ထိုင်းနယ်စပ်က ကရင်နီဒုက္ခသည်တွေ ဆေးဝါးအရေးပေါ်လိုအပ်နေ

ခင်ခင်အိ
2023.10.12
ထိုင်းနယ်စပ်က ကရင်နီဒုက္ခသည်တွေ ဆေးဝါးအရေးပေါ်လိုအပ်နေ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

ကယား (ကရင်နီ) ပြည်နယ်အတွင်း လက်နက်ကိုင် တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။

ဒီဒုက္ခသည်တွေဟာ ထွက်ပြေးတိမ်းရှောင်ချိန်ကြာလာတာနဲ့အမျှ နေထိုင်ရေး၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ထိုင်းနိုင်ငံနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်ရှိနေပြီး သူတို့တွေဟာ စားနပ်ရိက္ခာအခက်အခဲကြုံနေရသလို ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ဘက် ပြန်ပို့မဲ့ အရေးကိုလည်း ကြုံနေကြရပါတယ်။ ဒုက္ခသည်အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။

ထိုင်းဒေသအာဏာပိုင်က သူတို့စစ်ဘေးဒုက္ခသည်တွေကို အခု အောက်တိုဘာလကုန် ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်နေတဲ့အတွက် စိုးရိမ်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ နန်းခမ်းရောင်းက RFA ကို ပြောပါတယ်။

“လေယာဉ် စစလာကြဲချိန်က အကုန်လုံးထိုင်းနယ်စပ်ကို ရောက်လာတာပါ။ ဒီနောက်ပိုင်း အယောက် ခြောက်ရာကျော်ပြန်ပို့တယ်၊ အခုကျန်တဲ့သူတွေကို ဒီ ၁၀ လပိုင်းအကုန်ပြန်ပို့မယ်ဆိုတော့ ကိုယ့်မြန်မာပြည်ဘက်မှာ မလုံခြုံသလို ခံစားရတယ် ဘယ်အချိန် ဗုံးလာကြဲမလဲပေါ့၊ သားသမီးတွေရှိတော့ ကြောက်တာပေါ့နော်၊ ဖြစ်နိုင်ရင် ဟိုဘက်တော့ ပြန်မသွားချင်ဘူး”

ထိုင်းအာဏာပိုင်တွေက ခုလို ပြန်ပို့မယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ မယ်စဲ့မြို့နယ်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ကိုးထောင်ခန့်ရှိခဲ့ပြီး သူတို့ကို မယ်ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က စခန်းဖွင့်ပြီး ကူညီပေးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လကတော့ ဒုက္ခသည် ခြောက်ရာကျော် မြန်မာပြည်ဘက် ပြန်သွားခဲ့တာလို့ ဆိုပါတယ်။ မယ်ဟောင်ဆောင်ခရိုင်တွင်းက ကရင်နီစစ်ဘေးဒုက္ခသည်တွေဟာ ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို နေနေရတဲ့အပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့တဲ့ ဘန်ကောက်မြို့အခြေစိုက် အင်အားသစ်မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုဖြိုးပိုင်က ပြောပါတယ်။

“ကျွန်တော် မယ်စရီးယန်းက ဆောင်ဟင်ဒုက္ခသည်စခန်းကိုရောက်ခဲ့တယ်၊ လူဦးရေ ခုနစ်ထောင်လောက်ရှိတယ်၊ အဲဒီမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ ကျွန်တော်တို့ စခန်းထဲ ဝင်လို့မရဘူး၊ ဒေသအာဏာပိုင်တွေကို စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တာတွေ ထားခဲ့ပေးတယ်၊ အဲဒီစစ်ဘေးဒုက္ခသည်စခန်းနားမှာ ရွာတွေရှိတယ် တချို့က ဒုက္ခသည်စခန်းမှာ နေလို့မရဘူး လူများနေတဲ့အတွက် အဲဒီရွာတွေမှာ နေကြတယ်။ အများစုက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုနေတာ”

မြန်မာနိုင်ငံဘက်ကို ပြန်သွားကြတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည်တွေဟာလည်း သူတို့ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသေးတာကြောင့် ကိုယ့်အိမ်ကိုယ့်ယာမပြန်နိုင်သေးဘဲ နယ်စပ်တစ်လျှောက်က ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ထိုင်းဒေသအာဏာပိုင်တွေကို RFA က ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည်တွေ တစ်သိန်းကျော်ရှိနေပြီး ဒီဒုက္ခသည်တွေဟာ အမိုးအကာ အခက်အခဲ၊ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကျန်းမာရေးပြဿနာတွေ ကြီးကြီးမားမား ကြုံနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေကို မြန်မာနယ်စပ်ထဲအထိ သွားရောက်ကူညီပေးနေတဲ့ မယ်ဟောင်ဆောင်မြို့က ရှမ်းတိုင်းရင်းသူ မယင်းမိုလာက ဒုက္ခသည်တွေဟာ အမိုးအကာ ချို့ချို့တဲ့တဲ့ နေနေရသလို အန္တရာယ်ကိုလည်း အမြဲသတိထားနေနေကြရတယ်လို့ RFA ကို ပြောပြပါတယ်။

