စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ အဖွဲ့တွင်းမတည်ငြိမ်မှုနဲ့ အက်ကွဲမှုကိုပြသ

RFA Burmese
2023.09.26
စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ အဖွဲ့တွင်းမတည်ငြိမ်မှုနဲ့ အက်ကွဲမှုကိုပြသ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့နေရာတွင် အစားထိုးခန့်အပ်ခံရသည့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး (ဝဲ) နှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော (ယာ)။
AFP, Myanmar Military

စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက်ထုတ်ပြန်ချက်အရ အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံ နေရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ ကို စစ်ကောင်စီ အဖွဲ့ထဲကနေ ထုတ်ပယ် လိုက်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့  စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦး ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်ပြီး ဒုဝန်ကြီး ဦးညွန့်အောင် ကိုတော့ ရာထူးကနေ အနားပေးလိုက်ပါတယ်။

ဒါတွေဟာ ပို့ကုန်သွင်းကုန်ကိစ္စတွေ၊ ဒေါ်လာဈေးမြင့်တက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ဆေးပြီးနောက် အခုလို ထိပ်ပိုင်းခေါင်းဆောင်တွေအထိ အရေးယူ ထုတ်ပယ်မှုတွေ လုပ်လာတာကို မြင်တွေ့ရတာပါ။

"လူစားထိုး ပြောင်းလဲကျင့်သုံးလိုက်လို့လည်း စစ်ကောင်စီထဲက ဒီလိုမသမာမှုတွေ အကျင့်ပျက်ခြစားမှုတွေ ပျောက်သွားမှာ မဟုတ်ပါဘူး"

တိုင်းပြည်စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်မှာ ကိုယ်ကျိုးရှာတဲ့ စစ်ဗိုလ်ချုပ်တွေ ကို အပြောင်းအလဲ လုပ်တာဟာ စစ်ကောင်စီအဖွဲ့အတွင်း မတည်ငြိမ်မှုနဲ့ ပြိုကွဲမှု အက်ကြောင်း စတင်လာတာလို့  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“စစ်ကောင်စီအစိုးရအဖွဲ့ရဲ့ မတည်ငြိမ်မှုနဲ့ ပြိုကွဲမှုအက်ကြောင်းတွေကို စပြီးတော့ မြင်လာရပြီ။ အဲဒါတွေကို အခုက လူစားထိုး ပြောင်းလဲကျင့်သုံးလိုက်လို့လည်း စစ်ကောင်စီထဲက ဒီလိုမသမာမှုတွေ အကျင့်ပျက်ခြစားမှု တွေ ပျောက်သွားမှာ မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ ဦးဆောင်အဖွဲ့ ဗိုလ်ချုပ်ကြီးတွေအတွင်းမှာ အကျိုးစီးပွား ဆိုင်ရာ ပဋိပက္ခတွေ အပြင်းအထန်ပေါ်ပေါက်နေပြီ။ အဲဒါတွေဟာ မကြာခင် တစ်ဆင့်တိုးပြီးတော့ ပေါက်ကွဲဖြစ်ပေါ် တော့မယ်ဆိုတဲ့ ညွှန်းကိန်းတွေဖြစ်တယ်လို့ မြင်ပါတယ်”

စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီအဖွဲ့ကနေ ထုတ်ပယ်လိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ရဲ့ နေရာမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့ကို အစားထိုးခန့် အပ်လိုက်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယုံကြည်ရတဲ့ အကြံပေးတစ်ဦး ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကို မူလစစ်ဘက်နေရာကို ပြန်ပို့လိုက်တယ်ဆိုပေမယ့် ဘယ်နေရာလဲဆိုတာကို စစ်ကောင်စီ ထုတ်ပြန်ချက်မှာ အတိအကျ ဖော်ပြမထားပါဘူး။ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေထံ ကနေ ဒေါ်လာ လာဘ်ငွေယူခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အကြောင်းကိုတော့ ဘယ်ရာထူး၊ ဘယ်ဌာနကို ပြောင်းလိုက်သလဲဆိုတာ လုံးဝ ဖော်ပြထားခြင်း မရှိပါဘူး။

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (ဝဲ)၊ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် (ယာ)။ (Photo: Myanmar Military)
စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (ဝဲ)၊ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် (ယာ)။ (Photo: Myanmar Military)

ဒီအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်း တဲ့အခါ နစကအဖွဲ့ဝင်တွေ ပြောင်းလဲဖွဲ့စည်းတာဟာ ဒီအချိန်မှာ ပြောင်းလဲဖို့ လိုအပ်လာ တဲ့အတွက် ပြင်ဆင်ဖွဲ့စည်းတာလို့ ပြောပါတယ်။

