CNF ဌာနချုပ်ကို စစ်ကောင်စီ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်
2023.01.11

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်က စခန်းနဲ့ မိသားစုအိမ်ယာကို ဇန်နဝါရီ ၁၀ ရက်နေ့ညနေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ၁၁ ရက်နေ့ညနေမှာတော့ လေယာဉ် နှစ်စီးနဲ့ CNF ဌာနချုပ်အနီးမှာရှိတဲ့ ပြင်ပလူနာဆောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပါတယ်။ ၁၁ ရက်နေ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် လူနေအိမ် သုံးလုံး မီးလောင်ခဲ့ပြီး ဆေးကုသဆောင် ပျက်စီးခဲ့ပါတယ်။
အရပ်သားပြည်သူတွေ ဆေးကုသတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်တာက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောပါတယ်။
“အရင်ကတည်းက ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ်ကို သူတို့(စစ်ကောင်စီ)ပစ်မှတ် ၁၄ ခုနဲ့ထားပြီး အဲဒီပစ်မှတ်တွေထိအောင် လာပစ်တာဖြစ်တယ်။ ဒီနေ့က အရပ်သားပြည်သူတွေ ဆေးကုတဲ့၊ ကျန်းမာရေးဝန်ထမ်းတွေရှိတဲ့နေရာကို အဓိကပစ်မှတ်ထားပြီး လာပစ်တာဖြစ်တယ်။ အိမ် သုံးလုံး မီးလောင်သွားတယ်။ ဒီလုပ်ရပ်က လက်နက်မကိုင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အရပ်ဖက်ပြည်သူလူထုကို ရမ်းသန်းပြီး ပစ်နေတာက စစ်ရာဇဝတ်မှုကျူးလွန်မှုတစ်ခုပေါ့။ အကြမ်းဖက်စစ်ကောင်စီက အမြဲလုပ်လေ့လုပ်ထရှိတယ်။ ပြည်သူကို မငဲ့မညှာဘဲ ပြည်သူကို ရန်သူလုပ်ပြီး အကြမ်းဖက်နေတာဖြစ်တယ်။ ပြည်သူကို အကြောက်တရားသွင်းပြီးတော့ သူတို့အာဏာတည်မြဲအောင် လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ လုံးဝလက်ခံစရာအကြောင်းမရှိဘူး။ သူတို့က ပစ်မှတ်တွေအများကြီးထားတယ်ဆိုတော့ လာပြီး တိုက်ခိုက်လာနိုင်တဲ့အနေအထားမှာ ရှိနေတယ်။ ကျွန်တော်တို့လည်း အမြဲအဆင်သင့်အနေအထားနဲ့ တပ်လှန့်ထားတယ်။”
ဒီတိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူနေတဲ့ လူနာတွေနဲ့ ဆေးဝန်ထမ်းတချို့ ရွှေ့ပြောင်းနေကြရပါတယ်။ CNF ဌာနချုပ်မှာရှိတဲ့ ဆေးခန်းဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေတင်မကဘဲ ဒေသခံတွေကိုပါ အခမဲ့ဆေးကုသပေးနေတဲ့ နေရာဖြစ်ပြီး တစ်နေ့ကို ပြင်ပလူနာ အနည်းဆုံး ၅ဝ ကနေ ၇ဝ ကြား ရှိနေတဲ့နေရာဖြစ်တယ်လို့လည်း ဆလိုင်းထက်နီ က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပေါက်ကြားခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်တွင်းလျှို့ဝှက်စာအရ CNF ဌာနချုပ်အပြင် CDM တပ်၊ ရဲ အဆောင်၊ လူနေလိုင်းခန်းတွေ၊ ဘုရားကျောင်း၊ လူနာဆောင်၊ လူနေအိမ်တွေ၊ ဆေးခန်း၊ စာသင်ကျောင်း၊ သင်တန်းဆောင် အပါအဝင် စုစုပေါင်း ၁၄ခုကို ပစ်မှတ်ထားတာ တွေ့ရပါတယ်။
အရပ်သားပြည်သူတွေ ဆေးကုသနေတဲ့ ဆေးခန်းကိုပါ တိုက်ခိုက်တဲ့အတွက် အခုဆိုရင် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဆလိုင်းမန်ဟရဲလျန် က ပြောပါတယ်။
“ဒါ CNF ကို တိုက်ခိုက်တာ မဟုတ်ဘူး။ စစ်ဆင်ရေးလို့ ကျွန်တော်တို့က မမြင်ဘူး၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှု၊ ရန်ပြုမှုလို့ပဲ မြင်တယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံတွေက စိုးရိမ်မှုတော်တော်ကြီးနေပြီ။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဗုံးကြဲတာ တိုက်ခိုက်တာရှိပေမယ့် CNF camp ကို တိုက်ခိုက်လာပြီဆိုတော့ ပြည်သူလူထုက လုံးဝမထင်ထားဘူး။ အခုဖြစ်တဲ့အခါကျတော့ CNF camp တလျှောက်မှာနေတဲ့ အရပ်သားပြည်သူတွေက ကြောက်လန့်မှုတွေဖြစ်လာပြီး မီဇိုရမ်ဘက် ပြေးမလား၊ ဘယ်ဘက်ပြေးမလဲလို့ ကြောက်လန့်မှု ထိတ်လန့်မှုတွေ ဖြစ်နေပြီ။ ဒီတိုက်ခိုက်မှုသည် အရပ်သားပြည်သူလူထုတွေကို စိုးရိမ်ကြောက်လန့်အောင် လုပ်တာလို့ပဲ မြင်တယ်။”
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၂၀၂၃ ခုနှစ် တစ်နှစ် အပစ်ရပ်မယ်လို့ ကြေညာခဲ့ပေမယ့် အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက CNF ဌာနချုပ်ကိုတော့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အပစ်ရပ်မယ်ဆိုတဲ့ ပြောဆိုချက်က ဟန်ပြသာဖြစ်တယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဝေဖန်ပါတယ်။
