လောက်ကိုင်ကနေ အရပ်သားထောင်နဲ့ချီ နေရပ်ပြန်နေတယ်လို့ ကူညီသူတွေပြော
2023.11.26

လူဦးရေသောင်းနဲ့ချီ ပိတ်မိနေတဲ့ လောက်ကိုင်မြို့က လူတွေဟာ ဒီရက်ပိုင်းအတွင်း သွားလာလို့ရတာကြောင့် လားရှိုးနဲ့ သက်ဆိုင်ရာမြို့တွေကို နေ့စဉ် လူဦးရေထောင်နဲ့ချီပြီး ပြန်လာနေကြတယ်လို့ ပြန်လာသူတွေနဲ့ အကူညီပေးသူတွေကပြောပါတယ်။
အခုရက်ပိုင်း လူတွေသောင်းချီ ပြန်လာနေတယ်လို့ လောက်ကိုင်ကနေ ပြန်လာတဲ့သူတွေကို အကူအညီပေးနေတဲ့သူက ပြောပါတယ်။
"မနေ့က အဖွဲ့တွေဆို လားရှိုးရောက်ပြီ။ လားရှိုးတို့ သူတို့နေရပ်တွေကို ပြန်ရောက်ကြပြီ တော်တော်များများက၊ နမ့်တစ်ရောက်ရင် ဝပြည်က ဒုက္ခသည်ကယ်ဆယ်ရေးကားတွေ လာတယ်။ အဲဒီကယ်ဆယ်ရေးကားတွေနဲ့ ပြန်ကြတယ်။ ငှားတဲ့ကားတွေနဲ့လဲ ပြန်တယ်၊ ဆိုင်ကယ်တွေလဲနဲ့ ပြန်တယ်၊ ကြားထဲမှာ ပိုက်ဆံမတတ်နိုင်ဘူး၊ ကယ်ဆယ်ရေးကား မစောင့်နိုင်ဘဲ လမ်းလျှောက်နေတဲ့သူတွေလဲ ရှိတယ်၊ ဒီနေ့ဆို လေးသောင်းကျော်၊ မနေ့ကလည်း အဲဒီလောက်ရှိတယ်"
လောက်ကိုင်မြို့အထွက်က ဆယ်တန်ဂိတ်မှာ စစ်ကောင်စီတပ်တွေက စစ်ဆေးတာတွေ ရှိတာကြောင့် ရှောင်ကွင်းလမ်းတွေကတဆင့် ပါစင်ကျော်ဂိတ်၊ နမ့်တစ်နဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပန်ဆန်းမြို့တွေကနေတစ်ဆင့် လားရှိုးမြို့ကို ပြန်လာကြတယ်လို့လည်းဆိုပါတယ်။
"ကျွန်တော်က ၂၀ ရက်နေ့ထွက်တာ။ ၂၁ ရက်နေ့ကျ ပါစင်ကျော်မှာ ပိတ်မိတာ၊ ၂၂ ရက်လဲ ချင်းရွှေဟော်မှာ ပိတ်မိတယ်။ ၂၃ လဲ ချင်းရွှေဟော်မှာ ပိတ်မိတယ်။ ၂၄ ရက်နေ့ကျ ဝ ပြည်နယ်စပ်တံတားပေါ့ နမ့်တစ်ကို လိုက်ပို့တယ်။ နမ့်တစ်ရောက်တော့ ဘာမှ အတားအဆီးမရှိတော့ဘူး။ အဆင်ပြေပြေပဲ ဒီဘက်ရောက်လာခဲ့တာ"
လောက်ကိုင်မြို့ကနေ နေရပ်ပြန်လာရောက်လာသူတစ်ဦးက လမ်းခရီးက သူ့အတွေ့အကြုံကိုပြောသွားတာပါ။
နေရပ်ပြန်နေတဲ့ အရပ်သားတွေကို ကိုးကန့်တပ်ဖွဲ့တွေက ဝ နယ်စပ်ကို ပို့ဆောင်ပေးသလို ဝ ဘက်ကလည်း ကားကြီးတွေနဲ့ လားရှိုးအထိ ကားကြီးတွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ ပြန်လာတဲ့သူတွေနဲ့ အကူအညီပေးသူတွေကပြောပါတယ်။
ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကတော့ အရပ်သားတွေကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။
" လောက်ကိုင်ဘက်ကနေ အရပ်သားတွေ တောက်လျှောက်ပြန်နေတာရှိတယ်။ ကျွန်တော်တို့လည်း ထွက်လာတဲ့အရပ်သားတွေကို လုံခြုံတဲ့နေရာရောက်အောင် တစ်သုတ်ပြီး တစ်သုတ် တောက်လျှောက် ပို့ပေးနေပါတယ်"
ပြန်နေတဲ့ အရပ်သားတွေထဲက မြန်မာတွေကို စစ်ကောင်စီဘက်က သွားခွင့်ပြုပေမဲ့ ကိုးကန့်တွေကိုတော့ သွားခွင့်မပြုဘဲ ပစ္စည်းတွေယူတာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ လီကျားဝင်းက ပြောပါတယ်။
