ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေး ကာကွယ်ရေးတပ်တွေ စစ်ရေးအရှိန်မြှင့်
2025.01.07

မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါခရိုင် ယောဒေသမှာရှိတဲ့ ထီးလင်းမြို့ကို ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၆ ရက်နေ့မှာ မြို့ပေါ်က စစ်ကောင်စီ တပ်စခန်းနေရာတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
မနက် ဆယ်နာရီခွဲကနေ နေ့လယ် တစ်နာရီအထိ လက်နက်ကြီး ၅၉ လုံးအပြင် ဒရုန်းတွေလည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“တပ်ရင်းတွေရော၊ ဒီကာကွယ်ရေး အဖွဲ့တွေရော ပူးပေါင်းပြီးတော့မှ ဒီစစ်ကောင်စီ အထိုင်ချတဲ့ စခန်းတွေကို ဝိုင်းပြီးတော့မှ လက်နက်ကြီးတွေရယ် ပြီးတော့ ကျွန်တော်တို့ ဟိုဟာပေါ့၊ လက်နက်ကြီးမှာမှ ရော့ကတ်ပါမယ်။ ၆၀ မမ ပါမယ်။ ပြီးတော့ fixed-wing drones ပါမယ်ပေါ့နော်။ အဲဒီလက်နက်တွေ အသုံးပြုပြီးတော့မှ စစ်ကောင်စီအခြေစိုက်ပြီး နေထိုင်တဲ့စခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ ဖြစ်တယ်ဗျ”
ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးတာတွေရှိပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးအရှိန် မြှင့်လာသလို ထီးလင်းမြို့နယ်မှာလည်း စစ်ရေးအရှိန်မြှင့်တော့မှာ ဖြစ်တာကြောင့် ထီးလင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူတွေ မြို့ကနေ တစ်လအတွင်း ထွက်ခွာဖို့ ထီးလင်းမြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ သတိပေးထုတ်ပြန်ခဲ့တာပါ။
“ရေမျက်နီ ရဲစခန်းနေရာကလွဲရင် ကျေးလက်ဒေသအများစုကို ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပါတယ်”
အဲဒီနောက် တစ်လပြည့်ချိန်မှာ ထီးလင်းမြို့ကို စတင်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒေသခံ ပြည်သူအများစုက ထီးလင်းမြို့ကို စွန့်ခွာသွားကြပြီး စစ်ကောင်စီအုပ်ချုပ်ရေး ဝန်ထမ်းတွေအများစုပါဝင်တဲ့ လူဦးရေ ခြောက်ရာခန့်ပဲ မြို့ပေါ်မှာ ကျန်တော့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ထီးလင်းမြို့နယ်ဟာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မတူပီ၊ မင်းတပ်မြို့နယ်တို့နဲ့ ထိစပ်နေသလို ဒီမြို့နယ်ပတ်လည်က ဂန့်ဂေါ၊ ဆောနဲ့ ပေါက်မြို့နယ်တွေဟာလည်း တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
ထီးလင်းမြို့နယ်ထဲမှာလည်း ထီးလင်းမြို့ပေါ်နဲ့ ဂန့်ဂေါမြို့နယ်အစပ်က ရေမျက်နီ ရဲစခန်းနေရာကလွဲရင် ကျေးလက်ဒေသအများစုကို ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်တယ်လို့ ထီးလင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တစ်ဦးက RFA ကို ပြောပါတယ်။
“ရာခိုင်နှုန်းအရ ပြောရရင် နည်းနည်း ခက်တယ်ပေါ့နော်။ ရေမျက်နီ ရဲကင်းစခန်း တစ်ခုရှိတယ်။ အဲဒါရယ်၊ ထီးလင်းမြို့ပေါ်ရယ်။ ဒါပါပဲဗျ။ ကိုးဆယ်ရာခိုင်နှုန်းကျော် ပါတယ်။ ကျွန်တော်တို့ ဒီစစ်ရေးအရှိန် ဘယ်လိုမြှင့်တင်မလဲပေါ့။ အဲဒါကိုပဲ ကြိုးစားမှုရှိပါတယ်။ စစ်ကောင်စီတပ်စခန်းတွေ မြို့တွေကိုလည်း ဖြတ်တောက်ရေး အမြဲတမ်း ကြိုးစားနေကြတယ်ပေါ့နော်”
ဒီပြောဆိုမှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) စတဲ့ ယောဒေသက တော်လှန်ရေးတပ်တွေဟာ ထီးလင်းမြို့နယ်နဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ ချင်းပြည်နယ် မတူပီမြို့နဲ့ မင်းတပ် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်က မြို့တွေ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်လာတဲ့နောက်ပိုင်း ယောဒေသမှာလည်း စစ်ရေးအရှိန် မြှင့်မယ်လို့ ယောတပ်တော် (YA) က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဆက်နွှယ်သော သတင်းများ
မကွေးတိုင်းမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ
ထီးလင်းမြို့နယ်မှာ အရပ်သားငါးဦး အသတ်ခံရ
ထီးလင်းမှာ လေကြောင်းက ဗုံးကြဲလို့ တစ်ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ
ယောဒေသနဲ့ဆက်စပ်နေတဲ့ ချင်းပြည်နယ်မှာ တောင်ပိုင်းကိုပဲ ချင်းတော်လှန်ရေး အင်အားစုတွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါသေးတယ်။
ချင်းပြည်နယ်မြောက်ပိုင်းကိုပါ ထိန်းချုပ်ပြီးရင်တော့ ယောနယ်ထဲကို တပ်ပေါင်းစုတွေ ရောက်လာနိုင်တာကြောင့် ယောဒေသရဲ့ စစ်ရေးအခြေအနေ တစ်ဆစ်ချိုး ပြောင်းလဲနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“အဲဒီအင်အားစု (ချင်းတော်လှန်ရေးတပ်ဖွဲ့) တွေကလည်း ယောနယ်ထဲကို ပေါင်းစပ်လာမယ်။ အဲဒီအချိန်မှာ AA (အာရက္ခတပ်တော်) လည်းပဲ မကွေးတိုင်းထဲကို ဆင်းလာပြီဆိုရင်တော့ ယောနယ်ရဲ့အနေအထားက တစ်ဆစ်ချိုး ပြောင်းလဲပြီးတော့ အောင်မြင်မှုတွေ ကြီးကြီးမားမား ရရှိလာလိမ့်မယ်လို့ မျှော်လင့်တယ်”
ယောဒေသဖြစ်တဲ့ ထီးလင်း၊ ဆော၊ ဂန့်ဂေါမြို့နယ်တွေဟာ ပထဝီအနေအထားအရ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေနဲ့ နယ်မြေချင်း ထိစပ်နေတာကြောင့် အဲဒီပြည်နယ်တွေ လွတ်မြောက်သလို ယောဒေသကိုလည်း စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်နိုင်အောင် ကြိုးပမ်းနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။