တရုတ်-မြန်မာနယ်စပ် ဖီမော်ဒေသကို KIA သိမ်းပိုက်

RFA Burmese
2024.11.03
တရုတ်-မြန်မာနယ်စပ် ဖီမော်ဒေသကို KIA သိမ်းပိုက် ကချင်ပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်အနီး ချီဖွေမြို့နယ်ထဲရှိ ဖီမော် နယ်စပ်ဂိတ်စခန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့က KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်အပြီး တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်အနီး ချီဖွေမြို့နယ်ထဲက ဖီမော်ဒေသကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ‌နိုဝင်ဘာ ၂ ရက် မနေ့ညပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ဒီနေ့မှာ အတည်ပြုပြောပါတယ်။

“ဖီမော်နယ်စပ်ဂိတ်စခန်းကို မနေ့က နိုဝင်ဘာ ၂ ရက်နေ့က ည ခုနစ်နာရီဝန်းကျင်အချိန်မှာ ကျွန်တော်တို့ KIA တပ်ပေါင်းစုတွေ ဝင်စီးပြီး နေရာယူထားတာ ရှိပါတယ်။ သူတို့လည်း အဲဒီစခန်းတွေ စွန့်လွှတ်ပြီးမှ ရှောင်သွားတာပေါ့။ အဲဒီမှာတော့ စစ်ကောင်စီရဲ့ စစ်သားတွေ မရှိဘူး။ ကချင်အထူးဒေသ (၁) ဘက်က BGF ပြည်သူ့စစ် ကချင်တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်”

ဖီမော်ဒေသမှာ စစ်ကောင်စီ တပ်စွဲထားတာ မရှိပေမဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့ တပ်စွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေချိန်မှာပဲ နယ်စပ်ဒေသတစ်ခုကို KIA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်”

ဒါဟာ တရုတ်- မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖော်ဆောင်တာ မလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေချိန်မှာပဲ နယ်စပ်ဒေသတစ်ခုကို KIA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေဟာ နယ်စပ်ကနေတစ်ဆင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖီမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“BGF ရယ်၊ ပြည်သူ့စစ်တွေရယ်၊ သူတို့က လက်နက်မကိုင်တော့ဘဲ အိမ်မှာပဲနေတာ၊ မနေ့က သူတို့ပြောတဲ့အခြေအနေက တချို့ဟာတွေကျတော့ လူကြီးတွေပေါ့။ လူကြီးပိုင်းတွေက ပန်ဝါဒေသမှာ ဖြစ်သလိုမျိုး တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတော့ သေနတ်တွေ အကုန်လုံး ပစ်ထားပြီးတော့ နယ်စပ်ဂိတ်တွေမှာ သွားရပ်နေတာ‌တို့ အဲဒီလိုမျိုးရှိတယ်”

နိုဝင်ဘာ ၃ ရက်ဒီနေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေ ဖီမော်ဒေသ နယ်စပ်ဂိတ်နဲ့ အဆောက်အအုံတွေထဲမှာ နေရာယူထားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က တိုက်ပွဲဖြစ်ချိန် ဒေသခံတချို့ တရုတ်ဘက်ကို ထွက်ပြေးပေမဲ့ တရုတ်ဘက်က လက်မခံတဲ့အပြင် နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖီမော်ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလောလောဆယ် စစ်တွေဖြစ်တော့ တရုတ်ကိုလည်း အားကိုးလို့ မရတော့ဘူးလေ။ သူတို့က IDP (စစ်ဘေးဒုက္ခသည်) တွေလည်း လက်မခံဘူး။ ကုန်သွယ်တာကျတော့ ပိတ်ချလိုက်တယ်ဆိုတော့ ဒေသခံတွေအတွက် ဆေးဝါးကအစ၊ လမ်းပန်းဆက်သွယ်ရေးကအစ အရမ်းခက်သွားတယ်။ ပြောရမယ်ဆိုရင် မြစ်ကြီးနားမြို့ဘက်ကရော တက်လာလို့မရဘူး။ လမ်းတစ်လျှောက် ပိတ်ထားတယ်ဆိုတော့ ဒေသခံတွေအတွက် အခြေခံလိုအပ်တဲ့ စားဝတ်နေရေးကအစ၊ ဆေးဝါးကအစ လိုအပ်တယ်”

KIA ကတော့ စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်မှာဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“နယ်စပ်ဒေသမှာ တိုက်ပွဲမဖြစ်ဖို့ဆိုတာက သူတို့ (တရုတ်) လည်း အမြဲတမ်း ပြောနေတာ ဖြစ်ပါတယ်။ တိုက်ပွဲမဖြစ်အောင် ပြောလာတဲ့အခါမှာတော့ အဟန့်အတားတော့ ရှိတာပေါ့။ သူတို့ဘက်က ပြောစကားကိုလည်း ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ နောက် ကျွန်တော်တို့ ရည်မှန်းချက်ကိုလည်း ဆက်ပြီးသွားရမှာ ဖြစ်ပါတယ်”

ဖီမော်ဒေသကို KIA က သိမ်းပိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

ကချင်အထူးဒေသ (၁) က နောက်ဆုံးကျန်နေတဲ့ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်

ပြည်သူ့စစ်အဖွဲ့တွေ KIO နဲ့ ပူးပေါင်းဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

ပန်ဝါက ဦးဇခုန်တိန့်ယိန်းရဲ့ နေအိမ် KIA ချိပ်ပိတ်


ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်းက ကချင်အထူးဒေသ (၁)မှာ နောက်ဆုံး ကျန်နေတဲ့ အမှတ်-၁၀၀၁ နယ်ခြားစောင့်တပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ (၁) နယ်မြေ ပန်ဝါမြို့အနီးမှာရှိတဲ့ အမှတ်-၁၀၀၂ နဲ့ ကန်ပိုက်တီမြို့အနီးက အမှတ်-၁၀၀၃ နယ်ခြားစောင့် တပ်ရင်းတွေကိုလည်း KIA က အောက်တိုဘာလအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ကချင်အထူးဒေသ (၁) ဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေကို KIA က ထိန်းချုပ်ထားပြီး ကန်ပိုက်တီ နယ်စပ်မြို့တစ်ခုပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

၂၀၂၄ နှစ်စပိုင်းကနေ အခုအထိ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA က မြို့ပေါင်း ၁၂ မြို့နဲ့ တပ်စခန်းပေါင်း နှစ်ရာကျော်ကို သိမ်းပိုက်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တရုတ်ဒရုန်းတွေကို စစ်ကောင်စီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။