အဓမ္မပြုကျင့်အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမ နှစ်ဦးကို မြေမြှုပ်သြင်္ဂိုဟ်တဲ့အကြောင်း တင်ပြချက်


2015.01.23

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ညက အဓမ္မပြုကျင့်အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမ နှစ်ဦးကို ဒီနေ့ မြစ်ကြီးနားမြို့ ဂျော်ဘွမ် ကချင်နှစ်ခြင်းခရစ်ယာန် သချုႋင်း မှာ မြေမြှုပ်သြင်္ဂိုဟ်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာ မှာ စာသင်ကြားဖို့စေလွှတ်ထားတဲ့ ကျောင်းဆရာမနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ညက သူတို့နေထိုင်တဲ့ တဲအိမ်အတွင်းမှာ အဓမ္မပြုအသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆရာမလေး ၂ ဦးရဲ့အလောင်းကို ကောင်းခါးကျေးရွာက သယ်ဆောင်လာခဲ့ပြီး ဒီနေ့မြစ်ကြီးနားမြို့ ဂျော်ဘွမ် ကချင် နှစ်ခြင်း ခရစ်ယာန် သချုႋင်းမှာ မြေမြှုပ်သြင်္ဂိုဟ်ခဲ့ရာမှာ တစ်သောင်းနီးပါးလောက်ရှိမယ့် လူထုပရိသတ်က လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

မြေမြှုပ်သြင်္ဂိုဟ်ပွဲမစမှီ မြစ်ကြီးနားမြို့ နောင်နန်းဘုရားကျောင်းမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပြီး ဒီနေ့ ညနေပိုင်းမှာ အရပ်ဖက် လူမူအဖွဲ့အစည်းတွေက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာဆမ်ဆွန်ခလမ်က အမူမှန်ပေါ်ပေါက်ရေးအတွက် အဲဒီကျေးရွာမှာ စခန်းချနေတဲ့ ခမရ ၅ဝ၃ တပ် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းဖော်ထုတ်ပေးဖို့ ပြော ပါတယ်။

ဆရာတော်။ ။ကျနော်ကတော့ တိုင်းပြည်ရဲ့ပညာရေးဝန်ဆောင်မှုမှာ တဖက်တလမ်းကနေ ကျနော်တို့ အသင်းတော်တွေ လုပ်နေတဲ့ကိစ္စမှာ ဒီလိုအတင်းအဓမ္မ သတ်ဖြတ်ပြီးမှ မုဒိန်းကျင့်ခံရကိုတော့ စိတ်ထဲမှာဝမ်းနည်းတာပေါ့နော်၊ ယူကျုံမ ရဖြစ်တယ်၊ ကျနော်တို့ ကချင်ပြည်သူလူထုပဲမဟုတ်ပဲနဲ့ မြန်မာပြည် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူတိုင်းကလည်း ဒါကိုခံ စားနေရပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်အနေနဲ့ကတော့ ဒီအမှုမှန်ကို သက်ဆိုင်ရာစစ်တပ်က မှန်မှန်ကန်ကန် ဖော် ထုတ်ပေးမယ်ဆိုရင်တော့ အမြန်ပေါ်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

ကျောင်းဆရာမလေးနှစ်ဦးရဲ့သြင်္ဂိုဟ်ပွဲအခမ်းအနားကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ၊ အရပ်ဖက်လူမူအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ်တွေက လိုက်ပါပို့ဆောင်းပေးခဲ့ကြပါတယ်။

ဒီနေ့ အသုဘအခမ်းအနားကို မြစ်ကြီးနားမြို့ခံတွေသာမက ရပ်ဝေးရပ်နီးက အများအပြား ပို့ဆောင်ပေးကြတာဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်စိုးရိမ်ပူပန်နေကြတယ်ဆိုတာ ကို ဖော်ပြနေတယ်လို့ လိုက်ပါပို့ဆောင်သူတွေက ပြောပါတယ်။

အဲ့ဒီ အသုဘကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုပြုံးချိုက ဒီလို အမူကိစ္စတွေ ပေါ်ပေါက်လာတာဟာ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလမှာ ယုံကြည်မူ ပျက်ပြားစေတာကြောင့် ပြစ်မူ ကျူးလွန်သူ မည်သူ့ကိုမဆို ဖော်ထုတ်အရေးယူပေးဖို့ ပြောပါတယ်။

