စစ်ကိုင်းတိုင်းဟာ နေ့တိုင်းလိုလို လက်နက်ကိုင် တိုက်ပွဲတွေရှိနေပြီး၊ တစ်ဖက်မှာလည်း စစ်ကောင်စီကို အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုတွေ အခု အောက်တိုဘာလဆန်းကစပြီး ပြန်များလာတာ တွေ့ရပါတယ်။ ကနီ၊ မင်းကင်း၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကလေး၊ ခင်ဦး၊ ရေဦးနဲ့ ချောင်းဦး စတဲ့မြို့နယ်တွေမှာ ဒေသခံတွေ ရာနဲ့ချီပါဝင်နေကြတာလို့ သပိတ်အင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဘဏ္ဍာရေးထဲ ငွေတွေမရောက်အောင် သွေးစွန်းငွေ ဖြတ်တောက်ဖို့၊ စစ်တပ်ထုတ်ကုန် တွေမသုံးဘဲ သပိတ်မှောက်ဖို့၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့စတဲ့ တောင်းဆိုချက်တွေနဲ့ ပုံစံမျိုးစုံ လှုပ်ရှားနေကြတာပါ။
"စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံတဲ့ ပြည်သူလူထုကလည်း အများစုကြီး ကျန်နေတယ်"
အခုလို လူထုလှုပ်ရှားမှုတွေ ပြန်အားကောင်းလာဖို့ မြို့နယ် သပိတ်အင်အားစုတွေက တိုင်းအဆင့် သပိတ်အင်အားစု ကော်မတီတစ်ရပ်ကို အောက်တိုဘာ ၁ ရက်နေ့က စတင်ဖွဲ့စည်းပြီး ကြိုးစားခဲ့တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက RFA ကို ပြောပါတယ်။
“ခင်ဦးတို့ ရေဦးတို့ ဒီလိုနေရာတွေမှာ လူထုလှုပ်ရှားမှုတွေ ပိုပြီးပေါ်ပေါက်လာတာလည်း တွေ့ရတယ်။ ဒါတွေက သိသိသာသာ ပိုပြီးအားကောင်းလာတဲ့ အချက်တွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက လက်နက်ကိုင်နိုင်တဲ့ အရေအတွက်က အကန့်အသတ်ရှိနေတယ်။ တစ်ဖက်မှာက စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံတဲ့ ပြည်သူလူထုကလည်း အများစုကြီး ကျန်နေတယ်။ အဲဒီကျတော့ ပြည်သူလူထုအများစု ပါဝင်နိုင်တဲ့ လှုပ်ရှားမှုတွေမှာ လူထုက အခုချိန်အထိ ပူးပေါင်းပါဝင်ရင်းနဲ့ စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံဘူးဆိုပြီး ပြနေတာပေါ့’’
ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ သပိတ်အင်အားစု ၄၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အကြမ်းဖက်နှိမ်နင်းနေပေမယ့် ပြည်သူတွေကတော့ လှုပ်ရှားမှုတွေမှာ ခက်ခက်ခဲခဲ ပါဝင်နေတယ်လို့ ကနီသပိတ်အင်အားစု ကော်မတီက တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီလိုအဆက်မပြတ် လှုပ်ရှားတော့ ကိုယ့်ဘက်က ထောက်ခံနေတယ်၊ အားလည်း မကျသွားအောင် လှုပ်ရှားကြတာပါ။ စိတ်ဓာတ်တွေလည်း ပိုပြီးခိုင်မာအောင် လုပ်ကြတာပေါ့။ စစ်ကိုင်းတိုင်းက လှုပ်ရှားမှု အားကောင်းပါတယ်၊ သတင်းတွေမှာ ပါတဲ့အတိုင်းပဲ။ ခဲရာခဲဆစ်ကြားထဲက လှုပ်ရှားကြတာပါ’’
အဲဒီအပြင် စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းနေပေမယ့် ပြည်သူတွေက မခံချင်စိတ်နဲ့ လှုပ်ရှားနေတာ မဟုတ်ဘဲ ယုံကြည်ချက်နဲ့ တွန်းလှန်နေတာလို့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က RFA ကို ပြောပါတယ်။