“အခုနေတာက ဒုက္ခိတလိုပေါ့နော် ဝါးခုတ်ပြီး အဲလိုဘဲဆောက်ထားတယ်၊ ပြီးတော့ မိုးကာတွေလဲ သူတို့ရှိတဲ့ဟာက အပါးတွေပေါ့နော် အဲဒီတော့ မိုးယိုတယ်၊ ကလေးတွေလဲ တော်တော်ပိန်သွားတယ်။ အဲဒီမှာရှိတာက ကလေးတွေနဲ့ လူအိုတွေဘဲပေါ့နော်။ ကျမသွားတာ ထိုင်းဘက်အခြမ်းမဟုတ်ဘူး ဗမာဘက်အခြမ်း၊ အဲဒီမှာ ရပ်ကွက်တွေ၊ ရပ်ကွက်တွေခွဲထားတယ် ကျမသွားတာ မစုံဘူး တစ်ခါသွား တစ်ရပ်ကွက်ဆိုတော့ ပစ္စည်းလဲ မလောက်ဘူး တစ်ခါသွားရင် ကားတစ်စီးစာဘဲ”

အဲဒီမြန်မာနယ်စပ်မှာ စစ်ဘေးဒုက္ခသည်တွေကို စခန်းတွေခွဲထားပြီး သူသွားခဲ့တဲ့ စခန်းမှာဆိုရင် ကလေး နှစ်ထောင်ကျော်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် စုစုပေါင်း စစ်ဘေးဒုက္ခသည် တစ်သောင်းနီးပါးရှိတယ်လို့ မယင်းမိုလာက ပြောပါတယ်။

မိုးရာသီဖြစ်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များနေတယ်လို့လည်း သိရပါတယ်။

ကော်ဘရာစစ်ကြောင်းက ရဲဘော်ဆေးမှူးကလည်း သူတို့ကရင်ပြည်နယ်နဲ့ နယ်စပ်ချင်းထိနေတဲ့ ကယားပြည်နယ်က ဒုက္ခသည်တွေကို သူတို့တတ်နိုင်သမျှ အကူအညီတွေပေးနေတယ်လို့ ဆိုပါတယ်။

“စစ်ဘေးဒုက္ခသည်တွေအတွက် အရမ်းဆေးတွေလိုအပ်ပါတယ်ဆိုပြီး ကျွန်တော်ကို ဆေးစာရွက်လေးပို့ပေးလိုက်တော့ ကျွန်တော်ဝယ်ပေးလိုက်တယ်၊ ဂျပန်နိုင်ငံက အလှူရှင်အကိုတစ်ယောက်က ငွေပို့ပေးတယ်၊ အဓိကက ငှက်ဖျားဆေးတွေနဲ့ ပိုးသတ်ဆေးတွေ၊ စစ်ဘေးဒုက္ခသည်တွေက ကျွန်တော်ဝန်းကျင်နဲ့ တအားကြီးမဝေးဘူး၊ ကျွန်တော့မှာရှိတဲ့ ဆေးတွေလဲ ထည့်ပေးလိုက်တယ်။ အဓိကတော့ ရာသီအလိုက် အသုံးပြုလို့ရမယ့် ပိုးသတ်ဆေးမျိုးတွေ၊ နောက် နှာစေးချောင်းဆိုးနဲ့ ပတ်သက်တဲ့ ဆေးမျိုးတွေ၊ အခုအချိန်မှာ မိုးရာသီနဲ့ပတ်သက်တဲ့ဆေးမျိုးတွေ အရမ်းလိုအပ်တယ်၊ အရေးကြီးတာက ကျွန်တော်တို့က မသန့်တဲ့ရေ တောင်ကျရေတွေ ချောင်းရေတွေ သောက်ရတော့ ဝမ်းရောဂါနဲ့ပတ်သက်တဲ့ ဆေးမျိုးတွေ အဲဒါတွေ အရမ်းလိုအပ်တယ်”

ကရင်နီ(ကယား)ပြည်နယ်အတွင်း လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကြား စစ်ရေးဆက်လက်တင်းမာနေတဲ့အပြင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေ နယ်စပ်ဘက်ကို စစ်ဘေးရှောင်လာနေကြဆဲ ဖြစ်ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ ကယားပြည်နယ်တစ်ခုလုံးမှာ စစ်တပ် အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။