စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်
2024.10.27
ကရင်ပြည်နယ် ကော့ကရိတ်- မြဝတီ အာရှလမ်းသစ်လမ်းနဲ့ ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီအောင်ဇေယျ စစ်ဆင်ရေးစစ်ကြောင်း တပ်ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက အောက်တိုဘာ ၂၇ ရက်က ပြောပါတယ်။
ခု အောက်တိုဘာ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အာရှလမ်းသစ်မှာရှိတဲ့ တတန်ကူးရွာ၊ မိချောင်းအင်းနဲ့ ရန်ကုတ်ကျေးရွာ သုံးနေရာမှာ ကြားဖြတ်တိုက်ခိုက်တာလို့ KNLA ပူးပေါင်းစစ်ကြောင်း သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။
"မနက် ၄ နာရီ လောက်ကနေစဖြစ်နေတာ လှိုင်ဝ မိကျောင်းအင်းဘက်နဲ့ ရန်ကုတ်ရွာဘက်၊ တတန်ကူး ရွာသစ်ကုန်း၊ အာရှလမ်းဘက်မှာပေါ့။ လှိုင်ဝ အမြောက်ကုန်းက လက်နက်ကြီးပစ်နေတယ်။ တောင်ပေါ်အာရှလမ်းကလည်း စစ်တပ်ဖြတ်တိုက်ခံရလို့ တပ်လန်သွားတယ်"
အာရှလမ်းသစ်တိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်လောက်ကို ဘားအံတောင်ကလေး စစ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ကျုံဒိုးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားတဲ့ စစ်ကူအင်အားနှစ်ရာလောက်ပို့ဆောင်နိုင်ဖို့ လမ်းခုလတ်က ရွာတွေမှာ လုံခြုံရေးချထားတယ်လို့ ကျုံဒိုးဒေသခံ မျက်မြင်အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
"အခုက စစ်တပ်က ကျုံဒိုးဘက်မှာလည်း BGF ဝင်းအောင်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး ကမ်းနီ၊ သရက်တော၊ လှေဂိတ်ဖောင်ဂိတ်တွေ အကုန်ပိတ်ဖို့ လုပ်နေတယ်။ ကျုံဒိုးကို ကရင်အဖွဲ့ pdf အဖွဲ့တွေ လာလို့မရအောင် ငါးတိုင်၊ ခုနစ်တိုင်၊ကိုးတိုင်အထိက စစ်တပ်တစ်ဂိတ်၊ BGF တစ်ဂိတ် အဲ့ဒီလိုချထားတယ်"
ဆက်နွှယ်သောသတင်းများ
တိုက်ပွဲတစ်ကျော့ပြန်ဖြစ်မှာ မြဝတီမြို့ခံတွေစိုးရိမ်
တပ်စခန်းတွေပြန်သိမ်းမယ့် စစ်ကောင်စီမျှော်လင့်ချက် ပျက်ပြယ်ကြောင်း KNU ပြောကြား
မြဝတီငွေလိမ်လုပ်ငန်းက အလုပ်သမားတွေ အပြင်ထွက်ခွင့် BGF ပိတ်ပင်
အာရှလမ်းကို ပြန်သိမ်းပိုက်ဖို့ စစ်ဆင်နေတဲ့ အောင်ဇေယျစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းမထုတ်ပြန်သေးသလို ကရင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်ကို ဆက်သွယ်ပေမယ့် တယ်လီဖုန်းမဖြေဆိုပါဘူး။
အခုသုံးရက်အကြာတိုက်ပွဲအတွင်း KNLA မဟာမိတ်ပူးပေါင်းတပ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး စစ်ကားဆယ်စီးလောက်ကိုလည်း ဖျက်ဆီးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။