ကျွန်းလှမှာ စစ်ကောင်စီတပ် စီးနင်းပြီးနောက် အိမ် ငါးရာခန့် မီးရှို့ဖျက်ဆီးခံရ
2024.11.23
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ နိုဝင်ဘာလ ၂၀ ရက်ကနေ ၂၃ ရက်အထိ စစ်ကောင်စီတပ်နဲ့ ဦးဝါသဝရဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ရွာတွေကို စီးနင်းပြီး မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ငါးရာလောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။
အင်အား သုံးရာလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတဲ့အပြင် ဒရုန်းနဲ့ လေကြောင်းက တိုက်ခိုက်တဲ့အတွက် ကုက္ကိုလ်ကုန်း၊ တောင်ယာဆိပ်၊ လွှတ်တိုက် စတဲ့ကျေးရွာအုပ်စုမှာ ရွာပေါင်း ၁၂ ရွာက ဒေသခံ တစ်သောင်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
"ဒရုန်းနဲ့ချလို့ ဒေသခံပြည်သူတစ်ယောက် ဗုံးမှန်ပြီးတော့မှ သေသွားတယ်ဗျ"
နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လွှတ်တိုက်နဲ့ မဒေါင် ရွာနှစ်ရွာ စပြီးမီးရှို့ခံရတယ်လို့ ကျွန်းလှမြို့နယ် တိုက်နယ် ၅ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွဲဖက်တာဝန်ခံက RFA ကို ပြောပါတယ်။
“နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက လွှတ်တိုက်ကနေ စရှို့တယ်။ လွှတ်တိုက်၊ မဒေါင် အဲဒီကနေ စရှို့တယ်ဗျ။ ၂၂ ရက်နေ့ မနေ့က ဆိုရင် ဆွဲလှဲကို ရှို့တယ်။ ဒီနေ့ထပ်ပြီးတော့မှ ဆွဲလှဲ ထပ်ရှို့တယ်ဗျ။ တကိုး၊ ကုက္ကိုလ်ကုန်း အုပ်စုက အုပ်စု လေးရွာ အုပ်စုကြီးပါဗျ။ အုပ်စုကြီးကိုက သူက အုပ်စုကြီးက တစ်အုပ်စုလုံး ထွက်ပြေးရတယ်။ ပြီးတော့ တောင်ယာဆိပ်ကလည်း အုပ်စုကြီးပါဗျ။ တောင်ယာဆိပ် စစ်ရှောင်နေရတယ်ပေါ့”
စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့အကြားဖြစ်ပွားတဲ့ တိုက်ပွဲအသေးစိတ်ကိုတော့ သူက မပြောပါဘူး။
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် ကျွန်းလှဒေသခံထောင်ချီ ထွက်ပြေးရ
စစ်ကိုင်းတိုင်းက နေအိမ်မီးရှို့ဖျက်ဆီးခံရသူတွေ အကူအညီလိုနေ
ကျွန်းလှမှာ စစ်ကြောင်းထိုးချိန် ဒေသခံ နှစ်ဦးသတ်ဖြတ်ခံရပြီး သုံးဦးဖမ်းဆီးခံရ
စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြောင့် လွှတ်တိုက်ရွာက အသက် ၄၅ နှစ်အရွယ် ဦးပုပုဆိုသူ နိုဝင်ဘာလ ၂၁ ရက်နေ့က သေဆုံးသွားပြီး အရပ်သား သုံးယောက်လည်း ဒဏ်ရာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ဘေးရှောင်တွေကလည်း တော်တော်များနေတဲ့အတွက် ကျွန်တော်တို့ ဒီသွားလာမှု အခက်အခဲတွေ၊ နည်းနည်း ရှောင်ရ တိမ်းရတာ သိပ်မလွယ်ဘူးဗျ အဲဒီလိုမျိုး ရှိတာပေါ့။ ဒရုန်းအားပြုပြီးတော့မှ သုံးနေတယ်ဗျ။ သူတို့ ဒရုန်းတွေပါတယ်ဗျ။ ဒရုန်းတွေနဲ့ ဒီဒေသခံတွေကိုလည်း အကုန်လုံး ချတယ်ဗျ။ ၂၁ ရက်နေ့ မနက်ခင်းကလည်း ဒရုန်းနဲ့ချလို့ ဒေသခံပြည်သူတစ်ယောက် ဗုံးမှန်ပြီးတော့မှ သေသွားတယ်ဗျ။ ပွဲချင်းပြီးပေါ့”
