ကလေးမြို့မှာ တစ်ရက်တည်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၁၃ ဦးဒဏ်ရာရ

RFA Burmese
2023.06.06
ကလေးမြို့မှာ တစ်ရက်တည်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၁၃ ဦးဒဏ်ရာရ လက်နက်ကြီးပစ်ခံရတဲ့ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ ၁၀ မှ ပျက်စီးသွားသည့်နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။
CNO Upper Chindwin Region - UCR

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ဇွန်လ ၅ ရက် မနေ့ တစ်ရက်တည်းမှာ ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့သလို၊ လက်ပံချောင်းရွာနဲ့ ကလေးမြို့၊ တာဟန်း ရပ်ကွက် နယ်မြေ ၁၀ အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အသက် ခုနှစ်နှစ်အရွယ် ကလေး တစ်ဦး အပါအဝင် အရပ်သား ၁၃ ဦးထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့ မနက် ၁၀ နာရီခွဲလောက်မှာ ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ စတင်ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း စာသင်ကျောင်း နံရံတွေ ပျက်စီးသွားသလို ဒေသခံ လေးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ CNO Upper Chindwin Region – UCR က မနေ့က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ ၁၀ အတွင်းကိုတော့ မနေ့ညပိုင်းမှာ ပစ်ခတ် ခံရတာကြောင့် ခုနစ်နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာ ရသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“အဲဒီဘက်မှာ ဘာမှမရှိဘဲနဲ့ ဘာမှမဖြစ်တဲ့ နေရာကို ထုချလိုက်တာ။ ဖြစ်တာက ဟိုးဘက် လက်ပံချောင်းဘက် ဖြစ်တာ။ သူတို့ပစ်ချလိုက်တာက တာဟန်းရပ်ကွက်ပေါ့။ အဲဒီမှာ အိမ်တစ်အိမ်မှာ ကျသွားတော့ လူကြီး လေးယောက်၊ ကလေးတစ်ယောက်၊ ကလေးကတော့ ခြေထောက်ကိုထိတာ။ လူကြီးတွေကတော့ ခန္ဓာကိုယ် အနှံ့ပေါ့ ထိတာပေါ့။ ဒဏ်ရာအကြီးအကျယ် ရသွားတာမျိုးတော့ မဟုတ်ဘူး”

အခုလို အရပ်ဘက်နေရာတွေကို ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေအတွက် လုံခြုံမှု မရှိတော့ဘူးလို့ CNO Upper Chindwin Region – UCR ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကိုပြောပါတယ်။

“ ကျောင်းကို ပစ်တာက ဘာလဲဆိုတော့ သူတို့(စစ်ကောင်စီ) အုပ်ချုပ်ရေး လက်လှမ်းမမီတော့တဲ့ ကျေးရွာဘက်မှာ NUG ဖြစ်ဖြစ်၊ အရပ်ဘက် ပြည်သူ့အုပ်ချုပ်ရေးဘက်က ဖြစ်ဖြစ်၊ ဖော်ဆောင်တဲ့ ကိုယ်ထူကိုယ်ထ လုပ်တဲ့ ပညာရေးတွေကို၊ ကျောင်းတွေကို သူတို့က အကောင်အထည် မဖော်စေချင်တဲ့ သဘောနဲ့ လုပ်တယ်လို့ ယူဆရတယ်။ အခုလည်း အဲတိုင်းပါပဲ။ သူတို့ မက်ဆေ့ပေးချင်တဲ့ဟာက နင်တို့ကလေးတွေ သူတို့လုပ်တဲ့ ကျောင်းမှာထားရင် နင်တို့က ဒီလိုသေရမယ်ဆိုတဲ့ မက်ဆေ့သူတို့ ပေးချင်တယ်လို့ပဲ ယူဆရတယ်။ အခုဆိုရင် လက်နက်ကြီးတွေနဲ့ ရဟတ်ယာဉ်တွေနဲ့ လှမ်းပစ်တော့ ပြည်သူတွေက ကျွန်တော်တို့ ဘယ်နေရာမှာမှ မလုံခြုံတော့ဘူးဆိုတဲ့ ခံစားချက်တွေ ရှိလာကြတယ်”

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ အဲဒီဒေသမှာ လုံခြုံရေး အခြေအနေ စိုးရိမ်ရတာကြောင့် ထိခိုက် ဒဏ်ရာရသူတွေရဲ့ အသက်၊ နာမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိဘူးလို့ သူကပြောပါတယ်။