“သူတို့အပစ်ရပ်မယ်၊ ငြိမ်းချမ်းရေးလုပ်မယ်ဆိုတာက ဟန်ပြအနေနဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖျားနေတာပါ။ တကယ့်တကယ်တော့ မဟုတ်ပါဘူး။ သူတို့က တစ်ဖက်သတ်အပစ်ရပ်တာ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ သူတို့ပြောပြောနေတဲ့ အပစ်ရပ်မယ်၊ ငြိမ်းချမ်းရေးလုပ်မယ်ဆိုတာက တစ်ဘက်က နိုင်ငံတကာအမြင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ ခေါ်နေတဲ့ အပစ်မရပ်ချင်ဘူး၊ ငြိမ်းချမ်းရေးမလုပ်ချင်ဘူးဆိုပြီးတော့ ပြန်ပြီး အပြစ်ဖို့ချင်တဲ့သဘောပါပဲ၊ တကယ့်တကယ်တော့ အဲဒါမဟုတ်ပါဘူး။ သူက မက်လုံးပေးပြီးတော့ နိုင်ငံတကာမှာ မျက်နှာသာရအောင်ဆိုပြီး လုပ်တာ။”
ဇန်နဝါရီ ၁၀ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ရာမှာ ဗုံးတစ်လုံး အိန္ဒိယနိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့ပေမယ့် ဒါနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း CNF ဌာနချုပ်ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်ပါဘူး။
CNF ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်မခံဘဲ တော်လှန်နေသလို အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ပညာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ရဲ့ သဘာပတိ ဆလိုင်းအိုက်ဇက်ခင်က စစ်ကောင်စီက စစ်ရေးနည်းနဲ့ အာဏာရှင်တော်လှန်ရေးကို ဖိနှိပ်ဖို့ ကြိုးစားနေတာလို့ ပြောပါတယ်။
“စစ်ရေးနည်းနဲ့ ဖိနှိပ်ဖို့ ဖြိုခွဲဖို့ ကြိုးစားနေတာပေ့ါ။ ချင်းမှမဟုတ်ဘူး တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆိုတာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို လက်မခံနိုင်လို့ အုံကြွတော်လှန်နေတာ။ အဲဒါကို စစ်ရေးနည်းလမ်းသုံးပြီး ဖြိုခွဲနေတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့လုပ်ရပ်မဟုတ်ဘူး။ အခုလိုအင်အားအသုံးပြုပြီး နိုင်ငံရေးအဖြေရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး”
စစ်ကောင်စီက လာမယ့် ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြသလို ပြည်သူတွေ ပူးပေါင်းပါဝင်မှု မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ စစ်ကောင်စီကို တော်လှန်နေတဲ့ CNF ကလည်း ဒီရွေးကောက်ပွဲကို လက်မခံပါဘူး။
CNF ကို အခုလိုပစ်မှတ်ထားတိုက်ခိုက်တာဟာ ချင်းပြည်နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ရည်ရွယ်တာလို့ ဆလိုင်းထက်နီက သုံးသပ်ပါတယ်။
“စစ်ကောင်စီက တကယ့်ရည်ရွယ်ချက်ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲ လုပ်မယ်။ အဲဒီအတွက် ဒေသတည်ငြိမ်ရေးအတွက် အဖျက်အမှောင့်လုပ်နေတယ်ဆိုပြီး CNF/CNA ကို ချေမှုန်းမယ် အဲဒီခေါင်းစဉ်အောက်နေ လုပ်နေတာဖြစ်တယ်။ ရွေးကောက်ပွဲဖြစ်အောင် အကောင်အထည်ဖော်တဲ့အနေနဲ့ အဲ့သလိုလုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီရွေးကောက်ပွဲက တရားမဝင်ဘူး၊ လက်မခံနိုင်ဘူး။ တစ်ဖက်သတ် သူ့ဟာသူ ကောက်ဆွဲပြီး လုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ အဲဒါကြောင့် လာပြီးတော့ လေယာဉ်နဲ့ လာတိုက်ခိုက်နေတာဖြစ်တယ်။ နောက်တစ်ခုကတော့ စစ်ရေးမှာ ဒီနှစ်လအတွင်း စစ်ရေးအခြေအနေက မြေပြင်မှာ သူက အင်အားချိနဲ့နေပြီလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် အခုလို လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူကိုပါမချန် ရက်ရက်စက်စက် လုပ်နေတာဖြစ်ပါတယ်။”
ချင်းအမျိုးသားတပ်ဦး CNF ဟာ အာဏာမသိမ်းခင်က စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မေလကုန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းကြောင်း ကြေညာလိုက်တဲ့ ပထမဆုံးသော လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပြီး CNF ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းဟာ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးအဖြစ် တာဝန်ယူလုပ်ကိုင်နေတာဖြစ်ပါတယ်။