ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ အဝင်အထွက်ဂိတ်တွေ တိုးမြှင့်ချထားတာ၊ လုံခြုံရေးကင်းပုန်းချထားတာတွေအပြင် စစ်ကြောင်းထိုးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလကစပြီး ရေကြည်မြို့နယ်မှာရှိတဲ့ ရေနံ့သာ စစ်ဆေးရေးဂိတ်၊ ပုသိမ်မြို့နယ်နဲ့ ဂွမြို့နယ် အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီက အင်အားတွေ တိုးချခဲ့သလို အရင်ကထက်ပိုပြီး စစ်ဆေးလာတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ်စစ်ပွဲက ဧရာဝတီတိုင်းကို ရိုက်ခတ်မှု ရှိလာတယ်လို့ ရခိုင်နယ်စပ်မြို့တွေမှာနေထိုင်တဲ့ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီ ဧရာဝတီကတပ်ရင်းတွေ ပို့တဲ့ဟာတွေက တပ်ရင်းလိုက်နီးပါး ကျဆုံးတာတွေကအစ ရှိတယ်ပေါ့နော်။ လက်ရှိဆို ဧရာဝတီတိုင်းရဲ့ နယ်နိမိတ်၊ ရခိုင်နယ်နိမိတ်တွေမှာ လုံခြုံရေးတင်းကျပ်တာတွေ၊ စစ်ကြောင်းထိုးတာတွေ၊ သူတို့ရဲ့ လက်နက်ကြီးတပ်တွေကအစ ပြင်ဆင်တာတွေကို အစရှိသဖြင့်ပေါ့နော် လုပ်နေတာတွေ ရှိပါတယ်။ တစ်လက်စတည်းပဲ သူက ဒီစစ်သားသစ် ပေါ်တာဆွဲတဲ့ လုပ်ငန်းစဥ်တွေကိုလည်း လုပ်ဖို့အတွက် ပြင်ဆင်နေတာမျိုး တွေ့ရပါတယ်"
"လက်ရှိဆို ဧရာဝတီတိုင်းရဲ့ နယ်နိမိတ်၊ ရခိုင်နယ်နိမိတ်တွေမှာ လုံခြုံရေးတင်းကျပ်တာတွေ၊ စစ်ကြောင်းထိုးတာတွေ၊ သူတို့ရဲ့ လက်နက်ကြီးတပ်တွေကအစ ပြင်ဆင်တာတွေကို အစရှိသဖြင့်ပေါ့နော် လုပ်နေတာတွေ ရှိပါတယ်"
ဂွမြို့နယ် နယ်စပ်ဖြစ်တဲ့ မကျီးဇင်ကျေးရွာအုပ်စုကို မတ်လ ၆ ရက်နေ့က ခလရ (၃၀၈) တပ်ရင်းကနေ အင်အား ခုနစ်ဆယ်ဝန်းကျင်နဲ့ စစ်ကြောင်းဝင်ရောက်လာတယ်လို့ သာပေါင်းမြို့နယ်က တော်လှန်ရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရခိုင်နယ်စပ်မြို့တွေ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်လာတာတွေဟာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ဝင်လာမှာကို ကြိုတင်ကာကွယ်တာလို့လည်း သူက ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) က ဂွမြို့နယ်အထိ သိမ်းယူနိုင်ရင် တော်လှန်ရေးအင်အားစုတွေဘက်က တိုက်ပွဲဖော်ဆောင်နိုင်တယ်လို့ တော်လှန်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက သုံးသပ်ပါတယ်။
"စစ်တွေပြီးလို့ ဒီဘက် ဂွတို့၊ ကျင်ကလီတို့ ရခိုင်ကသိမ်းနိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဧရာဝတီအတွက်က စစ်ရေးအတွက် ဒီထက်ပိုပြီး အလုပ်လုပ်လို့ရနိုင်တဲ့ အကြောင်းအရာတွေ ပိုဖြစ်လာတာပေါ့ဗျာ။ အရင်ကတုန်းက EROs နဲ့ဆက်စပ်မှု လုံးဝမရှိတဲ့အတွက် ကျွန်တော်တို့က လှုပ်ရှားရတာ အရမ်းခက်ခဲတယ်။ တိုက်ပွဲဖော်ဆောင်လို့ မရဘူးပေါ့"
ပုသိမ်မြို့နယ်က ရခိုင်ရိုးမနဲ့နီးတဲ့ ကျောက်ပုံနဲ့ ချောင်းခွကျေးရွာတွေမှာလည်း ဇန်နဝါရီ ပထမပတ်နဲ့ ဖေဖော်ဝါရီ ပထမပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ လေးဆယ်ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ တတိယပတ်မှာ ရခိုင်ရိုးမအစပ်က ပုသိမ်၊ ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ငပုတောနဲ့ သာပေါင်းမြို့နယ်တွေမှာ PDF တွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံပျော်မြို့မှာတော့ လွန်ခဲ့တဲ့ ဆယ်ရက်ဝန်းကျင်က ရခိုင်ပြည်နယ်ကို စစ်ကူသွားတဲ့ ခလရ (၃၆) တပ်က စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ပြီးနောက် စစ်ဆေးရေး ပိုတင်းကျပ်လာတယ်လို့ ကျုံပျော်မြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ခလရ (၃၆) မှာဆိုရင် တပ်သား ခြောက်ဆယ်လောက် ကျသွားတာကိုး။ တင်းကျပ်မှုကတော့ ညတော့မထွက်ရဲကြဘူး။ ဘယ်လိုကြောင့် မထွက်ရဲကြတာလည်းဆိုတော့ စိုးရိမ်စိတ်နဲ့ပေါ့လေ။ ထွက်ရင် ဟိုဟာဖြစ်မယ့် ပုံစံမျိုးနဲ့ပေါ့။ ကြောက်နေပြီး မထွက်ကြဘူး"
ဧရာဝတီတိုင်းမှာ လုံခြုံရေးတင်းကျပ်ထားတဲ့အပေါ် အသေးစိတ်သိရဖို့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ပေးပို့ထားတဲ့ ညွှန်ကြားစာမှာတော့ ရုံးဌာနတွေနဲ့ မြို့အဝင်အထွက်ဂိတ်တွေ တိုက်ခိုက်မခံရအောင် ကြပ်မတ်ဖို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် CCTV ကင်မရာ တပ်ဆင်ထားဖို့နဲ့ တခြားနေရာတွေမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ဧရာဝတီတိုင်းကို မရောက်အောင် ကြိုတင်ကာကွယ်ဖို့လည်း ညွှန်ကြားထားပါတယ်။