မော်လမြိုင်မှာ လေပြင်းတိုက်လို့ အဆောက်အအုံ ငါးရာကျော်ပျက်စီး

0:00 / 0:00

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မနေ့ညပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ်ငါးရာကျော်နဲ့ စာသင်ကျောင်း လေးကျောင်း အမိုးလန်ပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

မနေ့ညပိုင်း ၁၀ နာရီကျော်လောက်က မော်လမြိုင်မြို့မှာ လေပြင်းတိုက်ခတ်ပြီး ရဲဘော်ကုန်းရပ်ကွက်နဲ့ ရွှေမြိုင်သီရီရပ်ကွက်တွေမှာရှိတဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ကပြောပါတယ်။

ရဲဘော်ကုန်းရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်းနှစ်ကျောင်းနဲ့ လူနေအိမ် ၁ဝ လုံး အမိုးလန်ပျက်စီးခဲ့သလို ရွှေမြိုင်သီရီရပ်ကွက်မှာ လူနေအိမ် ၁ဝဝ နီးပါးလောက် အလားတူပျက်စီးခဲ့ပြီး လူနေအိမ် ငါးလုံးထက်မနည်း ပြိုကျပျက်စီးခဲ့တယ်လို့ ကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။

ဒါ့အပြင် သစ်ပင်လဲတာတွေ၊ ဓာတ်တိုင်လဲတာတွေလည်းဖြစ်နေပြီး လက်တလောမှာ ပျက်စီးတဲ့နေအိမ်တွေ အချက်အလက်တွေကို အစိုးရအဖွဲ့က ကောက်ခံနေပြီး အတိအကျမသိရသေးပါဘူး။

ဒီလေပြင်းတိုက်ခတ်တာကြောင့် ပျက်စီးဆုံးရှုံးတာတွေများနိုင်တယ်လို့ ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)