အာဏာသိမ်း လေးနှစ်အတွင်း လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် အဆိုးဆုံးရောက်လာ

RFA Burmese
2025.01.17
အာဏာသိမ်း လေးနှစ်အတွင်း လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် အဆိုးဆုံးရောက်လာ ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တချို့ကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဟာ ကမ္ဘာ့အဆိုးဆုံး ဆယ်နိုင်ငံမှာပါတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြခံထားရပေမဲ့ စစ်ကောင်စီဟာ ပုံနှိပ်ဖြန့်ချိထားတဲ့စာအုပ် ခုနစ်အုပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က ပိတ်သိမ်းပြီး အရေးယူလိုက်ပါတယ်။

အဲဒီစာအုပ်တွေကို ညစ်ညမ်းစာပေအဖြစ်နဲ့ သတ်မှတ်ပြီး စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်သိမ်းလိုက်တာပါ။

အဲဒီစာအုပ်တွေဟာ ရသစာပေသက်သက်ပဲဖြစ်ပြီး ညစ်ညမ်းတာ မပါဘူးလို့ စာဖတ်ပရိသတ်တချို့က ပြောပါတယ်။

ဒါကြောင့် အပိတ်ခံရတဲ့စာအုပ်ကို ရေးသားတဲ့ စာရေးဆရာတစ်ဦးကို RFA က မေးကြည့်တဲ့အခါ “ဒီအချိန်မှာ ဒါမျိုးတွေ ရင်ဆိုင်ရတာ တစ်ယောက်တည်းမဟုတ်ဘဲ အများနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကိုယ့်ကြောင့် တခြားသူတွေ ဖြေရှင်းရခက်သွားမှာ စိုးရိမ်တဲ့အတွက် ဘာမှ မှတ်ချက် မပေးလိုဘူး”လို့ ပြောပါတယ်။

အရေးယူခံရတဲ့အခါမှာလည်း ကာယကံရှင်တွေဘက်က ပြန်လည်ဖြေရှင်းခွင့် ချေပခွင့်မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထုတ်ဝေခွင့် အပိတ်ခံထားရတဲ့သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တချို့ကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တချို့ကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

ဒီစနစ်ရှိနေသမျှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဘယ်လိုမှ မျှော်လင့်နိုင်စရာ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စာရေးဆရာတစ်ဦးက ပြောပါတယ်။

“အာဏာရှင်စနစ်ကြီး ရှိနေသမျှ ကာလပတ်လုံး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဘယ်အာဏာရှင်လာလာ၊ ဒါကို သူတို့ သင်းသတ်မှာပဲ။ ဒါကို ခေါင်းမထောင်နိုင်အောင် သူတို့လုပ်မှာပဲပေါ့နော်”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ အစိုးရလက်ထက်ကစလို့ စာပေစိစစ်ရေး ဌာနဆိုတာဖွဲ့ပြီး ပုံနှိပ်ထုတ်ဝေဖြန်ချိခွင့်ကို ချုပ်ကိုင်ခဲ့ပါတယ်။

“အရင်စစ်အစိုးရခေတ်တွေထက် အခုပိုဆိုးနေပါတယ်”

၁၉၈၈ မှာ အာဏာထပ်သိမ်းခဲ့တဲ့ စစ်အစိုးရကလည်း အဲဒီစနစ်ကို ဆက်ပြီးသုံးခဲ့ပါတယ်။ အဲဒီအချိန်က စစ်အစိုးရ တားမြစ်ပိတ်ပင်ထားတဲ့ အသုံးအနှုန်းတွေ၊ အကြောင်းအရာတွေကို နည်းမျိုးစုံရှောင်လွှဲပြီး ထုတ်ဝေနိုင်ခဲ့တယ်လို့ စာအုပ်ထုတ်ဝေသူ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အရင်တုန်းကဆိုလို့ရှိရင် ထားပါတော့ စာပေစိစစ်ရေးရှိမယ်။ စာပေစိစစ်ရေးရှိရင် သူ ခွင့်ပြုတာရှိတယ်။ ခွင့်မပြုတာရှိတယ်။ ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် ဖိနှိပ်ထားတဲ့ အခြေအနေတစ်ရပ်အောက်မှာ ဆိုပေမဲ့ သူတို့ ခွင့်မပြုတာကို မထည့်ဘူးဆိုတဲ့အတွက် ကျွန်တော်တို့ အနုတ်အသိမ်းတွေ နည်းတယ် လုပ်ရကိုင်ရတာ။ ဒါဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အထိုက်အလျောက် နောက်ကျောလုံတယ်ပေါ့”

ထုတ်ဝေပြီးသား စာအုပ်တွေ၊ စာပေတိုက်တွေကို ပိတ်ပင်တဲ့အခါမှာလည်း ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို စစ်ကောင်စီက လိုသလို သုံးနေတာကြောင့် ကန့်သတ်ပိတ်ပင်တဲ့နေရာမှာ လက်လွတ်စပယ် အနိုင်ဆုံးကာလ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် အရင်စစ်အစိုးရခေတ်တွေထက် အခုပိုဆိုးနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးက ပြောပါတယ်။