“ပြည်သူလူထုရဲ့ ဘဝပေးအသိက မြင့်မြင့်မားမားမှာ ရှိနေတယ်။ မခံချင်စိတ်တစ်ခုတည်းနဲ့ မဟုတ်တော့ဘဲနဲ့ ဒီတစ်ခါ စစ်အာဏာရှင်ကို တွန်းလှန်တာက ယုံကြည်ချက်တော့ပါပါလာတယ်။ ဒီလိုမျိုးသာ ရှေ့လျှောက် ဒီလိုလူတွေ အုပ်ချုပ်တာခံနေရမယ်ဆိုရင် တိုင်းပြည်ရော၊ ပြည်သူလူထုရော ရှေ့ဆက် ကောင်းနိုင်စရာ မရှိဘူးဆိုတဲ့ အသိက ပြည်သူလူထုရင်ထဲမှာ အမြစ်တွယ်နေပြီလို့ ယူဆတယ်။ စစ်ကောင်စီဘက်က ဘယ်လောက်အကြောက်တရားတွေ ရိုက်ထည့်၊ ရိုက်ထည့် ပြည်သူလူထုဘက်က လုံးဝနောက်ဆုတ်မသွားဘဲနဲ့ ပုံစံမျိုးစုံနဲ့ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်နေတယ်။ တော်လှန်ရေးကာလ နှစ်နှစ်ကျော် သုံးနှစ်ထဲ ဝင်ရောက်လာတာတောင်မှ အားပျော့သွားတာ၊ အားလျော့သွားတာ မရှိပါဘူး”
စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်ထုတ်ကုန်တွေကို ရောင်းဝယ်ဖောက်ကားတာ၊ သုံးစွဲတာတွေ မလုပ်ဘဲ သပိတ်မှောက်ဖို့ ပညာပေးဆော်သြတာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ သူတို့ဒေသမှာ နယ်မြေ ၇၀ ရာခိုင်နှုန်းနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တဲ့ အတွက် လူထုလှုပ်ရှားမှု လုပ်နိုင်တာလို့ ပြောပါတယ်။
“ကျွန်တော်တို့ မြို့နယ်ဆိုတာ အကျယ်ကြီးပါ။ ၇၀ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်း ပ.က.ဖ တွေနဲ့ တပ်ရင်းတွေအလိုက် ထိန်းချုပ်ထားတယ်။ တပ်စခန်းတွေက ရှိနေတာ မှန်တယ်။ အဲဒီစခန်းတွေကနေ ထွက်တာနဲ့ ကျွန်တော်တို့ နယ်မြေထဲ တန်းရောက်တော့တာပဲ။ သူတို့မှာက လာထိုင်ထားပေမယ့် သူတို့ နယ်မြေလို့ ပြောလို့ မရတော့ဘူး။ ကျွန်တော်တို့ နယ်မြေထဲလာပြီး လက်နက်နဲ့၊ စခန်းနဲ့ လာထိုင်တဲ့ အဆင့်ပဲရှိတော့တယ်။ စခန်းက ထွက်လာတာနဲ့ ရန်သူ့နယ်မြေထဲ တန်းရောက်တော့တာပဲ”

လူထုလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေတဲ့ ဒေါက်တာတေဇာစန်းကတော့ စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ လက်ရုံးရည်ရော၊ နှလုံးရည်ရောနဲ့ ရှေ့တန်းတပ်ဦးကနေ ပါဝင်နေတာလို့ မှတ်ချက်ပြု ပြောပါတယ်။
“ပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ လက်ရုံးရည်အရ ခုခံတွန်းလှန်စစ်ဆိုတဲ့ နည်းနာနဲ့ ခုခံတွန်းလှန်နေကြသလို တစ်ဖက်ကလည်း နှလုံးရည်အရ လူထုတိုက်ပွဲဆိုတဲ့ တိုက်ပွဲမဏ္ဍိုင်ကြီးနဲ့လည်း ဖော်ဆောင်နေကြတာ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် စစ်ခွေး သင်္ချိုင်း စစ်ကိုင်းတိုင်းဆိုတဲ့ ကြွေးကြော်သံတွေအတိုင်းပါပဲ၊ တစ်ဖက်ကလည်း လူထုတိုက်ပွဲတွေ ကြွေးကြော်သံတွေ နေ့စဉ်နဲ့အမျှ ဆင်နွှဲနေတဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းဒေသဟာ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတာဖြစ်တယ်”
လူထုလှုပ်ရှားမှုတွေပြုလုပ်ရတာဟာ စစ်တပ်အာဏာသိမ်းကာလ ကြာရှည်လာပေမယ့် ပြည်သူတွေက စစ်ကောင်စီကို ကန့်ကွက်ဆန့်ကျင်နေကြဆဲပဲဆိုတာ နိုင်ငံတကာကိုပြဖို့ ရည်ရွယ်တာလို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့သူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိတယ်လို့ သိရပါတယ်။