ဒီလို့ အရပ်သားတွေပြန်တဲ့အခြေအနေနဲ့ ကိုးကန့်တွေကို ဖမ်းဆီးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချူပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိတာ မရှိပါဘူး။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀ ၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နေရာအတော်များများကို ကိုးကန့်တပ်မတော်က သိမ်းယူထားနိုင်ပြီး လက်ရှိ လောက်ကိုင်မြို့ကို ဝိုင်းထားတဲ့အခြေအနေပါ။
လက်ရှိလောက်ကိုင်မြို့မှာ ဖုန်းလိုင်းတွေ၊ လျှပ်စစ်မီးနဲ့ ရေတွေပြတ်လပ်နေသလို ဆန်နဲ့ စားသောက်စရာတွေလည်း ဝယ်လို့မရဘူးလို့ မြို့မှာရှိသူတွေက ပြောပါတယ်။
လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်သံတွေကြားနေရပြီး မြို့ထဲမှာကျန်ရှိနေသူတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။
နေ့စဉ်ပစ်ခတ်သံတွေကြောင့် မြို့မှာမနေရဲ့တော့ဘဲ နေရပ်ပြန်ဖို့စဉ်းစားနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။
" စိုးရိမ်စိတ်တော့ ရှိတာပေါ့။ ပြန်မယ်ဆိုရင်လဲ လမ်းမှာစားဖို့သောက်ဖို့ ခရီးကဝေးတော့ ကျွန်တော်တို့မှာ ပိုက်ဆံက အလုံအလောက်မရှိဘူး၊ စားစရာသောက်စရာ ပြတ်မှာကြောက်တယ်ဗျ။ ဒီမှာ စားစရာတွေက ရှိနေတော့။ စဉ်းစားနေတာ အခြေအနေက ဆိုးလာမလား၊ ကောင်းလာမလားပေါ့၊ အခုတော့ မရတော့ဘူးထင်တာပဲ။ ပြန်ရမယ်လို့ထင်တယ်"
လက်ရှိလောက်ကိုင်မြို့ထဲမှာ ဒေသခံ ကိုးကန့်တွေ၊ လမ်းစရိတ်မရှိတဲ့လူတွေ၊ နာမကျန်းဖြစ်တဲ့လူတွေလောက်သာ ကျန်တော့ပြီး အများစုက နေရပ်ပြန်ကြသလို တရုတ်နယ်စပ်က ဒုက္ခသည်စခန်းတွေကို ထွက်ပြေးတဲ့လူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့ မနေ့ မနက်က စစ်ဘေးဒုက္ခသည်တွေလိုက်ပါလာတဲ့ ကားတစ်စီး လက်နက်ကြီးထိမှန်လို့ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်တာလို့ MNDAA အဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်း ကိုးကန့်အဖွဲ့ကပစ်ခတ်တာလို့ အပြန်အလှန် စွပ်စွဲပြောဆိုထားပါတယ်။
လောက်ကိုင်မြို့နယ်မှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းကြဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက နိုဝင်ဘာ ၂၄ ရက်နေ့မှာ သတိပေးလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
လောက်ကိုင်မြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ MNDAA က ကြေညာထားသလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်ရာတွေမှာ မနေကြဖို့ MNDAA ပြောဆိုထားပါတယ်။