ဒီဗွီဘီနဲ့ မဇ္ဈိမ သတင်းဌာနကို တရားစွဲမယ်လို့ စစ်ကောင်စီပြော
2023.07.10
ဒီဗွီဘီ (DVB) နဲ့ မဇ္ဈိမ (Mizzima) ရုပ်သံလိုင်းတွေကို ကြွေးကျန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုဖွင့်တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ဇူလိုင်လ ၈ ရက်နေ့မှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီဗွီဘီနဲ့ မဇ္ဈိမသတင်းဌာနတွေကတော့ ရွေးကောက်ခံအစိုးရမဟုတ်ဘဲ အာဏာသိမ်း ထားတဲ့ စစ်ကောင်စီရဲ့ တရားစွဲဆိုမှုဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ပြောဆိုကြပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြား (MRTV) မှာ ထည့်သွင်း ပြသခဲ့တဲ့ ဒီဗွီဘီ (DVB) နဲ့ မဇ္ဈိမ (Mizzima) ရုပ်သံလိုင်းတွေကို ကြွေးကျန်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဖို့ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့မှာ ပြောပါတယ်။
ဒီဗွီဘီရုပ်သံလိုင်းက ချယ်နယ်လ်ထည့်သွင်းပြသခအဖြစ် တစ်လစာ သိန်းနှစ်ရာနဲ့ မဇ္ဈိမရုပ်သံလိုင်းက လေးလစာ သိန်းရှစ်ရာကျော်ပေးဖို့ ကြွေးကျန်ရှိနေတဲ့အတွက် တရားစွဲမှာလို့ စစ်ကောင်စီဘက်က ပြောတာပါ။ စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ Viber Group ထဲမှာ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ People သတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေဆိုရာမှာ အခုလို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
မဇ္ဈိမသတင်းဌာနတည်ထောင်သူ ဦးစိုးမြင့်က ကြွေးကျန်ပေးဖို့ရှိတာမှန်ပေမယ့် သိန်းကိုးရာကျော်ရှိတဲ့ သူတို့ဘဏ်စာရင်းကို စစ်ကောင်စီဘက်က ပိတ်ထားတာကြောင့် စစ်ကောင်စီထံကနေ သိန်းကိုးရာကျော်တောင် ပြန်ရဖို့ရှိနေတာလို့ RFA ကို ပြောပါတယ်။
"အခု တရားစွဲတယ်ဆိုတဲ့ဟာ ကျွန်တော့ဆီကို မရောက်သေးပါဘူး။ ကျွန်တော် အီးမေးလ်ကို သူတို့သိပါတယ်။ ပထမပိုင်း အကြွေးတွေတောင်းတုန်းက ဒီအီးမေးလ်ကို သူတို့ပို့တာပါ။ တရားဝင် အကြောင်းကြားစာ မရောက်သေးဘူး။ လွတ်လပ်တဲ့၊ တရားစီရင်မှုရှိတဲ့၊ အာမခံတဲ့ အခြေအနေမျိုးဆိုရင် ဒီလိုတရားစွဲတာကို တရားရုံးမှာ အချိန်မရွေး ဖြေရှင်းဖို့အဆင်သင့်ရှိပါတယ်။ မြန်မာနိုင်ငံအထဲမှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံ ပြင်ပမှာပဲဖြစ်ဖြစ် အချိန်မရွေး ရင်ဆိုင်ဖို့အဆင်သင့်ရှိပါတယ်။ ဘာလို့ဆိုရင် စစ်တပ်ထံကပြန်ရဖို့က သိန်းကိုးရာကျော် ရှိနေပါတယ်။ ကျွန်တော်ရဲ့အိမ်အပါအဝင် ရှိသမျှပစ္စည်းတွေ အကုန်ယူသွားတာတွေကို တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းလို့ ရပါတယ်"
