အာဇာနည်နေ့အခမ်းအနား NUG နဲ့ စစ်ကောင်စီ ကျင်းပ
2023.07.19
ဇူလိုင် ၁၉ ရက် ဒီနေ့ ကျရောက်တဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီက ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်မှာ ဒီနေ့မနက်ပိုင်းက လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ပြုလုပ်ခဲ့ရာမှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့်မပြုခဲ့ပါဘူး။
အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းတဲ့နှစ်ကစပြီး အာဇာနည်နေ့ အခမ်းအနားတွေကို တက်ရောက်ခွင့် မရတာ သုံးနှစ် ရှိသွားပါပြီ။
အရင်နှစ် အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီဒုဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ထိပ်တန်းအရာရှိအနေနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သာ တက်ရောက်ခဲ့ပါတယ်။
"ထိုင်သပိတ်လုပ်ပြီးတော့ အာဇာနည်ဗိမာန်မှာ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေကို အလေးပြုပြီးတော့ အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်တာမျိုးတွေ လုပ်တယ်"
သူနဲ့အတူ စစ်ကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုနဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ တက်ရောက်လာတာ တွေ့ရပါတယ်။
အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သား ဦးအောင်ဆန်းဦး အပါအဝင် သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇာတ်၊ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေး စတဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
နှစ်တိုင်း အာဇာနည်ခေါင်းဆောင်တွေအတွက် ဆုတောင်းမေတ္တာ ပို့သပါတယ်လို့ ဒီနေ့အခမ်းအနားကို တက်ရောက်လာတဲ့ အာဇာနည်ခေါင်းဆောင် ရဲဘော်ကိုထွေးရဲ့ မြေးဖြစ်သူ ဒေါ်လှိုင်ထွေးမော် က ပြောပါတယ်။
“နှစ်စဉ်နှစ်တိုင်း အရင်တုန်းကတော့ ကျွန်မရဲ့မိခင် ဒေါ်မမကြည်က အမြဲတမ်းလာပါ တယ်။ သူနဲ့ အတူတူပဲ သွားလေ့ရှိပါတယ်။ အခမ်းအနားတက်တယ်၊ ပြီးသွားရင် ဒီမှာ လာပြီးတော့ ဆရာကြီး ဦးရာဇာတ်နဲ့ တပည့် ပေါ့နော် နှစ်စဉ်နှစ်တိုင်း လာရောက်ပြီး တော့ မေတ္တာပို့တယ်၊ ဆုတောင်းတယ်”
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် အာဇာနည်နေ့အခမ်းအနား တက်ရောက်ခွင့် မပေးသလဲ ဆိုတာသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အွန်လိုင်းကနေ အာဇာနည်နေ့ အခမ်းအနားလုပ်ခဲ့ပြီး စစ်အာဏာရှင်တွေ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် စည်းစည်းလုံးလုံးနဲ့ ဆက်လုပ်သွားမယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။
“ဒီကနေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ ခေတ်အဆက်ဆက် ကျဆုံးခဲ့တဲ့ အာဇာနည်အပေါင်းကို အမှန်တကယ် လေးစားသောအားဖြင့် ကျွန်တော်တို့ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းပြီး စစ်အာဏာရှင်ကို အပြီးသတ်တွန်းလှန်ကာ အရင်က မကြေနိုင်ခဲ့တဲ့ နိုင်ငံရေး ကတိကဝတ်များကို ရဲရဲရင့်ရင့် ဆက်လက်ဖော်ဆောင် နိုင်အောင် ကြိုးစားသွားကြဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်”
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်မှသာ ပြည်သူတစ်ရပ်ရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို အပြည့်အဝရမယ်လို့ မန်းဝင်းခိုင်သန်း က ပြောပါတယ်။
စစ်ကောင်စီဟာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ကိုးဦး အတွက် နှစ်စဉ် ဂုဏ်ပြုအခမ်းအနားတွေ ပြုလုပ်နေပေမယ့် အာဇာနည်ခေါင်းဆောင်တွေကို လေးစားမှု မရှိသလို၊ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မူဝါဒကို လိုက်နာတာလည်း မရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးအကျဉ်းချထားပြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုနေတာဟာ ဟန်ပြသက်သက် လုပ်ရပ်သာဖြစ်တယ်လို့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ရန်ကုန်မြို့ပေါ် မြို့တော်ခန်းမအနီးက မဟာဗန္ဓုလပန်းခြံ၊ အင်းလျားကန်ပေါင် အပါအဝင် နေရာအချို့နဲ့ မန္တလေးမြို့ ကျုံးအနီးမှာတော့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေက “အလံမလိပ်တဲ့ အညာသပိတ်” ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင် ၁၈ ရက် ညကတော့ ညသပိတ်ဆင်နွှဲတာတွေကို သပိတ်အင်အားစုတွေက လုပ်ဆောင်ခဲ့ ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီနေ့ ပုံသဏ္ဌာန်မျိုးစုံနဲ့ လုပ်ဆောင်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ အဖွဲ့ဝင် ကိုရှင်းသန့် က ပြောပါတယ်။
“မုံရွာမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ နယ်မြေခံ အခြေခံပညာ ကျောင်းသားသမဂ္ဂတွေရယ်၊ ရွာပေါင်းစုံ သပိတ်အင်အားစုတွေရယ် ပေါင်းပြီးတော့ သပိတ်လှည့်တယ်ပေါ့လေ။ သပိတ် လှည့်ပြီးတဲ့အခါမှာ ၁၀ နာရီ ၃၇ မိနစ် မတိုင်ခင်မှာ ကျွန်တော်တို့ ထိုင်သပိတ်လုပ်တယ်။ ထိုင်သပိတ်လုပ်ပြီးတော့ အာဇာနည် ဗိမာန်မှာ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေကို အလေးပြုပြီးတော့ အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်တာမျိုးတွေ လုပ်တယ်ခင်ဗျ”
မုံရွာမြို့လယ်က နာရီစင်အနီးမှာလည်း ဆန္ဒပြစာတန်း ချိတ်ဆွဲတာ၊ ကားတာယာကွင်း မီးရှို့ဆန္ဒပြတာတွေကို မုံရွာလူငယ်များ အစည်းအရုံးက လုပ်ဆောင်ခဲ့ပါတယ်။ အလားတူ စစ်ကိုင်း၊ ယင်းမာပင်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း အာဇာနည်နေ့ အထိမ်းအမှတ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။