“ဘာမှကို မရေးရဲဘူး။ ဘာရေးရေး ရေးမှန်းသိလို့ရှိရင် အန္တရာယ် များလွန်းလို့ ရေးဖို့ကြောက်လောက်အောင်အထိကို ဖြစ်တဲ့အခြေအနေဖြစ်နေပြီ။ အခုဟာက ဟို ကိုယ်ရေးဖို့ နေနေသာသာ သူများဆီက ရေးတာလေးတွေ ကြိုက်လို့ ရှဲဖို့တောင် ပြောရရင် မရှဲရဲတဲ့အခြေအနေမျိုးပေါ့နော်”

စစ်အစိုးရအဆက်ဆက်သုံးခဲ့တဲ့ စာပေစိစစ်ရေးဌာနကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ဖျက်သိမ်းလိုက်တဲ့အတွက် ၂၀၂၁ အထိ ကြိုတင်ခွင့်ပြုချက် မလိုတော့ဘဲ ထုတ်ဝေဖြန့်ချိခွင့် ပြန်ရလာခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးတဲ့အခါမှာတော့ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ ၁၁ ခုကို ပိတ်သိမ်းပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြန်ပြီးဖိနှိပ်ကန့်သတ်လာခဲ့ပါတယ်။

“၂၀၂၁ ခုနှစ်အရှေ့ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို အခုပြန်ထုတ်မယ် ဆိုရင်တောင် အခန့်မသင့်ရင် စစ်ကောင်စီ ပိတ်သိမ်းတာ ခံရနိုင်ခြေရှိပါတယ်”

ဒါကြောင့် အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း အဆိုးဆုံးအခြေအနေကို ရောက်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် စာအုပ်ထုတ်ဝေသူ လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

၂၀၂၁ ခုနှစ်အရှေ့ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို အခုပြန်ထုတ်မယ် ဆိုရင်တောင် အခန့်မသင့်ရင် စစ်ကောင်စီ ပိတ်သိမ်းတာ ခံရနိုင်ခြေရှိတယ်လို့ ရန်ကုန်အခြေစိုက် စာရေးဆရာတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တချို့ကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်တချို့ကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

လက်ရှိကာလမှာ လူသိပြီးသား ကလောင်နာမည်နဲ့ ပြည်တွင်းမှာ စာတစ်ပုဒ်ရေးမယ်ဆိုရင် စစ်ကောင်စီရဲ့ ပိတ်ပင်ဖြတ်တောက်ခံရမဲ့အခြေအနေ စစ်ကောင်စီ ဘက်တော်သားတွေရဲ့ ဒုက္ခပေးတိုင်တန်းတာ ခံရနိုင်တဲ့အခြေအနေကြောင့် ကိုယ့်ရေးတဲ့စာကို ကိုယ်တိုင် ဆင်ဆာလုပ်ဖြတ်တောက်နေရတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ကလောင်ဝှက်နဲ့ရေးရင်တောင် ဘယ်သူ့ကိုမှ အသိမပေးရဲဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ သတင်းစာ ၈ စောင်၊ ဂျာနယ် ၉၅ စောင်၊ မဂ္ဂဇင်း ၆၈ စောင်၊ အထွေထွေ ထုတ်ဝေခြင်းလုပ်ငန်း ၁၈၂ ခု၊ သတင်းအေဂျင်စီလုပ်ငန်း ၄၉ ခု၊ ပုံနှိပ်လုပ်ငန်း ၁၃၃ ခုတို့ကို ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။

၂၀၂၄ ဇန်နဝါရီ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ တိုးမြစ်စာအုပ်တိုက်၊ ၂၀၂၄ နိုဝင်ဘာ ၁၃ ရက်မှာ ရွှေနိုင်ငံစာပေနဲ့ ပိုစတာဖြန့်ချိရေးကို ပိတ်သိမ်းခဲ့တာ တွေ့ရပါတယ်။ အခု ဇန်နဝါရီ ၈ ရက်နဲ့ ၁၆ ရက်တွေမှာ ထုတ်ဝေပြီးသား စာအုပ်စုစုပေါင်း ၁၁ အုပ်ကို ညစ်ညမ်းစာပေဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်လိုက်သလို ပုံနှိပ်တိုက် လေးတိုက်နဲ့ စာအုပ်ထုတ်ဝေရေးတိုက် လေးတိုက်ကို ပိတ်သိမ်းလိုက်ပါတယ်။


ဆက်နွှယ်သော သတင်းများ

ညစ်ညမ်းစာပေ စွပ်စွဲချက်နဲ့ စာအုပ်သုံးအုပ်ကို စစ်ကောင်စီ ပိတ်သိမ်း

လိင်တူချစ်သူတွေအကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်တချို့ကို စစ်ကောင်စီ ပိတ်သိမ်း

စာအုပ်ပုံနှိပ်တိုက် နှစ်ခု ထပ်မံပိတ်ခံရ


ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုန့်ပြန်ချက်ရရှိဖို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သူ အစည်းအဝေး တက်နေတဲ့အတွက် လတ်တလော မဖြေနိုင်သေးဘူးလို့ ပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်ပြီး အခုလို ပိတ်ပင်တားဆီးတဲ့အတွက် မြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး အရာရာ နောက်ကျကျန်ခဲ့လိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် စာရေးဆရာတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။