ဂျပန်- မြန်မာအသင်း (Japan Myanmar Association) ဥက္ကဋ္ဌ ဟီဒီယို ဝါတာနာဘေဟာ ပြီးခဲ့တဲ့ ဇွန်လက ကျင်းပတဲ့ အသင်းအစည်းအဝေးမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ချီးကျူးပြောဆိုခဲ့ တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လက ဂျပန်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ တိုကျိုကန်ဇိုင်း စာစောင်မှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဥပဒေနဲ့အညီ လုပ်ဆောင်ထားတာဖြစ်ပြီး ဂျပန်အစိုးရ အနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွေကို ထောက်ခံသင့်တယ်လို့ ဂျပန်မြန်မာအသင်း ဥက္ကဋ္ဌနဲ့ စီးပွားရေးလုပ်ငန်းရှင် ဟီဒီယို ဝါတာနာဘေက ပြောခဲ့ကြောင်း ပြီးခဲ့တဲ့ အပတ်က ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
“ဂျပန်နိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် သူ့လူ ကိုယ့်ဘက်သားလုပ်တဲ့ ရပ်တည်ချက်မျိုး ကျင့်သုံးနေတယ်လို့ ထင်ပါတယ်"
အခုလို ပြောလိုက်တာဟာ ဂျပန်အစိုးရရဲ့ တရားဝင်ရပ်တည်ချက်နဲ့ လုံးဝဆန့်ကျင်နေပေမဲ့ ဂျပန်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်ပြီး တရားဝင်နဲ့ တရားမဝင် ဆက်ဆံရေးလမ်းကြောင်း နှစ်မျိုးလုံး ဖွင့်ထားဖို့ ကြိုးပမ်းနေတာကို ပြသနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ တာဝန်ယူမှုရှိဖို့ အကြံပေးနေတဲ့ Myanmar Center for Responsible Business က Vicky Bowman က ဂျပန်မြန်မာအသင်း ဥက္ကဋ္ဌရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန်ပါတယ်။
“ဂျပန် မြန်မာအသင်း ဥက္ကဋ္ဌက စစ်ကောင်စီကို ထောက်ခံကြောင်းပြောကြားခဲ့တဲ့နောက် ဂျပန်ကုမ္ပဏီအချို့ ဒီအသင်းထဲက နှုတ်ထွက်ခဲ့ကြတာကို ကြိုဆိုပါတယ်။ ဒီအသင်းနဲ့ ပတ်သက်မှုရှိတဲ့ အခြား ဂျပန်ကုမ္ပဏီတွေ အနေနဲ့လည်း အသင်းဥက္ကဋ္ဌရဲ့ လုပ်ရပ်ကြောင့် ကုမ္ပဏီတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်တာကို ထည့်စဉ်းစားကြဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်နေတဲ့ ဂျပန်ကုမ္ပဏီတွေအနေနဲ့ ဂျပန်- မြန်မာအသင်းမှာ ပါဝင်မယ့်အစား ဂျပန်- မြန်မာလုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းဆောင်ရွက် တာဟာ ပိုပြီးသင့်တော်မယ်လို့ ယူဆပါတယ်”
ဂျပန်အစိုးရ အားပေးထောက်ခံမှုနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်- မြန်မာအသင်းမှာ ကုမ္ပဏီပေါင်း ၁၀၀ကျော် အဖွဲ့ဝင်ထားပြီး ပါဝင်ပြီး အသင်းရဲ့ဘုတ်အဖွဲ့မှာ ဂျပန်အစိုးရ ဝန်ကြီးချုပ်ဟောင်း တာရိုအာဆို အပါအဝင် ဂျပန်အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ လက်ရှိအစိုးရအဖွဲ့ဝင်အချို့ ပါဝင်ပါတယ်။
မြန်မာ-ဂျပန် ဆက်ဆံရေးအကြောင်း လေ့လာနေတဲ့ မြန်မာ့အရေးသုံးသပ်သူ ပီတာမောရစ် ကတော့ ဂျပန်နိုင်ငံဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ အနောက်နိုင်ငံတွေရဲ့ လမ်းစဉ်ကို မလိုက်သင့်ဘူးလို့ ယုံကြည်နေကြောင်း သုံးသပ်ပါတယ်။
“ဂျပန်မြန်မာအသင်း ဥက္ကဋ္ဌက အခုလို စစ်ကောင်စီကို ထောက်ခံကြောင်း ပြောလိုက်တာဟာ အကြောင်းပြချက် နှစ်ခုရှိပါတယ်။ ပထမက သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အတွက်ပါ။ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ ဟီဒီယို ဝါတာနာဘေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား လုပ်ထားတဲ့ Japan Myanmar Development Institution ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ ဒုတိယက ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေရဲ့ လမ်းစဉ်အတိုင်း လိုက်ဖို့ မလိုဘူးလို့ ရပ်တည်သင့်တယ်လို့ ဂျပန်နိုင်ငံက မူဝါဒချမှတ်သူအချို့က ယုံကြည်နေတာကြောင့် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံမှာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတာ ဂျပန်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေ အများကြီးပါဝင်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ အခုအချိန်မှာ အနောက်နိုင်ငံတွေက စစ်အစိုးရနဲ့ လုံးဝအဆက်အသွယ်ဖြတ်ပြီး စီးပွားရေး ပိတ်ဆို့အရေးယူနေတဲ့ အခြေအနေမှာ ဂျပန်နိုင်ငံအနေနဲ့ အလားတူ လိုက်မလုပ်ဘဲ မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ပေါင်းကူးတံတားအဖြစ် ရပ်တည်သင့်တယ်လို့ ယူဆကြပါတယ်"
ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးဟာ အခြားအနောက်နိုင်ငံတွေနဲ့ မတူဘဲ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့ စစ်အစိုးရတွေကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာအောင် လမ်းပြပေးတဲ့ သမိုင်းဝင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့အကြောင်း၊ အခုအချိန်မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဂျပန်နိုင်ငံရဲ့ရပ်တည်ချက်ဟာ အမေရိကန်နဲ့အခြား ဒီမိုကရေစီမဟာမိတ်နိုင်ငံတွေရဲ့ ရပ်တည်ချက်နဲ့ ကွဲပြားနေရင်တောင် ရှေ့တိုးဖို့ မကြောက်ရွံ့သင့်ဘူးလို့ မစ္စတာ ဟီဒီယို ဝါတာနာဘေရဲ့ သားဖြစ်သူ ဂျပန်-မြန်မာအသင်း အတွင်းရေးမှူး ယူဇူကီ ဝါတာနာဘေဟာ ဆောင်းပါးရေးသားခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့လမ်းစဉ်အတိုင်း လိုက်ပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျဖို့ ဦးတည်ဆောင်ရွက်မယ့်အစား မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ အနောက်နိုင်ငံတွေအကြားမှာ ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်သင့်တယ်လို့ သူက ရေးသားထားပါတယ်။

မစ္စတာ ဝါတာနာဘေတည်ထောင်ထားတဲ့ ဂျပန်-မြန်မာအသင်းထဲမှာ ဂျပန်နိုင်ငံရေးမှာ သြဇာအာဏာရှိတဲ့ ပါလီမန်အမတ်ဟောင်းတွေ၊ လက်ရှိအမတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့အတွက် မစ္စတာ ဝါတာနာဘေရဲ့ မှတ်ချက်ဟာ ဂျပန်အစိုးရကို တရားဝင်ကိုယ်စားမပြုပေမဲ့ အစိုးရအဖွဲ့ဝင်တချို့ရဲ့ သဘောထားကို ထင်ဟပ်ပြသနေတယ်လို့ ပီတာ မောရစ်က သုံးသပ်ပါတယ်။
“ဂျပန်နိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် သူ့လူ ကိုယ့်ဘက်သားလုပ်တဲ့ ရပ်တည်ချက်မျိုး ကျင့်သုံးနေတယ်လို့ ထင်ပါတယ်။ တရားဝင် အနေနဲ့ကတော့ G7 စက်မှုထိပ်သီးနိုင်ငံတွေနဲ့ ကြေညာချက်ထုတ်ခဲ့တဲ့အတိုင်း စစ်ကောင်စီကို ရှုတ်ချကြောင်း ပြောနေပါတယ်။ တဖက်မှာလည်း မစ္စတာ ဝါတာနာဘေနဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါတို့လို ပုဂ္ဂလိကသံတမန်တွေ ကြားလူတွေကို အသုံးပြုပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေး လမ်းကြောင်းကို ဖွင့်ထားပါတယ်။ ဒါကြောင့် တရားဝင်အနေနဲ့ကတော့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကြားလူတွေဟာ ဂျပန်အစိုးရကို ကိုယ်စားမပြုကြောင်း ငြင်းဆိုနေပါတယ်။ တကယ်တာ့ ဒီလိုကြားလူတွေရဲ့ အကျိုးစီးပွားဟာ ဂျပန်အစိုးရနဲ့ နီးနီးကပ်ကပ် ယှက်နွယ်နေတာ တွေ့နိုင်ပါတယ်။ မစ္စတာ ဝါတာနာဘေဟာဆိုရင် ဂျပန်နိုင်ငံရေးမှာ ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး၊ နိုင်ငံရေးလောကကနေ အနားယူပြီး ဂျပန်မြန်မာအသင်းကို တည်ထောင်ခဲ့တာပါ။ မစ္စတာ ဆာဆာကာဝါဟာ ဆိုရင်လည်း ဂျပန်အစိုးရရဲ့ တရားဝင် သံတမန်အဖြစ်နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ဂျပန်အစိုးရကို ကိုယ်စားမပြုတဲ့ ပုဂ္ဂလိက ခရီးစဉ်အဖြစ်နဲ့ စပြီး မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်"
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံရောက် မြန်မာသံရုံးဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး၊ စစ်ကောင်စီက သံတမန်အသစ်တွေနဲ့ အစားထိုးခန့်အပ်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ နိုဝင်ဘာလက Kyodo News သတင်းဌာနမှာ ရေးသားဖော်ပြချက်အရဆိုရင် ဂျပန်အစိုးရဟာ စစ်ကောင်စီက ခန့်အပ်တဲ့ မြန်မာသံတမန်အသစ်တွေကို လက်ခံလိုက်ပြီဖြစ်တဲ့အကြောင်းနဲ့ ဒီလို လုပ်ရပ်တွေဟာ ဂျပန်အစိုးရက အာဏာသိမ်းစစ်ကောင်စီကို တိတ်တဆိတ်လက်ခံတဲ့ သဘောဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ပီတာ မောရစ် က သုံးသပ်ပါတယ်။
(မှတ်ချက်။ ။ ကနဦးသတင်းဆောင်းပါးတွင်… မစ္စတာ ဟီဒီယို ဝါတာနာဘေသည် "ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ" ဖြစ်ကြောင်း မှားယွင်း ဖော်ပြခဲ့ပါသည်။ အမှန်တကယ်မှာ မစ္စတာ ဟီဒီယို ဝါတာနာဘေ သည် "ဂျပန်-မြန်မာအသင်း (JMA) ဥက္ကဋ္ဌ" ဖြစ်ကြောင်း ပြင်ဆင်ဖော်ပြအပ်ပါသည်။)