ကိုပြုံးချို။ ။အဓိကကတော့ တာဝန်ရှိတဲ့သူတွေကနေပြီးတော့ ဒီလိုလူတွေရဲ့ သံသယရှိမှုတွေ၊ စိုးရိမ်စိတ်ကြီးမှုတွေကို ပြီးသွားဖို့လိုတယ်၊ အဲ့ဒါကြောင့်လည်း ဖြစ်သွာတဲ့ ကျူးလွန်တဲ့သူတွေကိုလည်း ဘယ်သူ့ကိုမဆို မျက်နှာမလိုက်ပဲနဲ့ ဖော် ထုတ်ပေးဖို့လိုတယ်၊ အဲ့ဒါမှလည်း ဒီမှာသံသယရှိမှုတွေ၊ စိုးရိမ်စိတ်ကြီးမှုတွေ ဖြေလျော့နိုင်မှာဖြစ်တယ်၊ ဘာကြောင့် လည်းဆိုတော့ ကျနော်တို့နိုင်ငံမှာ ဒီလိုမျိုးအဖြစ်အပျက်တွေ ဖြစ်နေတယ်ဆိုလို့ရှိရင် အားလုံးဟာ ယုံကြည်မှု တည်ဆောက်ရေးလည်း တစ်ယောက်နဲ့တစ်ယောက် စေ့စပ်ညှိနှိုင်းနိုင်ရေးဆိုတဲ့ အလေ့အထတွေမှာ အများကြီး အနှောက်အယှက် ဖြစ်သွားနိုင်တယ်လို့ ကျနော်တို့တွေ့ရတယ်ပေါ့။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင်အရပ်ဖက်လူမူအဖွဲ့ ၂၆ ဖွဲ့က အသတ်ခံခဲ့ရတဲ့ ကျောင်း ဆရာမလေးနှစ်ဦးအတွက် အမူမှန်ပေါ်ပေါက်ရေး၊ စစ်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီး အကြမ်းဖက်ခံရမူတွေ ပပျောက်ရေးအတွက် မနေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ် ။

အမှုမှန်ပေါ်ပေါက်ဖို့ နယ်မြေခံရဲတပ်ဖွဲ့ အာဏာပိုင်တွေနဲ့အတူ မူဆယ်- ကချင်နှစ်ချင်း ခရစ်ယာန်အသင်း KBC က ကိုယ်စားလှယ်တွေ၊ ဒေသခံ မုံးပေါ် ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပါဝင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနားမြို့မျာ ပြုလုပ်တဲ့ အသုဘ အခန်းအနားကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ အမျိုးသမီးအဖွဲ့ကိုယ်စားလှယ် တစ်ဦးဖြစ်သူ နော်စူဇန်နာလှလှစိုးက ဒီအမူကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီး ဖော်ထုတ်အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။

နော်စူဇန်နာလှလှစိုး။ ။ကြေညာချက်လည်း ပြောပြီးပါပြီ၊ ဘာလဲဆိုတော့ အခုဖြစ်တဲ့အမှုကို အမှုမှန်မပေါ်ဖို့အတွက် နိုင် ငံတော်အစိုးရမှာ တာဝန်ရှိတယ်၊ အဲ့ဒီတော့ အစိုးရက စုံစမ်းရေးကော်မရှင်ဖွဲ့ပေးပြီးတော့ အမှုမှန်ဖော်ထုတ်ပေးဖို့ အဲ့လိုဖွဲ့တဲ့အခါမှာလည်း လွတ်လပ်ပြီးတော့ တရားမျှတဖို့ နောက်ပြီးတော့ အမျိုးသမီးအဖွဲ့တွေပါဝင်ဖို့ပေါ့နော်၊ ကျမ တို့ တောင်းဆိုထားပါတယ်။

အသတ်ခံရတဲ့ ကျောင်းဆရာမနှစ်ဦး ကိစ္စနဲ့ပတ်သက်ပြီး အမူမှန်ပေါ်ပေါက်ဖို့အတွက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ အမျိုးသမီးအဖွဲ့အစည်းတွေက ဒီနေ့မနက်ပိုင်းမှာ တောင်းဆိုဆန္ဒပြခဲ့ကြပြီး လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။