စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကလလတ တရားဝင်ထုတ်ပြန်

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.07.01
စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကလလတ တရားဝင်ထုတ်ပြန် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာစစ်တပ်နဲ့ ၂၉ နှစ်ကြာ အပစ်ရပ်ခဲ့တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က စစ်ကောင်စီတပ်တွေကို ပြန်တိုက်ခိုက်နေပြီလို့ ဇူလိုင်လ ၁ ရက်နေ့မှာ တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကလလတ အနေနဲ့ စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကလလတ ဆက်သွယ်ရေးတာဝန်ခံ ရဲဘော်လောရင်းစိုး ကပြောပါတယ်။

“ပြည်သူနဲ့အတူ ရပ်တည်မယ် အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ပေါ်လစီ၊ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်နဲ့အညီ ကျွန်တော်တို့အကောင်အထည် ဖော်တာဖြစ်တယ်၊ အဖွဲ့အစည်းရဲ့ ဘက်တံဆိပ်ကို ပြောင်ပြောင်တင်းတင်း တပ်လို့ရအောင် ပြောင်ပြောင်တင်းတင်း ထွက်တိုက်နေပါပြီ၊ ၁၃ ရက်နေ့ကနေစပြီးတော့ စထွက်တိုက်နေပါပြီ၊ ကျွန်တော်တို့ ရှေ့ဆက် အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ ပြည့်သူဘက်က မားမားမတ်မတ် ရပ်တည်ပြီးတော့ လက်နက်ကိုင်အင်အားစုတွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စု စစ်အကြမ်းဖက်အဖွဲ့အစည်းကို အမြစ်ဖြတ် ချေမှုန်းနိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်ဆိုတာ အတိအလင်းပြောချင်ပါတယ်။”

ကလလတ အနေနဲ့ စစ်တပ်က အာဏာစသိမ်းချိန်ကနေ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်နှစ်ကျော်ကာလ ရောက်ချိန်မှသာ တရားဝင်ထုတ်ပြန်နိုင်တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီနဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ ကလလတ ဒုဥက္ကဋ္ဌရဲ့သားတစ်ဦးလည်း ကရင်နီပြည်တိုက်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ ကလလတရဲ့ထုတ်ပြန်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ကြိုဆိုဝမ်းမြောက်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဒီအတောအတွင်း ဇွန်လ ၃၀ ရက်နေ့က ဘောလခဲခရိုင် ရွာသစ်မြို့နယ်ခွဲမှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးကို သူတို့အဖွဲ့ပစ်ခတ်လိုက်တာကြောင့် စွတ်ပိုင်ဒေသမှာရှိတဲ့ အမှတ် (၁၀၀၅) တပ်၊ သံလွင်မြစ်အနီး ထိုးကျပျက်စီးသွားပေမယ့် စစ်ကောင်စီက လေယာဉ်ပျက်ကျတဲ့နေရာတစ်ဝိုက်ကို ဝိုင်းထားတာကြောင့် အခြေအနေ အသေးစိပ် မသိရသေးဘူးလို့ ရဲဘော်လောရင်းစိုးက ပြောပါတယ်။

ကျွန်တော်တို့ အခုလေယာဉ်ကိုသွားကြည့်ဖို့အတွက် ကျွန်တော်တို့ အနားကပ်လို့တောင် မရဘူးဖြစ်နေတယ်၊ ထိုးစစ်က မနေ့ကရော၊ ဒီနေ့ရော တစ်နေကုန်ပဲ၊ လေယာဉ်ရော အဲဒီနားကပ်လို့မရဘူး၊ လက်နက်ငယ်ပဲ၊ ကျွန်တော်တို့ ရဲဘော်တွေကိုင်တဲ့ လက်နက်ငယ် အရမ်းနီးကပ်လာလို့ ရှိတဲ့လက်နက်နဲ့ စွတ်ပစ်လိုက်တာ၊ အဲဒါနဲ့ ဒီကောင်တွေထိပြီးတော့ ဆက်မပျံနိုင်တော့ဘဲနဲ့ ထိုးကျသွားတာ အဲဒီမှာ”

အခုလို စစ်ကောင်စီလေတပ်က လေယာဉ်တစ်စီး ပျက်ကျတာမှန်ကန်ကြောင်း တခြား ကရင်နီတော်လှန်ရေး အဖွဲ့တစ်ခုကလည်း RFA ကိုအတည်ပြု ပြောဆိုပါတယ်။

လေယာဉ်ပျက်ကျတဲ့ သတင်းနဲ့ ပတ်သက်ပြီး RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ကရင်နီပြည်မှာ ကလလတ အပြင် အခြားပြည်သူ့စစ်အဖွဲ့တွေလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပူးပေါင်းပါဝင်ကြသလို ကျန်တဲ့အဖွဲ့ အစည်းတွေလည်း ပါဝင်ကြမှာဖြစ်တယ်လို့ ပြောပါတယ်။

“ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးကပေါ့နော် ဒီနေ့ဒီအချိန်မှာ ကလလတ ပါဝင်တဲ့အပေါ်မှာ ကျန်တဲ့ပြည်သူ့စစ်တွေ ကျန်အဖွဲ့အစည်းတွေ မပါဘူးဆိုတာတော့ မဟုတ်ဘူးပေါ့နော်၊ အနည်းနဲ့ အများတော့ ပါကြမယ့် အင်အားစုတွေ ဖြစ်ကြပါတယ်၊ ဒါကြောင့်မို့လို့ မကြာခင်မှာပေါ့နော် တခြားသော အဖွဲ့အစည်းတွေ၊ အခြားသော အင်အားစုတွေ အသီးသီးလည်း ပါဝင်လာကြပါလိမ့်မယ်၊ တော်လှန်ရေးကနေပြီးမှ ကလလတရဲ့ အခန်းကဏ္ဍပါဝင်ခြင်းအားဖြင့်ပေါ့နော် ကျွန်တော်တို့ရဲ့ ညီညွတ်မှုတွေ ပိုရရှိသလိုပဲ၊ လောလောလတ်လတ် တိုက်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ပိုရနေတယ်ဆိုတာကို လက်တွေ့ဖြစ်ပါတယ်ဗျ။”

ကလလတ ပူးပေါင်းပါဝင်လာတဲ့အတွက် ကရင်နီဒေသအတွက် အင်အားတစ်ခု ပိုတိုးလာတယ်လို့ မိုးဗြဲ၊ ဖယ်ခုံဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစု အဖွဲ့တစ်ခုဖြစ်တဲ့ မြို့ပြတော်လှန်ရေးတပ်ဦး URF တာဝန်ခံ ကိုထက်ကပြောပါတယ်။

သူတို့ဆီမှာ သင်ခန်းစာကောင်းတွေနဲ့ တည်ဆောက်မှု အတွေ့အကြုံကောင်းတွေ အများကြီးရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်၊ ရန်သူကို ပွင့်ပွင့်လင်းလင်း ကြေညာပြီးမှ တိုက်ခိုက်သွားတဲ့အတွက်ရော ဝမ်းသာတာထက် ပိုတယ်၊ နောက်ပြီးတော့ မျိုးဆက်သစ်လူငယ်တွေလုပ်နေတဲ့ ဒီနွေဦးတော်လှန်ရေးအပေါ်မှာ ထောက်ပံ့ပေးမှု ပိုရလာတယ်ဆိုတဲ့ အားတစ်ခု ဖြစ်လာတယ်၊ ဒီကရင်နီဒေသအတွက် အားတစ်ခုဖြစ်လာတယ်လို့တော့ ကျွန်တော်မြင်မိပါတယ်ခင်ဗျ”

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (Photo : Progressive Karenni People Force - PKPF)
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (Photo : Progressive Karenni People Force - PKPF)

ကရင်နီပြည်မှာ စစ်ကောင်စီစစ်ကြောင်းတွေ အင်အားတိုးချဲ့လာတာရှိပေမဲ့ တော်လှန်ရေးအဖွဲ့တွေဘက်ကနေ ပြည်သူတွေရှိနေတဲ့အတွက် ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ကလလတက အခုလိုပူးပေါင်းတာဟာ ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေ အားကောင်းလို့ ဘက်ပြောင်းတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒေသမှာ နစကကိုတိုက်ခိုက်နေတဲ့ အဖွဲ့တွေက အင်အားအရေးသာနေတယ်လို့ မှတ်ယူလို့ ရတာပေါ့ဗျာ၊ တကယ်လို့သာ နစကကိုတိုက်နေတဲ့အဖွဲ့တွေက အခြေအနေမကောင်းဘူးဆိုရင်တော့ ဒီကလလတက ဟိုဘက်ကို ပါသွားစရာ အကြောင်းမရှိဘူးပေါ့နော်၊ ဆိုတော့ အခုအခြေအနေကလည်း နစကကို တိုက်နေတဲ့ အဖွဲ့အစည်းတွေက စုစည်းညီညွတ်တဲ့ ခေါင်းဆောင်မှုတော့ အခုထက်ထိ မတွေ့ရသေးဘူးပေါ့၊ ဒီဟာတွေက ဘယ်အချိန်မှာ အချင်းချင်းပြန်ပြီးတော့ ညီညွတ်ရေး ပျက်ပြားမလဲ၊ အချင်းချင်း တိုက်ပွဲတွေပေါ်လာမလဲဆိုတာ စောင့်ကြည့်နေရတာပေါ့”

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ ကလလတရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ ကရင်နီပြည်က စစ်ကောင်စီနယ်ခြားစောင့်တပ်တစ်ချို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားတယ်ဆိုတာ မှန်ကန်ကြောင်း ဇွန်လ ၂၉ ရက်နေ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။