ကယားလွှတ်တော်ရောက် တိုင်ကြားစာ အများစု မြေယာပြဿနာနဲ့ ဆက်စပ်နေ

စိုးစိုးထက်
2020-06-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကယားပြည်နယ်လွှတ်တော်၊ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့ တိုင်ကြားစာတွေထဲမှာ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စတွေ အများဆုံး ဖြစ်နေပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၀၊ မေလ ၃၁ ရက်နေ့အထိ တိုင်စာပစ်စာကော်မတီကို တိုင်ကြားစာ စုစုပေါင်း ၄၈၄ စောင် ရှိနေပြီး လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စ တိုင်ကြားစာပေါင်း ၂၆၃ စောင်အထိရှိနေပါတယ်။

တခြားစည်ပင်သာယာရေးဆိုင်ရာကိစ္စရပ်တွေက ၄၅ ခု၊ ဈေးကြွေးငွေနဲ့ လုပ်အားခရရှိနိုင်ရေးကိစ္စရပ်တွေက ၆၅ ခု၊ အထွေထွေတိုင်ကြားစာတွေက ၁၁၁ ခု သာရှိပါတယ်။

နစ်နာတဲ့ ဒေသခံတွေထဲမှာ အနည်းစုကပဲ တိုင်ကြားကြတာဖြစ်နိုင်တယ်လို့ ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးတူရယ်က RFA ကို ပြောပါတယ်။

“မြေယာပြဿနာက နိုင်ငံတစ်ဝန်းလုံးမှာလည်း ရှိနေတယ်။ ပြီးတော့ ကျနော်တို့ပြည်နယ်မှာလည်း အများ ကြီးနေတယ်။ အများကြီးရှိနေတော့ အခုက တိုင်စာပစ်စာအများကြီးရှိနေတော့ အများကြီးလက်ခံရရှိ ထားတယ်ဆိုတာ ကျနော်ထင်တယ် တိုင်စာပစ်စာကိုရောက်တာ တစ်ရာခိုင်နှုန်းလောက်ပဲ သူတို့ဆီ ရောက်ဦးမယ်လို့ ကျနော်ယူဆတယ်။ ဘာဖြစ်လဲဆို မြေယာပြဿနာနဲ့ ဖြစ်တဲ့ပြဿနာက အများကြီးပဲ”


ကယားပြည်နယ်မှာနေထိုင်တဲ့ ဒေသခံတိုင်းရင်းသားအများစုက ရွှေ့ပြောင်းတောင်ယာလုပ်ငန်းတွေနဲ့ စိုက်ပျိုး ကြတဲ့ ဓလေ့ထုံးတမ်းစဉ်လာက လက်ရှိမြေယာဥပဒေနဲ့ မကိုက်ညီတာကြောင့် ပြည်နယ်အတွင်း ဒေသခံ အချင်းချင်းကြားမှာ၊ ဒေသခံနဲ့ စီးပွားရေးသမားကြားမှာ၊ ဒေသခံနဲ့ အစိုးရကြားမှာဖြစ်တဲ့ မြေယာပြဿနာတွေ ရှိနေတာကို တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ထံ  တိုင်ထားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခေတ်အဆက်ဆက်က ဖြေရှင်းမရခဲ့တဲ့ သိမ်းဆည်းမြေယာပြသနာတွေနဲ့ တခြားပြဿနာတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အတတ်နိုင်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ အစိုးရအဖွဲ့ကို တင်ပြထားပြီးဖြစ်တယ်လို့ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။

“နစ်နာဆုံးရှုံးတဲ့ ပြည်သူတွေကို ပြန်ရသင့်တယ်ဆိုပြီးတော့မှ ကျနော်တို့က အစိုးရကို စာတင်တယ်။ ဒီအရာကလည်း အစိုးရအဖွဲ့ကနေပြီးတော့မှ လုပ်ဆောင်ချက်မရှိတာလေ။    တိုင်ကြားတဲ့အပေါ်မှာ ကျနော်တို့က မင်းပိုင်တယ်လို့ ပြောလို့မရဘူး၊ မင်းသာတယ်လို့ပြောလို့မရဘူး။ ကျနော်တို့တွေ့ရှိချက် အားလုံးကို အစိုးရအဖွဲ့ကို ပြန်ကြားတယ် လုပ်ရမှာက အစိုးရအဖွဲ့လုပ်ရမှာ”

အခုလို ပြည်နယ်အတွင်း တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးကော်မတီကို တိုင်ကြားတဲ့အထဲမှာ မြေယာပြဿနာ များနေတာဟာ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ တိုင်းရင်းသားဒေသဘက်က ဓလေ့ထုံးတမ်းစဉ်လာ မြေယာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့အကြောင်း၊ အောက်ခြေမှာ တခြားလုပ်ငန်းရှင်တွေကနေပြီး ဒေသခံတို့ရဲ့ မြေယာပေါ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို လျှောက်လိုက်တဲ့အတွက် အခုလို ပြဿနာမျိုးစုံ ကြုံတွေ့နေရခြင်းဖြစ်တယ်လို့ ဦးတူရယ်က ပြောပါတယ်။

“အဓိကမြို့နေလူတန်းစားတချို့က ဒီမြေယာတွေကို ပုံစံ(၇) လုပ်ပစ်လိုက်တယ် ဆိုတော့ ကျေးလက်နေ လူတန်းစားက ပုံစံ(၇) မရှိတဲ့ခါကျတော့ ဒီမူရင်းလက်ငုပ်ပိုင်ရှင်တွေက တရားစွဲခံနေရတယ်။ ဒါတွေက အဖြစ်အပျက်တွေက အများကြီးပဲ။ ဒါက ဘာကြောင့် လယ်ယာမြေပြဿနာများလဲဆိုတော့ တစိတ်တပိုင်း ကတော့ ၂၀၁၂ လယ်ယာမြေဥပဒေကြောင့်ဖြစ်တယ်လို့ ကျနော်မြင်မိတယ်”


ဒေသတွင်း မြေယာပြဿနာတွေထဲမှာ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရွာကွင်း၊ ကွင်းအမှတ်(၁၄၀)၊ ဘူတာမြေကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ လူထုတွေ့ဆုံပွဲမှာ တင်ပြခဲ့ပေမယ့် အစိုးရက ဒီနေ့အထိ ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။

အလားတူ များပြားလှတဲ့ မြေယာပြဿနာတွေကို အောက်ခြေကနေ တိကျတဲ့ အမှန်တကယ် အခြေအနေကို ကွင်းဆင်းဆောင်ရွက်မှု မရှိဘူးလို့ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ရဲ့ လေးနှစ်တာကာလအတွင်း တိုင်ကြားစာ အစီရင်ခံစာအရ သိရပါတယ်။

ဗဟိုအစိုးရကတော့  ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ မူလပိုင်ရှင်တွေဆီ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တဲ့ သိမ်းဆည်းမြေဧက တသိန်းကျော်ရှိတယ်လို့ ပြောပါတယ်။

ပြန်လည်ပေးအပ်နိုင်ခဲ့တာ စိုက်ပျိုးမြေ ဧက ၃၀၀၀၀ ကျော်နဲ့ အခြားမြေ ဧက ၈၀၀၀၀ ကျော်ဖြစ်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ဇွန်လ ၁၅ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ  ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့