ဧရာဝတီမှာ စစ်ရေးပြင်းထန်လာနိုင်ကြောင်း လေ့လာသူတွေပြော

RFA Burmese
2024.12.29
ဧရာဝတီမှာ စစ်ရေးပြင်းထန်လာနိုင်ကြောင်း လေ့လာသူတွေပြော ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပြည်သူ့စစ်မှုထမ်းများအား စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့စဥ်။
Myanmar Military

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို အလုံးစုံထိန်းချုပ်ပြီးရင် ဧရာဝတီတိုင်းဘက်မှာလည်း ထိုးစစ်တွေရှိလာနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ရခိုင်ရိုးမနဲ့နီးတဲ့ ဧရာဝတီတိုင်းထဲကမြို့တွေဖြစ်တဲ့ ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ ကြံခင်း စတဲ့ မြို့နယ်က စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး တိုးမြှင့်ထားပြီး ရေကြည်မြို့နယ် အမှတ် (၃၄၄) အမြောက်တပ်ထဲမှာလည်း ခံစစ်ပြင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာလည်း ဧရာဝတီတိုင်းစစ်ဌာနနဲ့ အမှတ် (၂၉) ဗျူဟာကို ဖွဲ့စည်းလိုက်တာကြောင့် မကြာခင် ဧရာဝတီတိုင်းမှာ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဧရာဝတီဗျူဟာတို့ ဘာတို့ ဖွဲ့ထားတာတွေလည်း ရှိတာကိုး။ စစ်ရေးကတော့ အနှေးနဲ့ အမြန်တော့ လာမှာပဲ။ ဟိုးတုန်းကတည်းက အမ်းတို့၊ ငပလီတို့ မောင်တောတို့ ဘာတို့ကို တိုက်နေပြီဆိုတဲ့ အချိန်တည်းက ကျွန်တော်တို့ ဧရာဝတီရဲ့ PDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ခဲ့တာပေါ့။ တိုက်ခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ ဒီတော်လှန်ရေးကာလမှာ ထွက်လာတဲ့ ဧရာဝတီသားတွေက တိုက်ရည်ခိုက်ရည် တော်တော်လေး ပြည့်ပြည့်စုံစုံနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရှိထားကြပြီပေါ့။ EROs တွေနဲ့ ကျွန်တော်တို့ ဒီဘက်က NUG အစိုးရရဲ့ COC အောက်ကနေပြီးတော့ သွားပြီးတော့ ဧရာဝတီထဲကိုလည်း ကျွန်တော်တို့ စစ်ရေးတွေ ရောက်လာနိုင်တဲ့ အတိုင်းအတာတွေတော့ ရှိတာပေါ့"

"ဧရာဝတီဗျူဟာတို့ ဘာတို့ ဖွဲ့ထားတာတွေလည်း ရှိတာကိုး။ စစ်ရေးကတော့ အနှေးနဲ့ အမြန်တော့ လာမှာပဲ"

ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ပုသိမ်အခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တွေနဲ့ တွေ့ဆုံချိန် ဧရာဝတီတိုင်းမှာ စစ်ရေးသတိရှိဖို့နဲ့ တိုက်ပွဲဝင်ဖို့အတွက် အသင့်ရှိရမယ်လို့ ပြောခဲ့ပါတယ်။

ဒုတိယ စစ်ခေါင်းဆောင်ရဲ့ ဧရာဝတီခရီးစဉ်ဟာ စစ်ရေးပြင်ဆင်ဖို့နဲ့ တပ်တွင်း စည်းရုံးရေးဆင်းတာဖြစ်လို့ ဧရာဝတီအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်က ခံစစ်ပြင်နေ

ရေကြည်မြို့နယ်က ရခိုင်စစ်ဘေးဒုက္ခသည်တွေ ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ် ညွှန်ကြား

ဧရာဝတီတိုင်းမှာ စစ်ရေးသတိရှိဖို့ ဒုစစ်ခေါင်းဆောင် ပြော


တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က လေယာဉ်ကွင်းနဲ့ ရဟတ်ယာဉ်ကွင်းတွေ တိုးချဲ့ဖောက်လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေကြည်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ညဘက် မထွက်ရတာတို့၊ ထွက်ရင်ဆွဲတာတို့ အထူးသဖြင့် လူငယ်တွေအတွက် တော်တော်ကြီး အန္တရာယ်များတာပေါ့။ နောက် ရေကြည်မြို့နယ်ထဲမှာ အဲဒီ ဟတ်စကီးကွင်းတွေ အသစ်ဆောက်တာပေါ့။ အမြောက်တပ်မှာလည်း ဆောက်တာရှိတယ်။ ရေကြည်ကျတော့ ဂွနဲ့က တအားနီးတာကိုး"

ဧရာဝတီတိုင်းထဲမှာ တိုက်ပွဲဖြစ်လာနိုင်တာကြောင့် စားနပ်ရိက္ခာအတွက် ပြင်ဆင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ဖြစ်လာလို့ရှိရင် ကိုယ်လည်း ပြေးရမယ်၊ မပြေးရဘူးဆိုတာ ပြောလို့ မရဘူးလေ။ ကိုယ့်နေရာတွေနဲ့ နီးစပ်မှုရှိတဲ့အခါကျတော့ ကိုယ်လည်း ကြိုတင်ပြင်ဆင်မှုဆိုတာ စားနပ်ရိက္ခာပေါ့။ အဲဒါတွေ၊ ငွေကြေးပိုက်ဆံတွေ လုံခြုံအောင်ထား၊ လုံခြုံအောင်လုပ်၊ နောက်ပြီးတော့ ဘယ်လိုဆိုတာ အကျိုးအကြောင်း မသိတဲ့အတွက် နဂိုကဆို ကျွန်တော့်မိသားစုက ဆန်တစ်အိတ်ဝယ်ရင် တစ်လစားရတယ်လေ။ အဲဒီလို မဝယ်ရဲဘူး"

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံ့သာ စစ်ဆေးရေးဂိတ်အား ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံ့သာ စစ်ဆေးရေးဂိတ်အား ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်ကို ပြောက်ကျားထိုးစစ်တွေရှိလာနိုင်ပြီး AA ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုတွေမှာ ကူညီလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။

"ငါးသိုင်းချောင်းဘက်မှာ ရှိနေတဲ့ မြစ်ဝကျွန်းပေါ်က ကျွန်တော်တို့ PDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေကလည်း AA နဲ့ ဆက်စပ်လှုပ်ရှားနေတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဂွ အလွန်ကတော့ မြစ်ဝကျွန်းပေါ်မှာရှိနေတဲ့ PDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေကို လှုံ့ဆော်အားပေးတဲ့ လှုပ်ရှားမှုတွေကို AA တပ်ဖွဲ့အနေနဲ့နော် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လာလိမ့်မယ်လို့ ကျွန်တော်တို့တော့ မျှော်လင့်ပါတယ်"

ဧရာဝတီတိုင်းက စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်း လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ဒီဇင်ဘာလ တတိယပတ်အတွင်း ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နဲ့ မိုင်နှစ်ဆယ်ကျော်သာဝေးတဲ့ ရခိုင်ပြည်နယ် ဂွမြို့နဲ့ ငါးသိုင်းချောင်းကားလမ်းက စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗေဒါဂိတ် အပါအဝင် ဒေါင့်ချောင်းနဲ့ ဗောဓိ စစ်ဆေးရေးဂိတ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။