စစ်ကောင်စီတပ်က စီးနင်းတဲ့အတွက် အရပ်သားတွေ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်တွေနဲ့ ဆေးဝါး အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် ခုနောက်ပိုင်း လက်နက်ကြီးနဲ့ ဒရုန်းနဲ့ ပိုတိုက်ခိုက်လာတာကြောင့် ရွာတွေနဲ့ ဝေးရာကို ပြေးနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က ဟောင်ဝစ်ဇာနဲ့လည်း ပစ်တယ်။ ဒရုန်းဗုံးသီးလည်း ပတ်ပတ်လည် ရွာတွေချတဲ့အခါကျတော့ သူတို့ အရင်လို့တော့ မလွယ်ဘူးပေါ့နော်။ အရင်တုန်းကဆိုရင် ရွာနားကပ်ရှောင်ကြပေါ့။ ပြည်သူတွေအနေနဲ့။ စစ်ကြောင်းထွက်ရင် ပြန်ဝင်လို့ရအောင်၊ ထွက်သွားရင် ရွာထဲပြန်ဝင်လို့ရအောင် နီးစပ်ရာပဲ ရှောင်ကြတာပေါ့နော်။ အခုတော့ အဲဒီလိုရှောင်ဖို့ ခက်ခဲတယ်ပေါ့။ သူတို့ ဒရုန်းဗုံးသီးကလည်း ဆက်တိုက်ချတယ်။ ဟောင်ဝစ်ဇာနဲ့ပါပစ်တော့ လှမ်းမမြင်ရတဲ့ ရွာတွေဘက် တိမ်းရှောင်ရတယ်ပေါ့နော်”
ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က တံတားဦးလေဆိပ်ကနေ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတဲ့အပြင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ရုရှားလုပ် MI 35 တိုက်ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာလို့ စစ်ကိုင်းတိုင်းက လေကြောင်းတိုက်ခိုက်မှု အခြေအနေတွေကို ဖော်ပြနေတဲ့ 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“မနေ့က အချိန်အထိဆိုရင်လည်း ကျွန်တော်တို့ တော်လှန်ရေးတပ်စိတ်တွေနဲ့ ဆွဲလှဲရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျွန်တော်တို့ ဒီ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က တက်တဲ့ MI 35 နဲ့ မနေ့က ညနေပိုင်းပေါ့နော်။ လေးနာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့တယ်တဲ့။ စစ်ကြောင်းက ဝင်ပြီးတော့ မီးရှို့တာတွေရော၊ အဲဒီ ဖိုက်တာတွေနဲ့ MI 35 တွေနဲ့ ပစ်တာတွေရောဆိုတော့ နည်းနည်း ဆုံးရှုံးမှုတော့ အနည်းအကျဉ်း ရှိမယ်ဗျ”
ကျွန်းလှမြို့နယ်က နေအိမ်တွေ မီးရှို့ခံရတာတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူကတော့ ဖြစ်ရပ်အသေးစိတ် မသိရသေးတဲ့အကြောင်း RFA ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက နေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရပြီး ဒီထဲ စစ်ကိုင်းတိုင်းမှာ နေအိမ်ခုနစ်သောင်းကျော်နဲ့ အများဆုံး ဖျက်ဆီးခံရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က နိုဝင်ဘာလ ၁၀ ရက်က သတင်းထုတ်ပြန်ထားပါတယ်။