မံစီကို KIA အလုံးစုံသိမ်းပိုက်ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
2025.01.08

[Update: 4: 50 PM, Jan 8, 2025]
ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ မံစီမြို့က တပ်စခန်းတွေအားလုံးကို ဇန်နဝါရီ ၈ ရက် မနက်မှာ အပြီးသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ကေအိုင်အိုပြောခွင့်ရသူက RFA ကို ပြောပါတယ်။
မံစီမြို့က စစ်ကောင်စီရဲ့ ခမရ - ၆၀၁၊ ၃၁၉ နဲ့ အမတ - ၃၅၂ တပ်ရင်းသုံးခုကို မနက်ပိုင်းက အပြီးသိမ်းပိုက်ခဲ့တာလို့ ကေအိုင်အိုပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“အတည်ပြုလို့ရပါပြီ။ တပ်စခန်းသုံးခုကို ဒီနေ့မနက်ပေါ့နော် ၁၁ နာရီဝန်းကျင်လောက်အချိန်မှာ သိမ်းပိုက်လိုက်ရပြီတဲ့။ မံစီက အရေးပါတဲ့မြို့တစ်ခုဖြစ်ပါတယ်။ ဗန်းမော်ရဲ့လုံခြုံရေးတပ်စခန်းတွေလည်း ဖြစ်ပါတယ်။ ဗန်းမော်ဆိုတာကတော့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်၊ နောက် သင်္ဘောဆိပ်တို့၊ လေဆိပ်တို့ ရှိတယ်။ အဲဒီမြို့ရဲ့ လုံခြုံရေးယူထားတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။ ဗန်းမော်ဘက်ကတော့ နောက်ဆုံး အခြေအနေတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေပါတယ်။ အဲဒီဘက်မှာလည်း”
စစ်ကောင်စီတပ်က မံစီမြို့နဲ့ တပ်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မံစီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့မနက်ကတော့ မံစီကတော့ ရသွားပြီလို့ ကြားရတယ်။ အဲဒါတွေကြောင့်လားတော့ မသိဘူး။ ဒီလေယာဉ်နဲ့ ဗန်းမော်ဘက်ကော မံစီဘက်ကို လာပစ်တဲ့အသံတွေ မြို့ပြင်ဘက်ကနေတော့ ရှင်းရှင်းလင်းလင်း ကြားနေရတယ်။ တိုက်ပွဲလည်း အရမ်းပြင်းထန်တဲ့အခြေအနေတော့ဖြစ်တယ်။ မံစီမြို့ကပြည်သူတွေကတော့ မေလကတည်းကနေ ပြေးကြတယ်။ မြို့ပေါ်မှာ ဘယ်သူမှ မနေကြတော့ဘူး။ မပြန်ဘဲနဲ့ အဲလိုနီးစပ်ရာကျေးရွာတွေမှာ လုံခြုံတယ်ထင်တဲ့နေရာတွေ၊ လယ်တောတွေမှာ နေ နေတာ လတွေကြာလာပြီပေါ့နော်”
မံစီမြို့နဲ့ အနီးက တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြီးခဲ့တဲ့နှစ် မေလက ပထမ အကြိမ်ထိုးစစ်ဆင်ချိန်ကတည်းက လူတစ်သောင်းဝန်းကျင်ရှိတဲ့ မြို့ခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။
မံစီမြို့ဟာ ဗန်းမော်မြို့နဲ့ ၁၀ မိုင်ခန့်ဝေးပြီး မန္တလေး၊ နမ့်ခမ်း၊ မူဆယ်၊ မိုးမိတ် စတဲ့မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာရှိတာကြောင့် ကုန်းတွင်းပိုင်းဆက်သွယ်ရေးအတွက် အရေးပါတဲ့မြို့လည်း ဖြစ်ပါတယ်။
“အတည်ပြုလို့ရပါပြီ။ တပ်စခန်းသုံးခုကို ဒီနေ့မနက်ပေါ့နော် ၁၁ နာရီဝန်းကျင်လောက်အချိန်မှာ သိမ်းပိုက်လိုက်ရပြီတဲ့"
KIA သတင်းရင်းမြစ်တစ်ဦးကတော့ မံစီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ သံချပ်ကာတင့်ကား၊လက်နက်ကြီးတွေအပါ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့သလို လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေလည်းရှိတယ်လို့ RFA ကို ပြောပါတယ်။
ဒါပေမဲ့ ဒီတိုက်ပွဲအတွင်း နှစ်ဖက်စလုံးက ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
ဗန်းမော်မြို့ နေရာအများစုကို KIA ထိန်းချုပ်
