ပြည်တွင်းမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်

မြန်မာစစ်တပ်ဟာ တရုတ်၊ ရုရှား၊ ဘဲလားရုစ်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေက စစ်လက်နက် ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူနေရုံမက ပြည်တွင်းမှာလည်း ထုတ်လုပ် နေပါတယ်။

Military Wiki ဆိုတဲ့ ကမ္ဘာ့ အွန်လိုင်း စစ်ရေးစစ်ရာ စွယ်စုံကျမ်းကတော့ ကြည်း၊ ရေနဲ့ လေ တပ်တွေအတွက် စစ်လက်နက် ၇၀ လောက်ထုတ်လုပ်တယ်လို့ ဖော်ပြပါတယ်။

မောင်းပြန်ရိုင်ဖယ်၊ စက်သေနတ်၊ စက်သေနတ်ငယ်၊ စနိုက်ပါ လက်ဖြောင့်ရိုင်ဖယ်၊ မော်တာနဲ့ လက်နက်ကြီး ကျည်၊ လေယာဉ်ပစ် ခဲယမ်းမီးကျောက်၊ တင့်ကားနဲ့ တင့်ကားဖျက် လက်နက်ခဲယမ်း၊ ဗုံး၊ လက်ပစ်ဗုံး၊ အူဇီ၊ လူသတ်မိုင်း၊ တလုံးထိုးလောင်ချာ၊ တောင်ဖြိုသေနတ်၊ ဟောင်ဝှစ်ဇာ၊ မီးခိုးဗုံး၊ လူအုပ်ခွဲကျည်၊ လေယာဉ်ပစ်စက်သေနတ် စတာတွေ ထုတ်လုပ်ပါတယ်။

ခြေလျင်တပ်အတွက် ချေမှုန်းရေး ရိုင်ဖယ်နဲ့ အပေါ့စား စက်သေနတ် အသစ်တွေလည်း ထုတ်လုပ်တယ်လို့ Military Wiki က ပြောပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခင်းကျင်းပြသတဲ့ ၂၀၁၉ ကာကွယ်ရေးနဲ့ လုံခြုံရေးရာပြပွဲမှာ ကာကွယ်ရေး စစ်လက်နက် ပစ္စည်းစက်ရုံထုတ် လက်နက်တွေကို မြန်မာတပ်က ပထမဆုံး ပြသချိန် တုန်းက MAS လက်ဖြောင့် သေနတ်က အရင်ကသုံးနေတာတွေနဲ့ ကွဲနေတယ်လို့ ပြောကြ ပါတယ်။ လက်နက်တွေက ခေတ်မီနေတယ်လို့လည်း စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့က ဦးနိုင်ဦးဆွေက အဲဒိတုန်းက ပြောပါတယ်။

“ ဒီဘက်က အဖွဲ့တွေကတော့ စိတ်ဝင်စားမှုများတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံက ပထမဆုံး စပြတာလည်း ဖြစ်တယ်။ လက်နက်တွေကလည်း တော်တော်လေး ကို ခေတ်မီတဲ့ အနေအထားမျိုးမှာ မြင်ရတဲ့အခါကျတော့ လက်နက် လေ့လာနေတဲ့ ကိုယ်တွေက ဒီပုံစံကို မြင်ရတဲ့အခါ တော်တော်အံ့သြပါတယ်။”

MA series မှာ အပေါ့စားစက်သေနတ်၊ ကာဘိုင် ဗုံးပစ်လောင်ချာတွဲ၊ ချေမှုန်းရေးရိုင်ဖယ်၊ ပစ္စတို၊ အဝေးပစ်မော်တာ၊ ကွန်မန်ဒိုမော်တာ၊ ဒုံးပစ်လောင်ချာ၊ စက်ကလေး၊ အူဇီစက် သေနတ်ကလေး၊ နောက်ပွင့်လောင်ချာ၊ အလတ်စားစက်သေနတ် ၊ စက်သေနတ်၊ စနိုက်ပါ ရိုင်ဖယ်စတာတွေ ပါဝင်ပါတယ်။