အာဏာပြီးသိမ်းမကြာခင် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့ကလည်း သန်လျင်မြို့နယ်၊ Star City အိမ်ရာထဲမှာရှိတဲ့ မဇ္ဈိမရုံးခန်းကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး လုပ်ငန်းသုံးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူအပါအဝင် မဇ္ဇျိမဝန်ထမ်းတွေကို ပုဒ်မ - ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇(၁) စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားသလို ဝန်ထမ်း ခုနစ်ဦးကိုပါ ဖမ်းဆီးထားတယ်လို့ ဦးစိုးမြင့်က ပြောပါတယ်။
ဒီဗွီဘီသတင်းဌာန အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်ကလည်း စာချုပ်မှာမပါတဲ့ အကြောင်းပြချက်တွေနဲ့ ပိတ်သိမ်းပြီးမှ အခုလိုအကြွေးကျန်ဆိုပြီးတောင်းတာဟာ ရှက်စရာဖြစ်တယ်လို့ RFA ကို စာနဲ့အကြောင်းပြန်ဖြေဆိုပါတယ်။
"မြန်မာ့အသံကို ပုံမှန်အားဖြင့်က သုံးလတစ်ကြိမ် ပေါင်းပေးရတာပါ။ တစ်လ သိန်းနှစ်ရာဆိုတော့ သုံးလ သိန်းခြောက်ရာပါ။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မကျပါဘူး။ အခုက အာဏာသိမ်းပြီးမိနစ်ပိုင်းအတွင်း ကျွန်တော်တို့ ရုပ်သံလိုင်းက ဘာမှအသိပေးတာမရှိဘဲ တစ်လတိတိ ဖြတ်လိုက်တယ်။ နောက်ပြီး စာချုပ်မှာမပါတဲ့ အကြောင်းပြချက်တွေနဲ့ ဖြတ်ပါတယ်ဆိုပြီး အကြောင်းကြားတယ်။ ပြီးတော့ ဇန်နဝါရီ ၂၀၂၁ ခုနှစ်၊ အသံလွှင့်ခ သိန်းနှစ်ရာ လာတောင်းတယ်။ သူတို့ ရှက်တတ်ရင် ရှက်ဖို့ကောင်းပါတယ်"
ဒီဗွီဘီအနေနဲ့ ဥပဒေမဲ့အာဏာယူထားတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုသလို ရုပ်သံလိုင်းပြသခွင့်စာချုပ်ကို လူထုရွေးကောက်ထားတဲ့အစိုးရနဲ့သာ ချုပ်ဆိုထားတာ ကြောင့် စစ်ကောင်စီအပေါ် ဘာအကြွေးမှပေးစရာ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဒီဗွီဘီ (DVB)၊ မဇ္ဈိမ (Mizzima)၊ ဆဲဗင်းဒေး (7 Day)၊ မြန်မာနောင်း (Myanmar Now) နဲ့ ခေတ်သစ် (Khit Thit) မီဒီယာတို့ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်ကတည်းက လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့တာပါ။
ဥပဒေမဲ့ လုပ်ချင်ရာလုပ်နေတဲ့ အဖွဲ့အစည်းက ဥပဒေအရအရေးယူမယ်ဆိုတာဟာ ရယ်စရာဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနတည်ထောင်သူ ဆလိုင်းကောင်းမြတ်မင်း က ပြောပါတယ်။
"မီဒီယာလိုင်စင်ပိတ်သိမ်းထားတဲ့ သတင်းဌာနတွေကို ပေးသွင်းဖို့ငွေ ပြန်တောင်းတယ် ဆိုတာ ရမှာမဟုတ်မှန်းသိသိရဲ့နဲ့ တမင်တကာလုပ်တယ်လို့ပဲ ယူဆရတယ်။ အာဏာ သိမ်းကာစတုန်းက ရုံးခန်းတွေကိုဝင်ပြီးတော့ ဥပဒေမဲ့ ဖျက်ဆီးတယ်။ သတင်းထောက် တွေလည်း ဖမ်းဆီးတယ်။ ရိုက်နှက်ပြီး အကြမ်းဖက်ဖမ်းဆီးတာရှိသလို စစ်ကြောရေး ရောက်သွားရင်လည်း မတရားနှိပ်စက်ပြီး လုပ်တဲ့အဖွဲ့အစည်းပေါ့နော်။ စစ်ကောင်စီ ဘက် တရားဥပဒေကြောင်းအရ အလုပ်လုပ်မယ်ဆိုတာက ရယ်စရာဖြစ်နေတာပေါ့။ ဥပဒေမဲ့ လုပ်ချင်ရာလုပ်နေတဲ့ အဖွဲ့အစည်းက ဥပဒေနဲ့အရေးယူမယ်ဆိုတာ ယုံတမ်းစကားတစ်ခုလိုပဲ"
