ကရင်နီ ဒေသခံတွေ နေရပ်ပြန်ဖို့ အလှမ်းဝေးနေဆဲ

ကရင်နီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နိုဝင်ဘာလမှာစခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးဟာ ဇန်နဝါရီ ၁၁ ရက်နေ့မှာ နှစ်လတိတိ ပြည့်ပေမယ့် လွိုင်ကော်မြို့က ဒေသခံတွေကတော့ အိမ်မပြန်ရဲကြသေးဘူးလို့ ပြောကြပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ပိုင်းကစပြီး တိုက်ပွဲ ငြိမ်နေပေမယ့် အချိန်မရွေး တိုက်ပွဲ ပြင်းထန်လာနိုင်တဲ့အတွက် မြို့ထဲကို မပြန်ရဲကြတာလို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။

“ကျွန်မ ပြန်ရဲဖို့တော့ မလွယ်လောက်ဘူး ထင်တယ်။ မပြန်ဖြစ်ဘူး။ ပြည်သူတွေလည်းလေ၊ သူများမြို့ မှာ အဆင်မပြေဘူး။ သူတို့ အရမ်း အားငယ်တယ်။ ဆင်းပဲရဲရဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ပြန်နေချင်ကြတဲ့ စိတ်တွေကတော့ ၉၉ ၊ ၁၀၀ လောက် ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်မကတော့ အားလုံး တည်ငြိမ်မှသာ ပြန်ရဲမယ်။ ဒီပုံစံနဲ့ဆို မပြန်ရဲသေးဘူး။ ပြန်ပြီးတော့ အသက် ပျောက်သွားတဲ့ လူတွေ အများကြီးပဲ။ အချိတ်အဆက် မရတော့တဲ့ လူတွေ အများကြီးပဲ၊ အဲဒါတွေ ဖတ်ရတဲ့အခါကျတော့ မပြန်ရဲဘူးပေါ့။ မပြန်ရဲတာ။ ပြန်ချင်တာပေါ့”

ကယားပြည်နယ်ထဲမှာ နှစ်လအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သား ၇၇ ယောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၆၈ ယောက်၊ အဖမ်းခံရတဲ့သူ ၁၈ ယောက် ရှိခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ပြီးခဲ့တဲ့ သတင်းပတ်တွေမှာ ထုတ်ပြန်ထားပါတယ်။

"အိမ်ပြန်ပြီး ပစ္စည်းသွားယူတဲ့အခါမှာ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်"

တစ်လေးလုံး စစ်ဆင်ရေးစတဲ့ နိုဝင်ဘာလမှာ အယောက် ခုနစ်ဆယ် သေဆုံးခဲ့ပြီး၊ ဒီဇင်ဘာလမှာတော့ ခုနစ်ယောက် သေဆုံးခဲ့တာပါ။

စစ်ဆင်ရေးကို ဆက်ပြီး ဖော်ဆောင်နေမယ်လို့ ကရင်နီ တပ်မတော် (KA) ရဲ့ အမည်မဖော်လိုတဲ့ ထိပ်ပိုင်းအရာရှိ တစ်ယောက်က RFA ကို ပြောပါတယ်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိပေမယ့် အသေးစိတ်ကိုတော့ မဖြေကြားပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ကရင်နီ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ “တစ်လေးလုံး” စစ်ဆင်ရေးအတွင်းမှာ လွိုင်ကော်မြို့ရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းနဲ့ ရှမ်း-ကယား နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့တွေကို ထိန်းချုပ်ထားနိုင်တယ်လို့ ကရင်နီတပ်မတော်က ဒီဇင်ဘာလမှာ RFA ကို ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က ဒေသခံတွေဟာ အိမ်ပြန်ပြီး ပစ္စည်း သွားယူတဲ့အခါမှာ ပစ်ခတ်မှုတွေကြောင့် ထိခိုက် သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း ခိုးယူတာတွေ ရှိသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကလည်း စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းဆည်းမှုတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့ခံ တစ်ဦးက ဆိုပါတယ်။

