဗြဲ ဒေသခံတွေက ပြောပါတယ်။