စစ်သုံးစရိတ် ပွင့်လင်းမြင်သာဖို့ မြန်မာအစိုးရကို EU တိုက်တွန်း

2019-10-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
EuroCham Myanmar အဖွဲ့နဲ့ European Investment Bank ရဲ့ အာရှပစိတ်ဖိတ်ဒေသ အဖွဲ့ခေါင်းဆောင်  Angel Marcarino Paris တို့ တွေ့ဆုံဆွေးနွေးကြစဉ်
EuroCham Myanmar အဖွဲ့နဲ့ European Investment Bank ရဲ့ အာရှပစိတ်ဖိတ်ဒေသ အဖွဲ့ခေါင်းဆောင် Angel Marcarino Paris တို့ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: EuroCham Myanmar

အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တပ်မတော်စစ်သုံးစရိတ်နဲ့ သယံဇာတဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ပိုပြီးပွင့်လင့်မြင်သာအောင်ဆောင်ရွက်ဖို့၊ အရပ်သားတွေအတွက်ချပေးတဲ့ ဘတ်ဂျက်တွေ တိုးမြှင့်ပေးဖို့ ဥရောပသမဂ္ဂ EU က တိုက်တွန်းထားပါတယ်။

EuroCham Myanmar အဖွဲ့က ဥရောပသမဂ္ဂစီးပွားရေး သံတမန်အဖွဲ့တွေ၊ အထူးဧည့်သည်တော်အဖြစ် နိုင်ငံပေါင်း ၄၀ ကျော်မှာ ဥရောပသမဂ္ဂရင်းနှီးမြှပ်နှံမှုဘဏ် (European Investment Bank)ရဲ့ အာရှပစိတ်ဖိတ်ဒေသ အဖွဲ့ခေါင်းဆောင် အန်ဂျလာ မာကာရီနို ပဲရစ် Angel Marcarino Paris တို့နဲ့ တွေ့ဆုံကြတဲ့ ပြီးခဲ့တဲ့အပတ်အစည်း အဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် ခရစ်စတင်း ရှမစ် က တိုက်တွန်းလိုက်တာဖြစ်ကြောင်းကို Euro-Cham Myanmar ရဲ့ စာမျက်နှာမှာဖော်ပြထားတာပါ။

စကားဝိုင်းမှာ အီးယူသံအမတ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်လေးချက်ကို တိုက်တွန်းထားတာဖြစ်ပြီး၊ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးကော်မရှင် အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးတာထက် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ပါရှိပါတယ်။

အီးယူရဲ့ တိုက်တွန်းချက်လေးရပ်ကတော့ - မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နဲ့ စီးပွားရေးကဏ္ဍ အရှိန်မြှင့်တင်ရေး ဆောင်ရွက်မှု သတင်းတွေကို အီးယူက ကြိုဆိုကြောင်း၊ ပိုမိုပွင့်လင်းမြင်သာရှိတဲ့ သဘာဝသယံ ဇာတ စီမံခန့်ခွဲမှု နဲ့ ဘတ်ဂျက် - အထူးသဖြင့် ကာကွယ်ရေးအသုံးစရိတ်အပေါ် အရပ်ဘက်ကြီးကြပ်မှုမြှင့်တင်ရေး ကို အီးယူက အားပေးကြောင်း၊  မြန်မာလုပ်ငန်းကုမ္ပဏီအားလုံး လူ့အခွင့်အရေးနဲ့ တာဝန်သိစီးပွားရေးလုပ်ငန်း ဆိုင်ရာ အခြေခံလမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး၊ စစ်တပ်နဲ့ နှီးနွယ်ပတ်သက်နေတဲ့လုပ်ငန်းတွေကို ငွေကြေးထည့်ဝင်တာတွေရပ်ဆိုင်းပြီး၊ ပွင့်လင်းမြင်သာတဲ့ လှူဒါန်းရေး မူဝါဒတွေချမှတ်ဖို့၊ နိုင်ငံတကာကုမ္ပဏီတွေ အနေနဲ့လည်း ပွင့်လင်းမြင်သာမှုရှိရှိဆောင်ရွက်ကြဖို့နဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ကိုင်တာတွေ ရှောင်ရှားကြဖို့ ဖြစ်ပါတယ်။