“ရွှေ့လိုက်တာနဲ့ သွားမကြည့်နိုင်ရင် ကိုယ့်ပစ္စည်းက အခိုးခံရပြီး ပျောက်ပြီ။ ပါပြီ အိမ်ဖောက်ခံရပြီ။ အဲဒီတော့ တစ်ရက် တစ်ကြိမ်လောက် သွားကြည့်လို့ ရတဲ့နေရာမျိုးကို သွားသွား ကြည့်နေတယ်ဆိုရင် နည်းနည်း ခံသာတာပေါ့။ အဲဒီလိုမျိုး အိမ်စောင့် ကျန်ခဲ့တဲ့လူတွေပဲ ရှိတာပေါ့။ စစ်တပ်ကလည်း ရိုင်းရိုင်း ပြောရရင်တော့ ခိုးလို့ မဝသေးဘူးလား မသိပါဘူးဗျာ။ ပေါ်တင်ခိုးတာကို လက်ပိုက်ကြည့်နေရတဲ့ အနေအထားမျိုးတွေ ကိုယ်တိုင် တွေ့နေရတယ်”

ဒီလို အခြေအနေတွေအပြင် ပြောင်းရွှေ့ဖို့ ငွေကြေး ခက်ခဲသူတွေပါ အပါအဝင် ဒေသခံ တစ်ထောင် ဝန်းကျင်ကတော့ မြို့ထဲမှာ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

လက်တလောမှာတော့ လွိုင်ကော်မြို့နဲ့ အနီးတစ်ဝိုက်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး ဖော်ဆောင်ဖို့အတွက် အရေးပေါ် လွိုင်ကော်မြို့ စီမံထိန်းသိမ်းရေး ကော်မတီ (လူထုနှင့် တပ်ပေါင်းစု) ကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖွဲ့စည်းထားပါတယ်။

မြို့ထဲက ပစ္စည်းတွေကို သွားသယ်ဆောင်မယ်ဆိုရင် အဲဒီကော်မတီက အတည်ပြုချက်ယူရမှာ ဖြစ်ပြီး လူ အဝင်အထွက် များတဲ့ နေရာတွေမှာ ကော်မတီနဲ့အတူ ရဲကင်းတွေ ချထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ဗညားခွန်အောင်က ပြောပါတယ်။

တစ်လေးလုံး စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေး အင်အားစုတွေက ရာနှုန်းပြည့်နီးပါး ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်သည့်တိုင်အောင် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုအပြင် မိုင်းအန္တရာယ်တွေကြောင့် ပြည်သူတွေကို ပြန်လည် နေထိုင်ခွင့်ပေးဦးမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

“လွိုင်ကော်မြို့မှ မကဘူး။ ဒီးမော့ဆို၊ ဖရူဆိုအထိ မယ်စဲ့မြို့ပေါ်အထိတောင်မှ ပြန်လည် နေခွင့်မပေးသေးပါဘူး။ နံပါတ် တစ်အချက်က မိုင်းအန္တရာယ်က အရမ်းကို မြင့်မာတာပေါ့။ နံပါတ် နှစ်အချက်က မြေပြင်စိုးမိုးရေးကို လုပ်ထားနိုင်တယ် ဆိုသော်ငြားလည်း အကယ်၍ ကျွန်တော်တို့က မြို့ကို ပြန်ထူထောင်မယ်၊ ရွာကို ပြန်ထူထောင်မယ်။ အကြီးအကျယ် ဖြစ်မယ်ဆိုရင် သေချာတာ တစ်ခုကတော့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ပေါ့။ အဲဒါကြောင့်မလို့ မြို့ပေါ်တွေမှာ ပြန်နေခွင့်ကိုတော့ ပေးနိုင်သေးမှာ မဟုတ်ဘူး ဆိုတဲ့အကြောင်းကို ပြောလိုပါတယ်”