 “ပြောင်းသင့်ပြောင်းထိုက်တဲ့ အချိန်ရောက်တယ်ပေါ့။ နောက်တစ်ခါကျတော့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ် တွေ ဘာတွေရှိမလဲ အဲဒီအပေါ်မှာမူတည်ပြီးတော့ ဒါတွေက သုံးသပ်ရမှာကိုး။ ကောလာဟလက တော့ မျိုးစုံ ထွက်နိုင်ပါတယ်။ အဲဒီတော့ အဲဒီသတင်း မှန်လား၊ မမှန်လားဆိုတာက တကယ့် တရားဝင်ထုတ်ပြန်ချက် ထုတ်တဲ့အချိန်ကျရင်တော့ ကျွန်တော်တို့ပိုပြီးတော့ သိသာနိုင်တာပေါ့။ အခုအချိန်မှာတော့ အဲဒါနဲ့ပတ်သက်လို့တော့ မှတ်ချက်ပေးဖို့ကတော့ အရှင်းဆုံးကို တစ်ခုပဲရှိပါတယ်။ ပြောင်းဖို့လိုအပ်လို့ ပြောင်းတယ်လို့ပဲ ဖြေရပါလိမ့်မယ်”

စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးကို ဌာနပြောင်းလိုက်လို့ လွတ်သွားတဲ့ သူ့နေရာမှာ တော့ ဦးထွန်းအုံ ကို အစားထိုး ခန့်အပ်ထားပါတယ်။ ရာထူးက အနားပေးခံရတဲ့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် နေရာမှာ တော့ ဦးမင်းမင်း ဆိုသူကို ပြောင်းလဲ ခန့်အပ်ထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ကော်မတီ စတဲ့ ကော်မတီ သုံးခုက ဥက္ကဋ္ဌ တာဝန်တွေကိုတော့ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက အစားထိုး ခန့်အပ်ထားတာပါ။

မြန်မာနိုင်ငံမှာရှိနေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အကျင့်ပျက်ခြစားမှုက ခွဲခြားလို့မရတဲ့ အရာတွေပဲလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က ပြောပါတယ်။

“ဒီအကျင့်ပျက်ခြစားမှုနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ဆိုတာက ဒါခွဲထားလို့မရတဲ့ အရာတွေလေ။ အမြဲတမ်း တတွဲတွဲရှိနေတဲ့ အရာလို့ပဲ ပြောရမှာပဲ။ ဒီလိုကာလမှာ စစ်ဗိုလ်ချုပ်တွေထဲမှာ အရင်ကာလတွေထက် ပိုပြီးတော့ အကျင့်ပျက်ခြစားမှုတွေ ရှိနေမှာပဲ။ ဘာကြောင့်လဲဆိုရင် သူတို့ တာရှည်မခံဘူးဆိုတာကို နားလည် နေကြပြီလေ။ ဒီတိုက်ပွဲမှာ ဘယ်လိုမှ နိုင်တော့မှာမဟုတ်ဘူး။ သူတို့အတွက် အချိန်လည်း သိပ်မကျန်တော့ဘူး ဆိုတာကို နားလည်နေကြတဲ့သူတွေကတော့ ရတဲ့အချိန်အတွင်း ကျန်တဲ့ အချိန်လေးအတွင်း  ရသလောက်ကို တော့ စားမှဖြစ်မယ်ဆိုတဲ့ စဉ်းစားမှုမျိုးပေါ့။ ဒါတွေကတော့ ရာထူးကြီးကြီး စစ်ဗိုလ်ချုပ်တွေမှာ မကဘူး ရာထူးအလယ် အလတ် ရာထူးငယ်ပေါ့နော်၊ နောက်ဆုံးအဆင့် အောက်ခြေ စစ်သားတွေကစ အခုချိန်မှာ အားကြီးနေတဲ့ သဘောကို မြင်တွေ့ရတယ်”

ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို အခုလို ဖြုတ်ထုတ်သတ်လုပ်တာကတော့ အကျင့်ပျက်ခြစားမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ နိုင်ငံရေးကိစ္စတွေလည်း ပါနိုင်တယ်လို့ သူက ဆိုပါတယ်။ ဘယ်လိုနိုင်ငံရေးကိစ္စလည်း ဆိုတာကိုတော့ သူက အတိအကျ မပြောပါဘူး။

အခု ထုတ်ပယ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဟာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်ကောင်စီအဖွဲ့ စတင်ဖွဲ့စည်း ချိန်မှာ အဆင့် နံပါတ် ၇ နေရာ ရှိခဲ့ပြီး၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ လူယုံလူရင်းတစ်ဦး ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့  နံပါတ် (၈) နေရာမှာရှိခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကတော့ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့သလို စစ်တပ်ထဲမှာလည်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အထိ တာဝန်ယူခဲ့သူပါ။

သူတို့ကို ရာထူးတာဝန်တွေကနေ အနားပေးတာ၊ အဖွဲ့ထဲကနေ အပြီးထုတ်ပယ်တာ တွေဟာ  အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအပေါ် ပထမဆုံးနဲ့ အကြီးဆုံး အရေးယူမှု ဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။