တပ်မတော်သဘောထားမှတ်ချက်ကို တင်ပြနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီ နဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဒီကနေ့ RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။aungshin-350.jpg

NLD ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးမုံရွာအောင်ရှင်က တပ်မတော်ဘတ်ဂျက်နဲ့ ပတ်သက်လာရင် တို့ထိလို့မရတဲ့ အထိအောင်ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုက ဒါက ကာကွယ်ရေးနဲ့ ပတ်သက်လို့ပေါ့လေ။ ဘတ်ဂျက်ကိစ္စတွေ၊ ငွေစာရင်း ကိစ္စတွေကို ဒါတွေက တို့ထိဖို့ တော်တော်ခက်တယ်။ အဲဒါက သူ့ Channel (လိုင်းနဲ့သူ) သွားနေတာဆိုတော့လေ။ သီးခြားလိုင်းဖြစ်နေတဲ့အခါ ကျနော်တို့ထိလို့မရဘူး။” မုံရွာအောင်ရှင် က ပြောပြသွားတာပါ။

ဝန်ကြီးဌာနဆိုင်ရာ အသုံးစရိတ်တွေ၊ ဘတ်ဂျက်တွေကို စိစစ်ရ တဲ့ကော်မတီတစ်ခုဖြစ်တဲ့ ပြည်သူ့လွှတ်တော်ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်ဖြစ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဥရောပသမဂ္ဂသံ အမတ်ရဲ့ တိုက်တွန်းချက်ကို သဘောတူကြောင်းနဲ့ ၀န်ကြီးဌာနအားလုံးဟာ တန်းတူရည်တူ စစ်ဆေးခံသင့်တယ်လို့လည်း မှတ်ချက်ပြုပါတယ်။

“EU သံအမတ်ပြောတာကို ကျမတို့လည်းသဘောတူပါတယ်။ ဒါငြင်းရမယ့်အချက်မပါပါဘူး။ အငြင်းပွားစရာမရှိပါဘူး။ ကျမတို့ပြောချင်တာကတော့လေ ဘယ်ဝန်ကြီးဌာနဖြစ်ဖြစ် ဘတ်ဂျက်တွေ စစ်ဆေးတဲ့အခါမှာတော့ တန်းတူစစ်ဆေးခွင့် ကျမတို့ရှိရမယ် ဖြတ်တောက်ခွင့်ရှိရမယ်။ ဒါတွေက ကျမတို့ ဘက်က စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းအတိုင်း အားလုံးပဲလက်ခံပြီး လိုက်နာကြ ရင်တော့ တိုင်းပြည်အတွက်လည်းကောင်းတယ်၊ သူများပြောစရာ လက်ညှိးထိုးစရာလည်း မဖြစ်ဘူးပေါ့လေ။”

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ပြောပြသွားတာပါ။

တပ်မတော် ကာကွယ်ရေးစရိတ်တွေကို လျှော့ချနိုင်ခြင်းအားဖြင့် လူမှုကိစ္စတွေမှာ ပိုတိုးအသုံးပြုနိုင်ဖို့ အထောက်အကူဖြစ်လာမယ်လို့ လည်း မုံရွာအောင်ရှင်က ထောက်ပြပါတယ်။

အဲဒီဟာ ပြောင်းလဲနိုင်လို့ရှိရင် တခြား ဥပမာ ဆိုပါစို့ ပညာရေးတို့ ကျန်းမာရေးတို့ တခြားလူမှုကိစ္စတွေမှာ ဘတ်ဂျက်တွေအများကြီး တိုးလာနိုင်တာပေါ့နော်။ ဒီဟာကြီးက (ကာကွယ်ရေးစရိတ်) ဒီမိုကရေစီနိုင်ငံတစ်ခု အတွက်  ဒါဟာ မသင့်လျော်တဲ့၊ အလွန်ရုပ်ပျက်စေတဲ့ ကိစ္စကြီးတစ်ခုလို့ ကျနော်တော့အဲလိုမြင်ပါတယ်။”