အဲဒီ MA series တွေဟာ ဂျာမနီ Heckler & Koch ရဲ့ ဒီဇိုင်းတွေ ဖြစ်ပေမယ့် ပြည်တွင်းမှာ ၁၉၆၀ ပြည့်လွန်နှစ်တွေက စလို့ ထုတ်လုပ်တာလို့ Military Wiki က ပြောပါတယ်။

ဒါကြောင့် စစ်တပ်ပိုင်စက်ရုံတွေက ထုတ်လုပ်နိုင်တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို စစ်တပ်က ပေါပေါများများ သုံးနိုင်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာက ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ ဈေးကြီးပေးပြီး ကျည်ဆန် ဝယ်ရတယ်လို့ နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံက PDF တွေက စစ်အာဏာ ဆန့်ကျင်ရေး တိုက်ပွဲဝင်ချိန်မှာ ရုရှားကျူးကျော် စစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံနဲ့ မြန်မာစစ်တပ် စစ်ရေးဆက်ဆံရေးက အဆင်ပြေ ချောမွေ့ပါတယ်။

"လက်နက်တွေကလည်း တော်တော်လေးကို ခေတ်မီတဲ့ အနေအထားမျိုးမှာ မြင်ရတယ်။"

ယူကရိန်းက တင်ပို့တဲ့ ပစ္စည်းတွေနဲ့ BTR-3U ရှစ်ဘီးပါ လူလိုက်ပါတဲ့ သံချပ်ကာကားတွေ မြန်မာနိုင်ငံမှာ ပူးတွဲ တပ်ဆင်ထုတ်လုပ်မယ့် စီမံကိန်းရှိနေတာပါ။

စစ်အာဏာ သိမ်းပြီးတဲ့နောက် လူထုကို နှိမ်နင်းချိန်မှာ အဲဒီ သံချပ်ကာကားတွေ တွေ့ရ ပေမယ့် သိပ်များများစားစားတော့ မဟုတ်ဘူးလို့ အမေရိကား အခြေစိုက် Global Security ကမ္ဘာ့လုံခြုံရေးရာ သုတေသန အဖွဲ့က ပြောပါတယ်။ ၂၀၀၃ ခုနှစ်မှာ ယူကရိန်းကနေ BTR-3U သံချပ်ကာကား ၁၀ စင်း ပေးပို့ထားတယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်စပ်လုပ်ကိုင်နေသူတွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar ကတော့ ယူကရိန်းနဲ့ မြန်မာစစ်တပ်ပူးပေါင်းထားတဲ့ စစ်လက်နက် ထုတ်လုပ်ရေး စီမံကိန်းက စိုးရိမ်စရာကောင်းတယ်လို့ မနှစ်က စက်တင်ဘာမှာ ပြောထားပါတယ်။

ယူကရိန်းနဲ့ မြန်မာစစ်တပ်အကြား လက်နက်ပွဲစားလုပ်သူဟာ Myanmar Chemical & Machinery မြန်မာဓာတုနဲ့ စက်ပစ္စည်း ကုမ္ပဏီလိမိတက် ထူထောင်သူ ဦးအောင်လှိုင်ဦး ဖြစ်ပြီး သူဟာ ဆာဘီးယား လက်နက်ပွဲစားလည်း ဖြစ်ပါတယ်။

မြန်မာလေတပ်အတွက် စစ်လက်နက်ပစ္စည်း တင်ပို့တဲ့အတွက် ဦးအောင်လှိုင်ဦးကို အမေရိကန် ဘဏ္ဍာရေးဌာနက ပြီးခဲ့တဲ့လက ပြစ်ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ တစ်ဖက်မှာ ဒီလို ရှိပေမယ့် မြန်မာစစ်တပ်ကတော့ စစ်လက်နက်ပစ္စည်းတွေ စုဆောင်း၊ ထုတ်လုပ်နေပါတယ်။