မဲဆောက်ရောက် မြန်မာတွေကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ ပီတိအိမ်အဖွဲ့

RFA Burmese
2023.11.04
မဲဆောက်ရောက် မြန်မာတွေကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ ပီတိအိမ်အဖွဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်က From Across The River မြစ်ကိုဖြတ်၍ဆိုတဲ့ ပန်းချီပြပွဲအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ SEA Junction Center တွင် ပြုလုပ်ခဲ့စဉ်။
RFA

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို တိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေ လက်ရှိကြုံနေရတဲ့အခက်အခဲတွေကြောင့် ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့ Joy House လို့ခေါ်တဲ့ ပီတိအိမ်အဖွဲ့က တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးနေတာတွေကို မြစ်ကိုဖြတ်၍ From Across The River ဆိုတဲ့ခေါင်းစဉ်နဲ့ ပန်းချီပြပွဲတစ်ခု မနေ့က ပြုလုပ်ခဲ့တာပါ။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငမြို့အခြေစိုက် ပညာရေးဖွံ့ဖြိုရေးဖောင်ဒေးရှင်း (FED) ရဲ့ စီမံမှုနဲ့ Joy House အဖွဲ့က လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာပါ။

FED အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က မြန်မာတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း အကျယ်တဝင့် ရှင်းပြခဲ့ပါတယ်။

ဒီပွဲမှာ Joy House က ပန်းချီပညာရှင်ရဲ့ သင်ကြားမှုနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြသထားပါတယ်။

ဒါဟာ Joy House ရဲ့ ပထမဆုံး ပန်းချီပြပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ Joy House အဖွဲ့ရဲ့ ညှိနှိုင်းရေးမှုး ဒေါ်နေခြည်ဝင်းက အဖွဲ့စတင်ဖွဲ့စည်းခဲ့ပုံနဲ့ လက်ရှိ လှုပ်ရှားဆောင်ရွက်မှုတွေကို ရှင်းပြပါတယ်။

Joy House တည်ထောင်ပြီး အခု ၁၀ လတာအတွင်း သင်တန်းသား တစ်ထောင်ကျော်ကို အနုပညာတွေ လှုပ်ရှားမှုတွေ သင်ကြားပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ Synergy လူမှုသဟဇာတဖော်ဆာင်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသက်ဆွေဝင်းကလည်း နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေ ကြုံရတဲ့ ဒုက္ခအခက်အခဲတွေနဲ့ သူတို့တွေရဲ့ စိတ်ဒုက္ခခံစားနေကြရတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းမြန်မာနယ်စပ်က မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာသူတွေကို ၁၉၈၉ ခုနှစ်ထဲက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာ ညွန့်နိုင်သိန်းက နယ်စပ်ရောက် မြန်မာနိုင်ငံသားတွေရဲ့ လက်ရှိ စိတ်ဒုက္ခအခက်အခဲတွေနဲ့ သူတို့ကို ပံ့ပိုးကူညီဖို့ လိုအပ်တာတွေကို အွန်လိုင်းကနေတစ်ဆင့် ဆွေးနွေးသွားပါတယ်။

ဒီပွဲမှာ Joy House က ဆရာ၊ ဆရာမ၊ ကျောင်းသူကျောင်းသားတွေက အွန်လိုင်းကနေတစ်ဆင့် အနုပညာတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

Joy House ပီတိအိမ်ရဲ့ From Across The River မြစ်ကိုဖြတ်၍ဆိုတဲ့ ဒီပန်းချီပြပွဲကို လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေ၊ ပန်းချီပညာရှင်တွေနဲ့ စိတ်ဝင်စားသူတွေ စုစုပေါင်း အယောက် ၄၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။