ကချင်မှာ တစ်နှစ်အတွင်း အရပ်သား ၁၄၀ ကျော် သေဆုံး
၂၀၂၅ ခုနှစ်မှာ စစ်ရေးပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအဖွဲ့တွေသုံးသပ်
ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်က ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေအပါအဝင် နေရာအများစုကို KIA က သိမ်းပိုက်ထားနိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဗန်းမော်မြို့မှာ လူ တစ်သိန်းကျော်နေထိုင်ပြီး အဲဒီအထဲက လူရှစ်သောင်းခန့်ကတော့ မန္တလေး၊ ရွှေကူ၊ လိုင်ဇာ၊ မြစ်ကြီးနားစတဲ့ မြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နောက်ထပ် လူ နှစ်သောင်းခန့်ကတော့ မြို့ပေါ်မှာပဲ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာနဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေမှာလည်း အခက်အခဲမျိုးစုံ ကြုံနေကြရတယ်လို့ ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တော်တော်များများက တောတောင် ပြီးရင် လယ်တောမှာနေတဲ့ဟာတွေ လည်းအများကြီး ရှိကြပါတယ်။ တချို့တွေကတော့ အမျိုးအိမ်တွေမှာနေတဲ့ဟာတွေ ရှိတယ်။ အခက်အခဲကတော့ အစားအသောက်ပေါ့ ပထမအချက်ကတော့။ ပြီးတော့ နောက် ဆေးဝါးပေါ့ မိခင်တွေ၊ ကလေးတွေမွေးဖွားမဲ့သူတွေ ဆေးဝါး လိုအပ်တယ်။ မွေးဖွားဖို့ရန်အတွက် အခက်အခဲ အဲဒါတွေကတော့ အခက်အခဲဆိုတဲ့အထဲမှာ အများအားဖြင့် ကြုံတွေ့နေရတာဖြစ်တယ်”
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းက ဆက်လက်တိုက်ခိုက်နေပြီး ဗန်းမော်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ နှစ်မိုင်၊ သုံးမိုင်၊ ရှမ်းဝိုင်း၊ မင်းကုန်း၊ ညောင်ပင်ရပ်၊ ခွန်သာ၊ ကုက္ကိုလ်တော၊ ရွှေကျီးနား အစရှိတဲ့ ရပ်ကွက်တွေအပါအဝင် ရပ်ကွက်တော်တော်များမှာ နေအိမ်တွေ မီးလောင်ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ တစ်နေ့တည်းမှာ ဗန်းမော်နဲ့ မံစီမြို့တွေကို ဂျက်လေယာဉ်နဲ့ အကြိမ် ငါးဆယ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲကာလတစ်လအတွင်း အရပ်သား ၅၀ ဝန်းကျင်လောက်သေဆုံးတယ်လို့လည်း ဒေသခံအချို့က ပြောပါတယ်။
ဒါပေမဲ့ ဖုန်းလိုင်း ဆက်သွယ်ရေးအခက်အခဲကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား သေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မံစီနဲ့ ဗန်းမော်မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဗန်းမော်မြို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာပဲ စစ်ကောင်စီဘက်ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရှိတဲ့ မြစ်ကြီးနားမြို့ပေါ်မှာလည်း ပုံမှန်ထက် လုံခြုံရေး ပိုတိုးမြှင့်ထားတယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ အလားတူ မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဝိုင်းမော်ဘက်မှာ စစ်အင်အားတွေ ထပ်ဖြည့်တာတွေ တွေ့ရတယ်လို့လည်းဆိုပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စတဲ့ မြို့ ၁၄ မြို့ နဲ့ တပ်စခန်း ပေါင်း ၃၀၀ ဝန်းကျင်ကို သိမ်းပိုက်ထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ဒေသခံများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)