နိုဝင်ဘာလကတည်းက ထွက်ပြေးရတဲ့သူတွေဟာ ရှမ်း - ကယား အစပ်က ဒီးမော့ဆိုနဲ့ တောင်ကြီး၊ ညောင်ရွှေ၊ ပင်လောင်းတို့ဘက်ကို သွားရောက် ခိုလှုံကြပါတယ်။

လွိုင်ကော်မြို့ကနေ ညောင်ရွှေမြို့ကို သွားပြီး တိမ်းရှောင်နေတဲ့သူ တစ်ယောက်က၊ သူတို့ဟာ ဘောလခဲမြို့ကနေတစ်ဆင့် ထွက်ပြေးလာရတဲ့သူ ဖြစ်တဲ့အတွက် သူ့အနေနဲ့ နှစ်ထပ်ကွမ်း စစ်ရှောင်နေရတာဖြစ်ပြီး ကြာလာတာနဲ့အမျှ ကူညီပေးနိုင်တဲ့ လူတွေလည်း နည်းလာတယ်လို့ ပြောပါတယ်။

“အခုတော့ ကြာပြီဆိုတော့ သူများလည်း ကြာကြာဆိုတော့ ဘယ်ကူညီနိုင်တော့မလဲ။ အစောပိုင်းတော့ နည်းနည်းပါးပါး ပေးတယ်လေ။ ဆန်တွေ ဘာတွေ။ အခုတော့ သိပ်မပေးတော့ဘူး။ မပေးဆို လူကလည်း များလာတာကိုး။ အခက်အခဲကတော့ အများကြီးပဲ၊ အခုလောလောဆယ် အိမ်ပဲ ပြန်ချင်တယ်။ ပြန်ဖို့ကလည်း ပိုက်ဆံက အဆင်မပြေဘူး။ ကလေးငယ်နဲ့ ကိုယ့်ကျန်းမာရေးကလည်း မကောင်းဘူး။ ပြန်ချင်ပြီလေ၊ ဒီမှာ အလုပ်လည်း မရှိဘူး”

လွိုင်ကော်စစ်ဘေးဒုက္ခသည်များအတွက် ဆန်လှူဒါန်းရန် ပြင်ဆင်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ကတွေ့ရစဥ်။ (ဓာတ်ပုံ- ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
လွိုင်ကော်စစ်ဘေးဒုက္ခသည်များအတွက် ဆန်လှူဒါန်းရန် ပြင်ဆင်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ကတွေ့ရစဥ်။ (ဓာတ်ပုံ- ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ဒီးမော့ဆို မြို့နယ်ဘက်မှာဆိုရင် ငွေရှိရင်တောင် ဆန်ဝယ်လို့ မရတဲ့ အခြေအနေထိ ဖြစ်နေတယ်လို့ ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“ဒီးမော့ဆို့ ဘက်ခြမ်းမှာ ရိက္ခာ ပြတ်လပ်မှု ပိုရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီးမော့ဆို တစ်ကြောမှာဆိုရင် ကုန်သွယ်ရေးကို ပိတ်ထားတဲ့ နေရာဒေသ ဖြစ်တယ်။ အဲဒီမှာ ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရှိတဲ့ဆန်တွေနဲ့ပဲ ကြိတ်ပြီး ပို့ပေးရတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ပိုက်ဆံရှိရင်တောင်မှ မဝယ်နိုင်တဲ့ အနေအထားကို ရှိနေတာပေါ့”

စစ်ကောင်စီ တပ်တွေကတော့ လွိုင်ကော်မြို့နဲ့ အနီးတစ်ဝိုက်ကို လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်နေဆဲပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု သုံးကြိမ်ရှိခဲ့ပြီး အဆောက်အအုံ ၁၄ လုံး ပျက်စီးသလို လူသေဆုံးထိခိုက်မှုတွေ ရှိတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကယားပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ဆယ်ခုမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့သူ ခြောက်သိန်း ခြောက်သောင်းကျော် တိုးမြင့်လာတဲ့အတွက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် နှစ်သန်းခွဲကျော် ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (ယူအန်အိုချာ - UNOCHA) က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။