တပ်မတော်က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တုန်းကလည်း တပ်မတော်စစ်ဆင်ရေးစရိတ်အပါအဝင် ကာကွယ်ရေး အသုံးစရိတ် ကျပ် ၃၂၅၀ ဘီလီယံကျော် ပြည်ထောင်စုလွှတ်တော်မှာ တောင်းခံခဲ့ပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက်လည်း ကာကွယ်ရေးဘတ်ဂျက်ကို  ကျပ် ၃၃၈၅.၈၂ ဘီလီယံ တိုးမြှင့်တောင်းခံ ခဲ့ပါတယ်။ အဲဒီအသုံးစရိတ်ဟာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန နှစ်ခုပေါင်းရဲ့ အသုံးစရိတ် နှစ်ခုနီးပါးရှိတာကြောင့် ၂၀၁၉ ဇူလိုင်လတုန်းက လွှတ်တော်မှာ ဆွေးနွေးမှုတွေပြင်းထန်ခဲ့ပါတယ်။

ဘယ်ဝန်ကြီးဌာနဖြစ်ဖြစ် ဘတ်ဂျက်တွေ စစ်ဆေးတဲ့အခါမှာ တန်းတူစစ်ဆေးခွင့် ကျမတို့ရှိရမယ်

အသုံးပြုပြီးတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်သူ့လွှတ်တော် ရဲ့ သက်ဆိုင်ရာကော်မတီက ၀င်ရောက်စစ်ဆေးခွင့် မရှိသလို၊ တပ်မတော်က သူ့ကိုယ်ပိုင်စာရင်းစစ်နဲ့သာ စစ်ဆေးတာကြောင့် ဘာမှသိပိုင်ခွင့်မရှိဘူးလို့ ထောက်ပြဆွေးနွေးခဲ့ကြပါသေးတယ်။

ရန်ကုန်က ဥရောပသမဂ္ဂရုံးကို ဖုန်း၊ အီးမေးလ် နှစ်မျိုးလုံးနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဒီညနေအထိ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ တပ်မတော်က ၂၀၁၇ ခုနှစ်မှာ ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂအချက်လက်ရှာဖွေရေး မစ်ရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာမှာဖော်ပြထားပြီးတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာ စစ်ခုံရုံးတင်နိုင်ဖို့ တိုက်တွန်းတောင်းဆိုနေကြတာရှိပါတယ်။

လူ့အခွင့်ရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အခင်းအကျင်းမှာ တပ်မတော်ကို ထိပ်တိုက်အရေးယူမယ့်အစီစဉ်တွေကို EU နဲ့ အမေရိကန်နိုင်ငံတွေက ချမှတ်နေကြတာရှိပေမယ့်၊ တဖက်မှာ အဲဒီနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာမှာ စီးပွားရေး ရင်းနှီးမြှပ်နှံမယ့်အစီစဉ်တွေ ဆောင်ရွက်နေကြတာလည်းရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း အမေရိကန်နိုင်ငံက ဘဏ္ဍာရေးကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့ကြပါတယ်။ ၂၀၁၉ ပထမ ခုနစ်လအတွင်းမှာ မြန်မာက အီးယူကိုတင်ပို့တဲ့ ထုတ်ကုန် ၃၇ ရာခိုင်နှုန်းမြင့်တက်လာပြီး၊ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းကဏ္ဍက တိုးတက်လာခြင်းဖြစ်ပြီး ပို့ကုန် ယူရို ၁.၅ ဘီလီယံရှိကြောင်း EuroCham Myanmar ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

(RFA သတင်းထောက် ကိုမိုးမြင့် စုစည်းတင်ပြသည်။)

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

ကိုယ့်အလုပ်သာကိုယ်လုပ်ပါ(EU)ရယ်၊ကိုယ့်ဇါတ်တောင်ကိုယ်မကနိုင်ဘဲနဲ့။
I want say to (EU). Please do your home work.

Oct 10, 2019 09:45 PM

အမည်မဖော်လိုသူ

EU အ နေဖြင့်ကိုယ့်အခက်အခဲတေကိုသာဦးစွာဖြေရှင်းဖို့တောင်းပန်ပါသည်။ကာကွယ်ရေးဘတ်ဂျက်သည်မမိနိုင်ငံ၏အချုပ်အခြာနှင့်သာဆိုင်ပါကြောင်းသိဲပီးဖြစ်မည်ဟုထင်ပါသည်။နိုင်ငံတကာကိုဝင်မပါမှသာခင်မင်မှုမပျက်မှာပါ။

Oct 10, 2019 09:40 PM

ဆိုက်တခုလုံးသို့