သယံဇာတခွဲဝေမှုအတွက် တိုင်းရင်းသားပါတီတချို့ မူဝါဒထည့်သွင်း

ဇာဏီထွဏ်း
2020-11-01
Share

တိုင်းရင်းသားပါတီတချို့ရဲ့ မူဝါဒနဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေမှာ သယံဇာတခွဲဝေမှုရရှိဖို့၊ ဗဟိုချုပ်ကိုင်မှုစနစ်တွေ လျှော့ချဖို့ လုပ်ဆောင်မယ်ဆိုပြီး ပြောထားကြပါတယ်။

သစ်တော၊ ကျောက်စိမ်း၊ ဓာတ်သတ္ထုရှာဖွေရေး လုပ်ငန်းတွေ အပါအဝင် သဘာဝ သယံဇာတ ထုတ်ယူတာတွေဟာ ဗဟိုချုပ်ကိုင်မှု အောက်မှာသာရှိနေပြီး ပြည်နယ်တွေအနေနဲ့ အကျိုးခံစားခွင့် ရရှိမှုနည်းနေတာ၊ မျှတမှုမရှိတာတွေကြောင့် တိုင်းရင်းသားပါတီတွေက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရင် အဲဒီကိစ္စတွေကို လုပ်ဆောင်သွားမယ်လို့ ပြောထားကြတာဖြစ်ပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကတိကဝတ်ထဲမှာဆိုရင် ဒေသရဲ့ သဘာဝ သယံဇာတ အကျိုးစီးပွားကို ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ ခံစားနိုင်ဖို့ ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအနေအခြေအနေမှာဆိုရင် ကချင်ပြည်နယ်ဟာ  ကျောက်စိမ်းအပါဝင် အဖိုးတန် ကျောက်မျက်တွေ၊ သစ်တောထွက်ပစ္စည်းတွေထွက်တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေကြောင့် ဒီအချက်ကို ထည့်သွင်းရတာလို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒုဥက္ကဋ္ဌ ဒေါ်ဒွဲဘူက ပြောပါတယ်။

သဘာဝ သယံဇာတမှာ သစ်တော၊ သတ္ထု၊ ကျောက်မျက်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေ၊ သားငါး၊ မြစ်ချောင်း စတာတွေ ပါဝင်ပါတယ်။

တနင်္သာရီတိုင်းကနေလည်း သဘာဝဓာတ်ငွေ့နဲ့ သတ္ထုထုတ်ယူတာနေပါတယ်။ စီမံကိန်း ချမှတ်တာတွေ၊ အကျိုးစီးပွား ရရှိတာတွေ အများစုကို ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲခွင့်ရှိနေပေမဲ့ လက်တွေ့အောက်ခြေမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေကိုတော့ တိုင်းဒေကြီးနဲ့ ပြည်နယ်အစိုးရတွေက ဖြေရှင်းရတာကြောင့် မမျှမတဖြစ်နေတယ်လို့ ထားဝယ်တိုင်းရင်းသားပါတီ အတွင်းရေးမှူး ဦးသူရိန်လှိုင်က ပြောပါတယ်။

သဘာဝ သယံဇာတထွက်ရှိတဲ့နေရာက အကျိုးအမြတ်ကို မခံစားရတာကြောင့် အခြေခံအဆောက်အဦဖြစ်တဲ့ လမ်း၊ တံတား၊ ဆေးရုံး၊ ကျောင်း အပါအဝင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ၊အလုပ်အကိုင်အခွင့်အရေးတွေ မရရှိကြဘူးလို့လည်း ပြောကြပါတယ်။ အဲဒီမမျှတမှုရဲ့ နောက်ဆက်တွဲကြောင့် ပြည်တွင်းစစ် ဖြစ်ပွားရတာလို့လည်း မှတ်ချက်ပေးကြပါတယ်။

တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ထွက်ရှိတဲ့ ရခိုင်ပြည်နယ်မှာတော့ အခုဆိုရင် ရွေးကောက်ပွဲ မဲပေးခွင့်တောင် ဆုံးရှုံးနေပြီလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်း ကုမ္ပဏီတွေက ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေဟာ ငွေကျပ်သန်းပေါင်း ၂ သန်းနီးပါး (၁,၉၃၅,၉၄၅ သန်း) ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍက ငွေကျပ် ၁ ဒဿမ ၄ သန်းနီးပါး (၁,၃၉၇,၄၆၇ သန်း) နဲ့ ၇၂ ရာခိုင်နှုန်းကျော်၊ ကျောက်စိမ်း အပါအဝင် သတ္ထုကဏ္ဍက ငွေကျပ် သန်းပေါင်း ငါးသိန်းကျော် (၅၃၈၄၇၉ သန်း) နဲ့ ၂၇ ရာခိုင်နှုန်းကျော် ရှိတယ်လို့ မြန်မာနိုင်ငံ တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (MEITI) က ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လက ထုတ်ပြန်တဲ့ ပဉ္စမအကြိမ် MEITI အနှစ်ချုပ် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန် အစိုးရလက်ထက်တင်မက အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာပါ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်း‌‌ထုတ်၊ အဆိုတင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ပြည်နယ်လွှတ်တော်မှာသာ အနိုင်ရခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ တစ်စုံတစ်ရာ မဆောင်ရွက်ပေးခဲ့တာကြောင့် ပါတီအနေနဲ့ ဆက်လုပ်သွားမယ့် လုပ်ငန်းစဉ်ထဲ ထည့်သွင်းထားတာလို့ ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက သူတို့ပါတီ အစိုးရလက်ထက်မှာ တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်ကို အပြည့်ဝမပေးနိုင်ခဲ့ပေမယ့် အောင်မြင်တာတချို့ရှိခဲ့ပြီး နောက်ထပ်ဆောင်ရွက်သင့်တာတွေ လုပ်ဆောင်မယ့်အကြောင်း ရွေးကောက်ပွဲကြေညာစာတမ်းမှာ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

သယံဇာတခွဲဝေမှု၊ အာဏာခွဲဝေမှုတွေကို ပါတီရဲ့ ရည်ရွယ်ချက်ထဲမှာ ပါရှိထားပေမယ့် လက်ရှိအခြေအနေမှာ လုပ်လို့မရသေးတဲ့အကြောင်း၊ နောက်ထပ် ၅ နှစ်မှာ ပါတီက အစိုးရဖွဲ့နိုင်မယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး ကြိုးစားသွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတုတ္တအကြိမ် အစည်းအဝေး၊ ပြည်ထောင်စု သဘောတူညီစာချုပ် လက်မှတ်ရေးထိုးတဲ့အထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအကြား ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်အကောက် ခွဲဝေမှု၊ ဘဏ္ဍာရေးခွဲဝေမှု ရှိရမယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။

ဒါပေမဲ့ အဲ့ဒီခွဲဝေမှုဟာ ဒီခေါင်းစဉ်မှာတင် ရပ်မနေဘဲ အဆင့်လိုက် အကောင်ထည် ဖော်ရမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အတွင်းရေးမှူးဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

ပြည်ထောင်စု သဘောတူညီမှုစာချုပ်မှာ သယံဇာတ ခွဲဝေခွင့်က အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်တာကြောင့် လွှတ်တော်မှာ တောင်းဆိုဖို့အတွက် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်တွေအကြား ခွဲဝေမှုရှိနေတဲ့ပုံစံ၊ အဲဒီပုံစံတွေကြောင့် ဘယ်လိုထိခိုက်နေတယ် ဆိုတာတွေကို သုတေသန ပြုထားသင့်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ခုနှစ် ဇူလိုင်မှာ ဥပဒေအချက်အချို့ကို ပြင်ဆင်တဲ့အထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တချို့ကို ထည့်သွင်းလိုက်တာရှိပါတယ်။ အဲဒီထဲမှာ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနဲ့ သစ်တောကဏ္ဍတွေမှာ အသေးစား၊ အလတ်စား သတ္ထုလုပ်ငန်း၊ ကျောက်မျက်ရတနာ အသေးစားနဲ့ လက်လုပ်လက်စားလုပ်ငန်းတွေ ထည့်သွင်းပေးခဲ့ပါတယ်။

အဲဒါကလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့်နည်းနည်းသာ မျှပေးရုံသဘောပဲရှိပြီး စီမံကိန်းလုပ်ကွက်ကြီးတွေကို ဗဟိုအစိုးရက ရယူထားပြီးမှ ပြည်နယ်တွေကို ပြန်ခွဲပေးတာကြောင့် လုံလောက်မှု မရှိတဲ့အကြောင်း တိုင်းရင်းသားပါတီတွေက ပြောပါတယ်။ တကယ်လို့ ဖက်ဒရယ်စနစ်အရ လုပ်ပိုင်ခွင့်တွေ ရခဲ့မယ်ဆိုရင်၊ ကျောက်စိမ်းတူးဖော်ရေး အပါအဝင် သတ္ထုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်ပြင်တာ၊ လမ်း၊ တံတား၊ ဆေးရုံ စတဲ့ အခြေခံအဆောက်အအုံ ပြင်ဆင်တာတွေကို လုပ်လာနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် အခုလို မူဝါဒတွေ ရေးဆွဲထားတာလို့ ပြောကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့