အာဏာသိမ်းပြီးနောက်ပိုင်း ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခံရတဲ့အထဲမှာ သတင်းသမားတွေ ပါ ပါဝင်လို့ အများစုဟာ ပြည်တွင်းမှာမနေရဲကြတော့ဘဲ နယ်စပ်ဒေသတွေနဲ့ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေထံ ထွက်ပြေးခိုလှုံနေကြရတယ်လို့လည်း သူက ပြောပါတယ်။
"ဥပဒေမဲ့ လုပ်ချင်ရာလုပ်နေတဲ့ အဖွဲ့အစည်းက ဥပဒေနဲ့အရေးယူမယ်ဆိုတာ ယုံတမ်းစကားတစ်ခုလိုပဲ"
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။
အမည်မဖော်လိုတဲ့ သတင်းစာဆရာတစ်ဦးကတော့ စစ်ကောင်စီလက်ထက်မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးအခြေအနေကို ကျဆင်းသွားတယ်လို့ RFA ကို ပြောပါတယ်။
"မြန်မာပြည်မှာတော့ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ကျသွားသလဲဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းထောင်ချခံထားရတဲ့ သတင်းသမားတွေရဲ့ အရည်အတွက်ကိုကြည့်ရင် သိနိုင်ပါတယ်။ ဖမ်းဆီးဖို့ ကြိုးစားတဲ့အတွက် လွတ်မြောက်နယ်မြေကို ရှောင်သွားရတဲ့ သတင်းသမားတွေလည်း အများကြီးရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်က စစ်ကောင်စီ လက်ထက်မှာ ဘယ်လောက်ကျဆင်းသွားသလဲ သိသာတာပေါ့။ အဲဒါအပြင် ရုပ်သံ ချယ်နယ်တွေကို ပိတ်လိုက်တယ်ဆိုတာကလည်း ဒါက သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခုပဲပေါ့"
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ရာနဲ့ချီသေဆုံးခဲ့တဲ့ ပဇီကြီးရွာကိစ္စအပေါ် လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံအမဲရောင်ပြောင်းလဲခဲ့တဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေကို နာရီပိုင်းအတွင်း စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့တဲ့ဟာ သတင်း လွတ်လပ်ခွင့်အတွက် ထင်သာမြင်သာရှိတဲ့ အခြေအနေတွေလို့လည်း သူကဆိုပါတယ်။
အရပ်သားတွေအပေါ် စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်တာကို ဖုံးကွယ်ဖို့နဲ့ စစ်ကောင်စီရဲ့ သတင်းအချက်အလက်တွေကို လျော့နည်းသွားအောင်လုပ်တဲ့ သတင်းသမားတွေကို ဖမ်းဆီး၊ အကျဉ်းချ၊ နှိပ်စက်ညှဉ်းပန်းပြီး ဖယ်ရှားရှင်းလင်းတဲ့အထိ စစ်ကောင်စီဘက်ကလုပ်နေတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က အခု ၂၀၂၃ ခုနှစ်အတွင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး သတင်းထောက် လေးဦး အသတ်ခံခဲ့ရသလို သတင်းသမား အယောက် ၇၀ ဖမ်းဆီးခံထားရတယ်လို့လည်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။