ရှုခင်းသာရွာဟာ လက်ပံချောင်းနဲ့ ရာဇာဂြိုလ် ကားလမ်းမဘေးမှာ တည်ရှိပြီး အိမ်ခြေ တစ်ထောင်ခန့်၊ လူဦးရေ လေးထောင်ဝန်းကျင် နေထိုင်ကြပါတယ်။

ကလေးမြို့၊ လက်ပံချောင်းမှ လက်နက်ကြီးထိမှန် ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: CNO Upper Chindwin Region - UCR)
ကလေးမြို့၊ လက်ပံချောင်းမှ လက်နက်ကြီးထိမှန် ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: CNO Upper Chindwin Region - UCR)

စစ်ကောင်စီတပ်က ရှုခင်းသာရွာကို တိုက်ခိုက်မှုအပြီး လက်ပံချောင်းရွာကို မနက် ၁၁ နာရီကျော်မှာတစ်ကြိမ်၊ ည ၁၀ နာရီလောက်မှာ နှစ်ကြိမ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲကတစ်ဦးကတော့ ခြေတစ်ဖက် ဖြတ်ရမယ့် အခြေအနေထိ ဆိုးရွားတယ်လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့ (ကလေးဒေသ) တွဲဖက်တာဝန်ခံ ကိုဂျပန်ကြီးက RFA ကိုပြောပါတယ်။

“ စာသင်ကျောင်းကို ပစ်ခတ်ပြီးတော့ မကြာဘူးပေါ့နော်။ ၁၀ မိနစ် ဝန်းကျင်လောက်မှာပဲ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲဒီပစ်ခတ်တဲ့အချိန်မှာပဲ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာ ရတယ်ပေါ့။ အဲမှာ တစ်ယောက်ဆိုရင် ခြေထောက်ဖြတ်လိုက်ရမယ့် အခြေအနေဖြစ်တယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမျိုး ပါတယ်ပေါ့နော်။ ဆိုတော့ ဒီလို လေယာဉ်နဲ့ ပစ်ခတ်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကျတော့ ကလေးမှာတော့ အကြောင်းမဲ့သက်သက်ကို ပစ်ခတ်နေကြတာပေါ့။ ပြီးခဲ့တဲ့ လပိုင်းတွေမှာလည်း အဲလိုပဲ ကျွန်တော်တို့ရဲ့ ရွာတစ်ရွာကို Mi- 35 နဲ့လာပစ်တာ။ ပစ်ချင်တိုင်းပစ်ပြီး ပြန်သွားတယ်။ ဒီလို လက်နက်ကြီးနဲ့ ထုချင်တိုင်း ထုမယ်။ ဒါတွေကို ဘယ်လိုခေါ်မလဲ။ ပြည်သူတွေကို ကြောက်စိတ်၊ ကြောက်အောင် ခြောက်နေတာပေါ့ အမှန်မှာ။ သူတို့နဲ့ ပူးပေါင်းရင် ပူးပေါင်း၊ မပူးပေါင်းရင် မင်းတို့ကို သတ်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ အဲသဘော၊ အဲပုံစံမျိုးပေါ့”

မနေ့က ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးလို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ထိခိုက်အောင် လုပ်စရာအကြောင်းမရှိဘူးလို့ ယခင်ကပြောဆိုထားပါတယ်။

"စာသင်ကျောင်းကို ပစ်ခတ်ပြီးတော့ မကြာဘူးပေါ့နော်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ စစ်ကောင်စီဟာ စာသင်ကျောင်းတွေအပေါ် လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်တာတွေ အခု သီတင်းပတ်ထဲမှာ ပိုလုပ်လာတယ်လို့ ဇွန်လ ၅ ရက် မနေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

ဇွန်လ ၁ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေ ပြန်ဖွင့်နေပေမယ့် လေကြောင်းသုံး တိုက်ခိုက်မှုတွေ ရပ်မသွားဘဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်အလင်းသစ်သုတေသနအဖွဲ့ရဲ့ မေလ ၂၂ ရက် အစီရင်ခံစာအရ နိုင်ငံတစ်ဝန်းမှာ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နဲ့ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၅၃၄ ဦးအထိရှိပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ကောင်စီခန့် ဗဟိုဘဏ် အရာရှိကြီးတွေကို NUG ရဲ့အရေးယူမှု လေ့လာသူတွေဝေဖန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။